ရန်ကုန် ဇန်နဝါရီ ၂၀
ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော “(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ကို ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)၌ ဇန်နဝါရီ ၂၀ မှ ၂၄ ရက်အထိ ကျင်းပလျက်ရှိသည်။
ညီလာခံပထမနေ့တွင်
ပုံမှန်ကိုယ်အလေးချိန်ရှိသော်လည်း အသက်လတ်ပိုင်း (၄၀ - ၆၀ အတွင်းရှိ) အဆီများနေ သောသူများကို
တွေ့ရှိရမှုနှင့် ယင်းတို့နှင့်ဆက်စပ်နေသော နှလုံးသွေးကြောဆိုင်ရာ အချက်အလက်များကို
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နှစ်ခုတွင် လေ့လာခြင်း သုတေသနစာတမ်း၊ မြန်မာနိုင်ငံရှိ
အရွယ်ရောက်ပြီးသူများတွင် ကိုယ်လက် ကြံ့ခိုင်မှုအားလေ့လာခြင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်
ဆောင်ရွက်ခဲ့သော တစ်ကြိမ်လေ့လာမှု သုတေသနတွင် တွေ့ရှိခဲ့သော ကာယကြံ့ခိုင်မှုပျံ့နှံ့မှု
သုတေသနစာတမ်း၊ သက်ကြီးရွယ်အို လူနာများ၏ အာဟာရအခြေအနေနှင့် အားအင်ချည့်နဲ့ခြင်းတို့၏
ဆက်စပ်မှုကို လေ့လာခြင်း သုတေသနစာတမ်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ သွေးဆိပ်သင့် လူနာများတွင်
တွေ့ရှိသည့် ပြင်းထန်သော Escherichia coli မျိုးကွဲများကို ဉာဏ်ရည်တုနည်းပညာသုံး ဇီဝသတင်းအချက်
အလက်တွက်ချက်နည်းများဖြင့် မျိုးဗီဇတစ်ခုလုံးကိုလေ့လာခြင်း သုတေသနစာတမ်း၊ မြောက်ဥက္ကလာပအထွေထွေ
ရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး သွေးကင်ဆာလူနာများ၏ ခန့်မှန်းဆယ်နှစ်တာ အသက်ရှင်မှု
သုတေသနစာတမ်းများကို စာတမ်းရှင်များက ဖတ်ကြားတင်သွင်း ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များ
မေးမြန်းဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင်
ဆေးသုတေသနဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ International Tuberculosis
Research Centre တို့အကြား ဆောင်ရွက်မည့် Letter of Intent ကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ပါမောက္ခ ဒေါက်တာအေးအေးခင်နှင့် ကိုရီးယားသမ္မတနိုင်ငံ International
Tubercul-osis Research Centre, Chairman of the Board, Dr Sundae Song တို့က လက်မှတ်ရေးထိုးကြသည်။
ထို့နောက် မြန်မာ-ကိုရီးယားပူးတွဲနှီးနှောဖလှယ်ပွဲ
(၂၀၂၅) ကို “ဆေးယဉ်ပါးတီဘီရောဂါ၊ အသည်းရောင်အသားဝါဘီနှင့် ငှက်ဖျားရောဂါတို့ကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မည့်
ရောဂါရှာဖွေရေး နှင့် ကုသရေးနည်းလမ်းသစ်များဆီသို့” ခေါင်းစဉ်ဖြင့် ကျင်းပသည်။
အဆိုပါနှီးနှောဖလှယ်ပွဲတွင်
မြန်မာနိုင်ငံကူးစက်ရောဂါများထိန်းချုပ်ရေးဆိုင်ရာ အတွေ့အကြုံများနှင့် ခြုံငုံသုံးသပ်ချက်၊
ဆေးယဉ်ပါးတီဘီနှင့် ပြင်းထန် ဆေးယဉ်ပါးတီဘီ (MDR နှင့် Pre-XDR) တို့ကို မိနစ် ၄၀ အတွင်း
တစ်ပြိုင်နက်တည်း လျင်မြန်စွာသိရှိနိုင်သည့် ဓာတ်ခွဲစမ်းသပ် ခြင်း၊ မြန်မာနိုင်ငံရှိ
အသည်းရောင်အသားဝါဘီပိုး၏ မျိုးရိုးဗီဇပြောင်းလဲမှုဆိုင်ရာ မော်လီကျူး ဇီဝဗေဒဆိုင်ရာဆက်စပ်မှုနှင့်
ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆိုင်ရာ တိုးတက်တွေ့ရှိချက်များ၊ ငှက်ဖျားဆေးယဉ်ပါးမှုကို ကျော်လွှားရန်
အလားအလာရှိသော Ubiquitin-Proteasome စနစ်ကို အဓိကထားသည့် နည်းဗျူဟာသစ်၊ မြန်မာနိုင်ငံတွင်
တီဘီရောဂါ၊ ဗိုင်းရပ်စ်အသည်းရောင်ရောဂါ၊ ငှက်ဖျားဆေးယဉ်ပါးမှုဆိုင်ရာ သုတေသနတွေ့ရှိချက်များနှင့်စပ်လျဉ်း၍
ပညာရှင်များက ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသည့် ဘာသာရပ်ဆိုင်ရာပညာရှင်များနှင့် သုတေသီများက
မေးမြန်းဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:
Post a Comment