Tuesday, February 18, 2025

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ MSMEs စီးပွားရေးလုပ် ငန်းများဆောင်ရွက်နေမှု ကြည့်ရှုအားပေးခြင်း၊ မုံရွာကုန်စည်ဒိုင်အတွင်း ပဲမျိုးစုံ ရောင်းဝယ်နေမှုများအား ကြည့်ရှုခြင်းနှင့် မုံရွာကုန်စည်ဒိုင်အသင်းအဖွဲ့များနှင့်တွေ့ဆုံ

 



မုံရွာ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ တစ်ရက်လျှင် လက်ဖက်ညွန့်၊ လက်ဖက်ချဉ်စပ်နှင့် ပဲစုံနှစ်ပြန်ကြော်အထုပ် ၁၃၀ ပါ၊ ဂျက်ဖာ ၁၀၀၀ ဝန်းကျင်ထုတ်လုပ်နေသည့် “ပွဲတော်အုပ်” လက်ဖက်ညွန့်၊ လက်ဖက်ချဉ်စပ်နှင့် ပဲစုံနှစ်ပြန်ကြော် လုပ်ငန်းခွင်သို့ရောက်ရှိရာ လုပ်ငန်းတာဝန်ခံမှ လက်ဖက်ညွန့်၊ လက်ဖက်ချဉ်စပ်နှင့် ပဲစုံနှစ်ပြန်ကြော် ဆိုဒ်အမျိုးမျိုးထုတ်လုပ်နေမှု၊ ထုပ်ပိုးနေမှုများ၊ သိုလှောင်ထားရှိမှုများနှင့် ကုန်ကြမ်းစုဆောင်းထားရှိမှုများအား လိုက်လံရှင်းလင်းပြသသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ဖက်ညွှန့်၊ လက်ဖက်ချဉ်စပ်နှင့် ပဲစုံနှစ်ပြန်ကြော်အမျိုးမျိုးအား နိုင်ငံခြားဈေးကွက်သို့ တင်ပို့ရောင်းချရေး၊ ထုတ်ပိုးမှုပုံစံ သစ်လွင်သပ်ရပ်ရေး၊ သန့်ရှင်းလတ်ဆက်မှုရှိစေရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးတို့အတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရေးတို့အား မှာကြားကာ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ မုံရွာစက်မှုဇုန်အတွင်း တစ်ရက်လျှင် ၁ တင်းခွဲဝင် အိတ် ၃၀၀ ထုတ်လုပ် ကြိတ်ခွဲနေသည့် “ငြိမ်းချမ်းရေး” ပဲခွဲစက်သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ကုလားပဲခြမ်း ကြိတ်ခွဲနေမှုများအား လိုက်လံရှင်းလင်းပြသသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြိတ်ခွဲပြီးကုလားပဲခြမ်းများအား သန့်ရှင်းသပ်ရပ်အောင် ထုတ်ပိုးရေး၊ ဈေးကွက်သို့ ဈေးနှုန်းသင့်တင့်စွာဖြင့် ရောင်းချသွားရေးတို့အား မှာကြားကာ လိုက်လံရှင်းလင်းပြသများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ မုံရွာစက်မှုဇုန်အတွင်း တစ်ရက်လျှင် ပိဿာ ၁၀၀ ဝင်၊ အိတ်ပေါင်း ၂၀၀ ကျော် ကြိတ်ခွဲနေသည့် “ပါဝါ” ဂျုံစက်ရုံသို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ခေတ်မီစက်ကြီးများဖြင့် ဂျုံကြိတ်ခွဲနေမှုများနှင့် ထုတ်ပိုးနေမှုများအား လိုက်လံရှင်းလင်းပြသသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စက်ရုံအတွင်း ဂျုံကြိတ်ခွဲနေမှုများနှင့် ထုတ်ပိုးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောင်မင်္ဂလာရပ်ကွက်ရှိ မုံရွာကုန်စည်ဒိုင်သို့ရောက်ရှိရာ တာဝန်ရှိသူများက မုံရွာမြို့နှင့် အခြားမြို့နယ်များမှ ထွက်ရှိသည့် သီးနှံမျိုးပေါင်း ၃၆ မျိုးကျော်အား ရောင်းဝယ်နေမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ကုန်သည်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာကုန်စည်ဒိုင်အတွင်းရှိ အစည်းအဝေးခန်းမတွင် မုံရွာကုန်စည်ဒိုင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နှုတ်ဆက်အမှာစကား ပြောကြားသည်။

ယင်းနောက် မုံရွာကုန်စည်ဒိုင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိမိတို့လုပ် ကိုင်ရောင်းဝယ်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်ဆည်းပေးလိုသည်များအား ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။          

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments:

Post a Comment