နေပြည်တော် ဖေဖော်ဝါရီ ၁၉
၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့
တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမျိုးသန့်၊ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့်
ပြည်ထောင်စုဝန်ကြီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ၊
ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/
ပြည်နယ် အစိုးရအဖွဲ့များမှ သတ်မှတ်ပေးထားသော ဒေသဈေးနှုန်းနှင့် ကိုက်ညီမှုရှိ / မရှိနှင့်
စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိ/ မရှိတို့ကို စနစ်တကျစစ်ဆေးရန်လိုကြောင်း၊
တည်ဆောက်ရေးလုပ်ငန်းများအတွက် ကော်မတီအဖွဲ့ဝင်ဝန်ကြီးဌာနများမှ အင်ဂျင်နီယာများအား
ခန့်မှန်းခြေစာရင်းများစိစစ်ရာတွင် သိရှိလိုက်နာရမည့် စံနှုန်းသတ်မှတ်ချက်များ တစ်ပြေးညီဖြစ်စေရေးအတွက်
သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ
အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရည်အသွေးထိန်းသိမ်းရေးအဖွဲ့တို့ဖြင့် ကြီးကြပ်စစ်ဆေးပြီး
သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် လုပ်ငန်းများ ရရှိလာအောင် ကြိုးပမ်းဆောင်ရွက်ကြရန်
တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
ညွှန်ကြားရေးမှူးချုပ်က ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့်
ဘဏ္ဍာငွေရသုံးခန့်မှန်းခြေငွေစာရင်းများ ရေးဆွဲ တင်ပြရာတွင် လိုက်နာဆောင်ရွက်ရန်အချက်များ၊
တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာရေးနှစ် အတွင်း ပြီးစီးရေး လိုက်နာဆောင်ရွက်ရမည့် ဘဏ္ဍာရေးဆိုင်ရာ
စည်းမျဉ်း၊ စည်းကမ်းများ၊ မူဝါဒ များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြသည်။
ဆက်လက်၍ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ
အတွင်းရေးမှူးက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအရ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်
တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍
ရှင်းလင်းတင်ပြပြီး အစည်း အဝေးသို့ တက်ရောက်လာသော ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့်
သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက မိမိတို့နှင့်သက်ဆိုင်သည့် ကဏ္ဍအလိုက်
ရှင်းလင်းတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ
လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

No comments:
Post a Comment