ဒေါက်တာမျိုးကြွယ်
နိုင်ငံတကာစိုက်ပျိုးရေးပညာ သင်ကြားသော တက္ကသိုလ်များရှိ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသော သီးခြားဌာနအသစ်များ (New Departments)၊ အထူးပြုဘာသာရပ်အသစ်များ (New Majors/Specializations/Subjects) (အဆက်)
ဒေါက်တာတင်လှိုင် (စာရေးဆရာဘိုးလှိုင်)
၏ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ (World Top Universities) စာအုပ်နှင့် စာရေးသူ၏ လေ့လာမှုအရ
တက္ကသိုလ်ကောင်းတစ်ခု၏ အဖိုးတန်အင်္ဂါရပ်များကို အကဲဖြတ်ပုံအမျိုးမျိုးရှိပါသည်။
(၁) တက္ကသိုလ်သမိုင်းအစဉ်အလာနှင့်
သက်တမ်းရှည်ကြာသည့် (Good and Long History) ဂုဏ်ယူလောက်သော တက္ကသိုလ်ပရဝုဏ်
(University Campuses) နှင့် အဆောက်အအုံများရှိခြင်း
တက္ကသိုလ်အတော်များများ၏ ပင်မအဆောက်အအုံများသည်
နိုင်ငံကဂုဏ်ယူသော အမျိုးသားအထိမ်းအမှတ်အဆောက်အအုံ(National Land-mark) များအဖြစ် တည်ရှိနေပါသည်။
ဥပမာ - ဘွဲ့နှင်းသဘင်အဆောက်အအုံများ (Convocation Halls/ Buildings)
(၂) တက္ကသိုလ်မှ မွေးထုတ်လိုက်သော
ဘွဲ့ရများ သည် တက္ကသိုလ်အမည်ကြည့်ပြီး အလုပ်အကိုင်ကောင်းများ (Higher Jobs Rate) ရရှိကြခြင်း
တချို့တက္ကသိုလ်များတွင် သင်ယူလိုက်သော
ပညာများနှင့် ရရှိသောအလုပ်အကိုင်များ တွဲဖက်မိပါသည်။ (Perfect Matching between
Graduates and Employability) ဥပမာ - စင်ကာပူအမျိုးသားတက္ကသိုလ်မှ ၂၀၂၃ ခုနှစ် ဥပဒေဘွဲ့ရများ၏
၉၆ ဒသမ ၉ ရာခိုင်နှုန်းက အချိန်ပြည့်အမြဲတမ်းဝန်ထမ်း (Full-time Permanent
Employment) ပျမ်းမျှ လစာစင်ကာပူဒေါ်လာ ၇၀၀၀ ဖြင့် လည်းကောင်း၊ ကွန်ပျူတာသိပ္ပံဘွဲ့ရများ၏
၉၁ ဒသမ ၈ ရာခိုင်နှုန်းက အချိန်ပြည့် အမြဲတမ်းဝန်ထမ်းပျမ်းမျှလစာ စင်ကာပူဒေါ်လာ ၆၃၃၃
ဖြင့်လည်းကောင်း အလုပ်ရရှိသည်ဟု ဂုဏ်ယူစွာ ကြေညာကြပါသည်။ ထိုအခါ ယင်းတက္ကသိုလ်များသို့
ဝင်ခွင့်ရရှိရန် ထူးချွန်သော ကျောင်းသား ကျောင်းသူများ အပြိုင်အဆိုင်လျှောက်ကြပါတော့သည်။
(၃) တက္ကသိုလ်၏ နိုင်ငံတကာဆက်သွယ်ရေး
(International Relations) ကောင်းမွန်ခြင်း
နိုင်ငံတကာမှ အတော်ဆုံး ဆရာ ဆရာမ၊ သုတေသနပြုလုပ်နိုင်မည့်
ကျောင်းသား ကျောင်းသူများကို များများဆွဲဆောင်နိုင်လေလေ တက္ကသိုလ်ဂုဏ်တက်လေလေဖြစ်ပါသည်။
ဥပမာ- ကိုလံဘီယာတက္ကသိုလ် (Columbia University, US)သည် အီဂျစ်နွယ်ဖွားဗြိတိန်နိုင်ငံသူ
ဒေါက်တာ မီနိုဗစ်ရှာဗစ် (Dr. Minouche Shafik) ကို ပါမောက္ခချုပ်အဖြစ် ခန့်အပ်ခဲ့ခြင်း၊
စင်ကာပူအမျိုးသားတက္ကသိုလ် (NUS - National University of Singapore) တွင်လည်း နိုင်ငံခြားသားပါမောက္ခ
၁၂ ဦးခန့်အထိ ခန့်ထားလုပ်ဆောင်နေခြင်း စသည်တို့ တွေ့ရှိနိုင်ပါသည်။
(၄) တချို့အကဲဖြတ်မှုက နိုင်ငံတကာဆုများ
(Higher Nobel Laurates) ရရှိခြင်း
ဥပမာ - နိုဘယ်ဆုများများရသော တက္ကသိုလ်
ဆရာ ဆရာမ၊ သုတေသနပညာရှင် များများရှိလေလေ တက္ကသိုလ်အဆင့် တက်လေလေဖြစ်ပါသည်။ ဟားဗတ်တက္ကသိုလ်
(Harvard University, US) နိုဘယ်ဆုရှင် ၁၆၀ ကျော်၊ ကိန်းဘရစ်တက္ကသိုလ် (University
of Cambridge, UK) နိုဘယ်ဆုရှင် ၁၂၀ ကျော်၊ ချီကာဂိုတက္ကသိုလ် (University of
Chicago, US) နိုဘယ်ဆုရှင် ၁၀၀ ကျော်၊ ဂျာမနီနိုင်ငံ ဂိုတင်ဂန်တက္ကသိုလ် (Georg-August-Universitat
– University of Göttingen, Germany) စသည်တို့သည် နိုဘယ်ဆုများစွာရရှိ၍ ထိပ်ဆုံးတက္ကသိုလ်များထဲတွင်
ပါဝင်ပါသည်။ နာမည်ကျော်ပုဂ္ဂိုလ် အယ်ဗတ်အိုင်းစတိုင်း (Albert Einstein) က ဆွစ်ဇာလန်နည်းပညာတက္ကသိုလ်
(ETH Zurich, Switzerland) မှ ၁၉၂၁ ခုနှစ်တွင် ရူပဗေဒဖြင့် နိုဘယ်ဆုရရှိခဲ့ပါသည်။
(၅) ကောင်းသောပညာရပ် ပတ်ဝန်းကျင်ရှိခြင်း
(Excellent Academic Atmosphere)
ကြိုက်ရာပညာရပ်နယ်ပယ်ကို အထူးပြုဘာသာ
(Specilization) အဖြစ်နှင့် သင်ယူနိုင်သည်။ ဤဘာသာရပ်အတွက် လိုအပ်သောအထောက် အကူပြုဘာသာ
(Minor or supporting subjects/courses)ကို ကြိုက်ရာဘာသာရပ်များအား ရွေးချယ်သင်ယူနိုင်သည်။
ဥပမာ - စိုက်ပျိုးရေးအထူးပြုဘာသာရပ်ကျောင်းသားက ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေသော
စိုက်ပျိုး၊ မွေးမြူရေးပညာများ (CSA – Climate Smart Agriculture) ကို စောင်းပေးလေ့လာလိုပါက
သာမန်၊ အထောက်အကူပြုဘာသာများဖြစ်သော ပထဝီဝင် (Geography)၊ မိုးလေဝသပညာ
(Meteorology)၊ ရာသီဥတုပညာ (Climatology)၊ ပတ်ဝန်းကျင်သိပ္ပံပညာ (Environmental
Science) ရပ်များကို တက္ကသိုလ်တစ်ကျောင်းတည်းမှာပင် လွယ်ကူစွာ လေ့လာသင်ယူနိုင်သည်။
ထိုအတွက်လည်း တက္ကသိုလ်က ငွေကြေးလုံလောက်စွာ ထောက်ပံ့ပေးသည်။
(၆) စာကြည့်တိုက်ကောင်းကောင်း
(Excellent Library Facility) ရှိခြင်း
ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်နံပါတ်(၁) ဟားဗတ်
(Harvard University) တွင် စာအုပ်သန်း ၂၀ (Over 20 million Volume)၊ လက်ရေးစာမူပေါင်း
သန်း ၄၀၀ ကျော် (Over 400 million manuscripts)၊ ဓာတ်ပုံ ၁၀ သန်းကျော် (Approximatly
10 millions photographs and visual images) နှင့် နောက်ဆုံးပေါ် အီလက်ထရောနစ်နည်းဖြင့်
သိုလှောင်မှုများ (Significant Digital Resources) နှင့် စာကြည့်တိုက်ခွဲပေါင်း ၇၀
ကျော် (70 Library-branches networks) ရှိပါသည်။ (ရန်ကုန်မြို့ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်တွင်
မြန်မာအင်္ဂလိပ်စာအုပ်ပေါင်း ၃၅၀၀၀၀ ကျော်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်စာကြည့်တိုက်တွင်
မြန်မာအင်္ဂလိပ်စာအုပ်ပေါင်း ၃၁၀၀၀ ကျော် စာအုပ်စာတမ်းများ စုဆောင်းထားရှိပါသည်။)
Lifelong Learning (ဘဝတစ်သက်တာလေ့လာမှု)
ဆိုသည်မှာ လူတိုင်းမှာ အသက်ရှင်သန်နေသရွေ့ပညာရပ်အသစ်များနှင့် ကျွမ်းကျင်မှုအသစ်များကို
စဉ်ဆက်မပြတ် တိုးတက်စေရန် ကြိုးစားမှုဖြစ်ပါသည်။ စင်ကာပူနိုင်ငံကို ဥပမာယူ၍ ရှင်းပြပါက
စင်ကာပူသည် Lifelong Learning ကို အရေးကြီးသော အခြေခံကျမှုတစ်ခုအဖြစ်ထားရှိပြီး အစိုးရကြီးကြပ်မှုဖြင့်
အထူးအစီအစဉ်များကို ဖန်တီးထားပါသည်။
စင်ကာပူနိုင်ငံ၏ ရာသက်ပန်သင်ယူမှု
အားသာချက်များနှင့် အစီအစဉ်များမှာ
(၁) အနာဂတ်ကျွမ်းကျင်သူများအတွက်
ပဏာမ ခြေလှမ်းအစီအစဉ် (Skills Future Initiative)
စင်ကာပူအာဏာပိုင်များက ၂၀၁၅ ခုနှစ်တွင်
ဤအစီအစဉ်ကို စတင်မိတ်ဆက်ခဲ့သည်။ ထိုရန်ပုံငွေ (Skills Future Credit) အမည်ဖြင့် လူတိုင်းအတွက်
ပညာသင်ကြားမှုများနှင့် ကျွမ်းကျင်မှု၊ တိုးတက်မှုများအတွက် ဘတ်ဂျက်ပံ့ပိုးမှု ခွင့်ပြုထားသည်။
ဥပမာအားဖြင့် စင်ကာပူအလုပ်သမားများသည် ကိုယ်ပိုင်စိတ်ဝင်စားမှုရှိသော အတန်းများ၊ စက်မှုလုပ်ငန်းဆိုင်ရာသင်တန်းများ
သို့မဟုတ် အသက်မွေးဝမ်းကျောင်းရသည့် ကျွမ်းကျင်မှုတိုးတက်ရေး သင်တန်းများကို တက်နိုင်သည်။
(၂) ရာသက်ပန်သင်ကြားနိုင်မှု
သင်တန်းကျောင်း (Lifelong Learning Institute- LLI)
ဤသင်တန်းကျောင်းသည် လူတန်းစားအားလုံးအတွက်
သင်ကြားရေးနှင့် ကျွမ်းကျင်မှုဖြည့်စွမ်းရေးအတွက် အထူးပြုသော တက္ကသိုလ်ဖြစ်ပြီး သင်ကြားရေးများကို
နည်းပညာအသစ်များနှင့် တိုက်ရိုက်ပေါင်းစပ်ကာ လေ့ကျင့်ရေးများ စီစဉ်ပေးသည်။ အလုပ်သမားများသည်
နည်းပညာတိုးတက်မှုကြောင့် ပြောင်းလဲလာသော စီးပွားရေးအခြေအနေများကို ကျွမ်းကျင်မှုအသစ်များဖြင့်
ရင်ဆိုင်နိုင်ရန် ဒီသင်တန်းများကို အသုံးချနိုင်သည်။
(၃) စဉ်ဆက်မပြတ် သင်တန်းအစီအစဉ်များ
(Continuing Education and Training - CET)
စင်ကာပူတွင် တက္ကသိုလ်များ၊ ဘွဲ့လွန်သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ
ဤသင်တန်းများကို ပံ့ပိုးပေးထားသည်။ အလုပ်သမားအတန်းအစားအလိုက် အချိန်ပိုင်းသင်တန်းများ၊
နောက်ထပ်ပညာရေးအတွက် ပုံစံပြောင်းသင်တန်းများ တက်နိုင်သည့်အပြင် လုပ်ငန်းခွင်လေ့လာမှုအစီအစဉ်
(Work-Study Program) မှလည်း အကျိုးခံစားမှုရရှိနိုင်သည်။ စင်ကာပူသည် စဉ်ဆက်မပြတ်လေ့လာရေး
(Lifelong Learning) ကို စီးပွားရေးဖွံ့ဖြိုးမှုနှင့် လူသားအရင်းအမြစ်တိုးတက်မှုအတွက်
အဓိကရင်းမြစ်တစ်ခုအဖြစ် သတ်မှတ်ထားသည်။
နည်းပညာတိုးတက်မှုနှင့် အလုပ်အကိုင်အနာဂတ်ပြောင်းလဲမှုများအတွက်
ပြင်ဆင်ရန် စီးပွားရေးနှင့် လူမှုဘဝနှစ်ခုလုံးကို လေ့လာမှုဖြင့် နိုင်ငံတော်ကို ပိုမိုတိုးတက်စေရန်
ကြိုးပမ်းနေသည်။
ဤနည်းလမ်းများသည် စစ်မှန်သော ရာသက်ပန် လေ့လာမှုကို
ကျင့်သုံးလိုသော နိုင်ငံများအတွက် အားတက်စရာနမူနာတစ်ခုဖြစ်သည်။
စင်ကာပူနိုင်ငံ ရာသက်ပန်သင်ယူမှုစနစ်တွင်
စာရေးသူ၏ တပည့်ဟောင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ၁၉၈၇ ခုနှစ် ဘွဲ့ရ - ဦးသောင်းထွဋ်သည်
ဘာသာရပ်အသစ် ဒုတိယဘွဲ့ - နည်းပညာဘွဲ့ (စက်မှုဆိုင်ရာ အင်ဂျင်နီယာစီမံခန့်ခွဲမှု)
B. Technology (Industrial & Management Engineering) နှင့် တတိယဘွဲ့- မဟာသိပ္ပံပညာ
(ထောက်ပံ့ရေးကွင်းဆက်များ စီမံခန့်ခွဲမှုပညာ) M.Sc. (Supply Chain Mana-gement) တို့
ဆက်လက်တက်ရောက်သင်ကြားခဲ့ပြီး စင်ကာပူအမျိုးသားတက္ကသိုလ် စီးပွားရေးဆိုင်ရာ အဆင့်မြင့်ကျောင်း
(NUS Business School) တွင် လုပ်ငန်းဆောင်တာနည်းပညာ စီမံခန့်ခွဲမှုဘာသာ (Operation
Technology Management) နည်းပြဆရာအဖြစ် သင်ကြားပေးခဲ့ပါသည်။
ဆိုလိုချင်သည်မှာ စင်ကာပူပညာရေးစနစ်က အသက်၊
ဘာသာရပ် ကန့်သတ်မထားပါ။ မိမိ၏ စိတ်ဝင်စားမှု၊ အချိန်၊ ငွေကြေးအဆင်ပြေပါက အသက် ၇၀ ကျော်သည်အထိလည်းကောင်း၊
နံနက် ၇ နာရီမှ ည ၁၁ နာရီအထိ ကြိုက်ရာဘာသာရပ်များကို လက်မှတ်ရသင်တန်း (Certificate
Course) မှသည် ပါရဂူဘွဲ့ (PhD Program) သင်တန်းများအထိလည်းကောင်း တက်ရောက်နိုင်ပါသည်။
မြန်မာနိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ်များအတွက်
ဘာသာရပ်အသစ်များ/ပညာရပ်အသစ်များ အကြောင်း ဆက်ဆွေးနွေးရအောင်ပါ။
(၄) (D – Plant
Diseases/Plant Pathology) အပင်ရောဂါဗေဒ
အပင်ရောဂါဗေဒကမျက်စိဖြင့် မမြင်ရသော အဏုဇီဝများ
(Microbes) အကြောင်း လေ့လာရသော အပင်အဏုဇီဝဗေဒ (Plant Microbiology) ပညာကိုပါလေ့လာရပါမည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ၂၀၁၅ ခုနှစ်မှ တိုးချဲ့ဖွင့်လှစ်ခဲ့သော စိုက်ပျိုးရေးအဏုဇီဝဗေဒ
(Agricultural Micro-biology)ဌာန ဘာသာရပ်များ အလှည့်ကျမှ ဆွေးနွေးပါမည်။
(၄-က) ပုံမှန်အပင်ရောဂါဗေဒ
ဘာသာများ (Classical Plant Pathology) ဖြစ်သော မှိုပညာ၊ ဗက်တီးရီးယားပညာ၊ ဗိုင်းစ်ရပ်ပညာ၊
နီမာတုပ် ပညာများအပြင် -
(၄-ခ) ဇီဝကမ္မဆိုင်ရာ
အပင်ရောဂါဗေဒ (Physiological Plant Pathology)
(၄-ဂ) ရောဂါများကိုစုပေါင်း၍စီမံခန့်ခွဲခြင်း
(Integrated Disease Management)
(၄-ဃ) အပင်ရောဂါများအား
ရှာဖွေစစ်ဆေး ခြင်း (Plant Disease Diagnostics)
(၄-င) မော်လီကျူးဆိုင်ရာအပင်ရောဂါပညာ (Molecular Plant Pathology)
(၄-စ) ရာသီဥတုပြောင်းလဲမှုနှင့် အပင်တွင်
ကျရောက်သောရောဂါများ (Climate Change and Plant Diseases) စသည်ဖြင့် များပြားလှပါသည်။
နိုင်ငံတကာ အပင်ရောဂါဗေဒပညာ/ဌာနရှိသော နာမည်ကြီးတက္ကသိုလ်များမှာ
-
(၄-၁) ပင်ရောဂါနှင့် အပင်အဏုဇီဝအုပ်စု၊
စုစည်းထားသော အပင်သိပ္ပံပညာအဆင့်မြင့်ကျောင်း စိုက်ပျိုးမွေးမြူရေးနှင့် ဇီဝသိပ္ပံကောလိပ်၊
ကော်နယ်တက္ကသိုလ် (Plant Pathology and Plant Micro-bes Biology Section, School
of Integrative Plant Sciences, College of Agriculture and Life Sciences,
Cornell University, US) ကမ္ဘာ့ နာမည်ကြီးဘာသာမှာ အပင်နှင့် အဏုဇီဝပိုးတုံ့ပြန်မှု
နောက်ဆုံးပေါ်နည်းပညာ (Cutting-edge Research in Plant-Microbe Interaction)၊ ရောဂါ
ဒဏ်ခံနိုင်ရည်ရှိသော အပင်များမွေးမြူခြင်း (Plant Breeding for Disease
Resistance) နှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ် (Sustainable Agriculture) ဖြစ်ပါသည်။
(၄-၂) အပင်ရောဂါဗေဒဌာန၊ စိုက်ပျိုးမွေးမြူရေးနှင့်
ပတ်ဝန်းကျင်ကောလိပ်၊ ကာလီဖိုးနီးယား တက္ကသိုလ်၊ ဒေးဗစ် (Department of Plant
Pathology, College of Agriculture and Environ-mental Sciences) ကမ္ဘာ့နာမည်ကြီးဘာသာမှာ
ဂျီနုန်းနှင့် မော်လီကျူလာနည်းပညာဆိုင်ရာ အပင် ရောဂါပညာ (Research into Genomics and
Molecular Approach to Plant Pathology) ဖြစ်ပါသည်။
(၅) (E – Entomology) ကိမိလဗေဒ/အင်းဆက်များအကြောင်း
လေ့လာသောပညာ
စိုက်ပျိုးသီးနှံများကို နှောင့်ယှက်ဖျက်ဆီးသော
ရောဂါများအပြင် ပိုးမွှား၊ ကြွက် (Rodents) စသည် တို့ကလည်း အပင်၊ အသီး၊ အပွင့်၊ အရွက်များ
ပျက်စီးဆုံးရှုံးသွားအောင် ဖျက်ဆီးပါသည်။ ထိုဖျက်ပိုးများကို ကာကွယ်နှိမ်နင်းခြင်းကအစ
အခြားဆက်စပ်ဘာသာရပ်များကို သင်ကြား၊ သုတေသနပြုပါသည်။
စာရေးသူစတြေးလျနိုင်ငံ င်းစလန်တက္ကသိုလ်တွင်
မဟာစိုက်ပျိုးရေးသိပ္ပံပညာ သင်တန်းတက်ရောက်ခဲ့စဉ်က ကိမိလဗေဒဌာန/ဘာသာရပ်
(Department of Entomology) မှာ ဌာနအကြီးကြီး ဖြစ်ပါသည်။
စိုက်ပျိုးရေးကိမိလဗေဒ (Agricultural
Ento-mology) ဘာသာတွင်မက မွေးမြူရေးဆိုင်ရာ ကိမိလဗေဒ (Veterinary Entomology)၊ ဆေးပညာ
ဆိုင်ရာ ကိမိလဗေဒ (Medical Entomology) ဘာသာခွဲများစွာ ရှိပါသည် -
(၅-က) အင်းဆက်ရုပ်သွင်ပညာ
(Insect Morphology)
(၅-ခ) အင်းဆက်
အမျိုးအစားအမျိုးမျိုးခွဲခြား ခြင်း (Insect Classification)
(၅-ဂ) အင်းဆက်ဇီဝကမ္မဗေဒ
(Insect Physiology)
(၅-ဃ) အင်းဆက်နှင့်
ပတ်ဝန်းကျင်ဆက်စပ်မှု/အင်းဆက်ဂေဟဗေဒ (Insect Ecology)
(၅-င) ဇီဝနည်းဖြင့်
အင်းဆက်ပိုးများ နှိမ်နင်း ခြင်း (Biological Control of Insects)
(၅-စ) ဓာတုဆေး/ပိုးသတ်ဆေး အဆိပ်ဗေဒ
(Pesticide Toxicology)
(၅-ဆ) အပင်ဖျက်ပိုးများကို
စုပေါင်းစနစ်ဖြင့် ကာကွယ်နှိမ်နင်းခြင်း (IPM – Integrated Pest Management)
(၅-ဇ) သိုလှောင်ချိန်တွင်ရှိ
ဖျက်ပိုးများ (Store-Product Pests) စသည်ဖြင့် များစွာရှိပါသည်။
တစ်ဖန် အကျိုးပြုလူမှု အင်းဆက်ပိုးများ
(Social Insects) ဖြစ်သည့် ယခင်စာရေးသူတို့ ကျောင်းသားဘဝက သင်ယူခဲ့ရသော -
(၅-ဈ) ပိုးချည်ပညာ
(Sericulture)
(၅-ည) ပျားမွေးမြူရေးပညာ
(Apiculture/Bee Keeping) (မွေးမြူရေးတက္ကသိုလ်တွင်ရှိ)
(၅-ဋ) စက်မှုလုပ်ငန်းသုံးကိမိလဗေဒ
(Indu-strial Entomology) ပညာများ၊ ဘာသာများသည်လည်း အတိုင်းအတာတစ်ရပ်အထိ ချဲ့ထွင်ဖွင့်လှစ်၊
သင်ကြား၊ သုတေသနပြုသင့်ပါသည်။ ဤကိမိလဗေဒဘာသာရပ် (E - Entomology) ကို ပညာရေးဝန်ကြီးဌာန
တက္ကသိုလ်အချို့ရှိ သတ္တဗေဒဌာန (Department of Zoology) များအောက်တွင်လည်း သင်ကြား၊
သုတေသနပြုလျက်ရှိပါသည်။ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသော အသုံးချသိပ္ပံ
(Applied Science) ပညာရပ်များကို စုပေါင်းဆောင်ရွက်သင့်ပါသည်ဟု အကြံပြုလိုပါသည်။ ယခု
ဩစတြေးလျနိုင်ငံ ကွင်းစလန်တက္ကသိုလ်တွင် ဤဘာသာရပ်နှစ်ခု ပူးပေါင်းသင်ကြား၊ သုတေသနပြုနေပါသည်။
ဤဌာန/ဘာသာရှိသော ကမ္ဘာ့နာမည်ကြီး
တက္ကသိုလ်များမှာ -
(၅-၁) ကိမိလဗေဒဌာန၊ စိုက်ပျိုးမွေးမြူရေး
ကောလိပ်၊ အီလီနှိုင်းတက္ကသိုလ်၊ အာဗေးနားချန်ပိန် (Department of Entomology,
College of Agri-culture, University of Illinois, Urbana-Cham-paign, US) နာမည်ကြီးဘာသာမှာ
ပိုးမွှားစုပေါင်းနှိမ်နင်းခြင်း (IPM) နှင့် အင်းဆက်နှင့် ပတ်ဝန်းကျင် ဆက်စပ်မှု/အင်းဆက်ဂေဟဗေဒ
(Insect Ecology) ဖြစ်ပါသည်။
(၅-၂) အသုံးချကိမိလဗေဒဌာနခွဲ၊
ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒသုတေသနဌာန၊ အင်ပီးရီးရယ်ကောလိပ်၊ လန်ဒန် (Applied
Entomology Division, Imperial College London) နာမည်ကြီးဘာသာမှာ ရောဂါသယ်ဆောင်သော
ပိုးမွှားဇီဝဗေဒ (Vector Biology) နှင့် သီးနှံကာကွယ်ရေး (Crop Protection)တို့ ဖြစ်ပါသည်။
(လွန်ခဲ့သော နှစ် (၁၀၀)ကတည်းက မန္တလေးမြို့တွင်
စတင်ခဲ့သော စိုက်ပျိုးရေးတက္ကသိုလ်သင်ကြား၊ သုတေသနပြုမှုသမိုင်းအရ (A,B, C, D, E -
A-Agriculture, B-Botany, C-Chemistry) စသည့်ဘာသာများမှသည် ရုက္ခဗေဒဘာသာကြီးအောက်တွင်
သင်ကြားခဲ့ကာ ဌာနအသစ်ခွဲထွက်သွား ကြသော အပင်ရောဂါ (D – Diseases)၊ ဥယျာဉ်ခြံသီးနှံပညာ
(H - Horticulture)၊ လယ်ယာသီးနှံဌာနမှ ဌာနအသစ်များ ခွဲထွက်သင်ကြားသွားခဲ့သော စိုက်ပျိုးစီးပွားရေးပညာ
(A.Ec – Agricultural Economics)၊ စိုက်ပျိုးရေးအင်ဂျင်နီယာ (A.Eg – Agricultural
Engineering)၊ စိုက်ပျိုးရေးသမားတို့အတွက် မွေးမြူရေးသိပ္ပံ (AS – Animal Science)
ဌာန/ဘာသာများနှင့် ဌာန/ဘာသာရပ်အသစ်များ စသည်တို့ကို ဆက်လက်ဆွေးနွေးပါဦးမည်)
မှီငြမ်းစာအုပ် -
ဘိုးလှိုင် (၂၀၁၃) ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ၊
ဒေါင်းစာပေ၊ ၄၂၅ မျက်နှာ
No comments:
Post a Comment