Tuesday, February 18, 2025

မဲခေါင်ဒေသတွင်းဖန်တီးမှု ရုပ်ရှင်ပွဲတော် (ရိုးရာအားကစားနှင့် ရိုးရာအစားအစာ) ဖွင့်ပွဲအခမ်းအနား ကျင်းပ

 


ရန်ကုန် ဖေဖော်ဝါရီ ၁၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) က ဦးဆောင်ကျင်းပသည့် မဲခေါင်- ကိုရီးယားပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေအစီအစဉ် (MKCF)အရ မဲခေါင်ဒေသတွင်းဖန်တီးမှု ရုပ်ရှင်ပွဲတော် (ရိုးရာအားကစားနှင့် အစားအစာများ) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြဝတီမီဒီယာစင်တာ Ball Room ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ အစီအစဉ် (MKCF)မှ တာဝန်ရှိသူများ၊ မဲခေါင်-ကိုရီးယားနိုင်ငံများမှ စီမံကိန်းအကြံပေးပညာရှင်များ၊ မှတ်တမ်းရုပ်ရှင်အကဲဖြတ်ဒိုင်များ၊ စီမံကိန်းစီမံကွပ်ကဲရေးအဖွဲ့ (PIA TEAM)အဖွဲ့ဝင်များ၊ မှတ်တမ်းရုပ်ရှင်များ ရေးသားရိုက်ကူးဖန်တီးကြသည့် ဒေသတွင်းနိုင်ငံများမှ လူငယ်အနုပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အဖွင့်အမှာစကားပြောကြားသည်။ 

ယင်းနောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်က စီမံကိန်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြပြီး MKCF ၏ Project Coordinator Ms. Mi Jung Imက အစီအစဉ် မိတ်ဆက်စကားပြောကြားကာ တောင်ကိုရီးယား အနုပညာတက္ကသိုလ် (K-Art) မှ ပါမောက္ခနှင့် ကမ္ဘောဒီးယားမှ တာဝန်ရှိသူတို့က မှတ်တမ်းရုပ်ရှင်ဖန်တီးမှုအတတ်ပညာ ဆိုင်ရာများကို ဆွေးနွေးပို့ချကြသည်။

ဆက်လက်၍ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှရိုက်ကူးထားသည့် ရိုးရာအားကစားနှင့် ရိုးရာအစားအစာမှတ်တမ်းရုပ်ရှင်များကို ပြသပြီး တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများကပြန်လည်ဖြေကြားကြသည်။

အဆိုပါ မဲခေါင်ဒေသတွင်း ဖန်တီးမှုရုပ်ရှင်ပွဲတော် (ရိုးရာအားကစားနှင့် အစားအစာများ) အစီအစဉ်ကို မြဝတီမီဒီယာစင်တာတွင် ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ မဲခေါင်ဒေသတွင်း လူငယ်ရုပ်ရှင်ဖန်တီးသူများ၏ ရိုးရာအားကစားနှင့် ရိုးရာအစားအစာအကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်များကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment