Tuesday, January 21, 2025

(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဖွင့်ပွဲအခမ်းအနား ကျင်းပ



ရန်ကုန် ဇန်နဝါရီ ၂၀

“(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ် (၅) ရှိ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Video Message ပေးပို့၍ ဂုဏ်ပြုမိန့်ခွန်းပြောကြားသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ညီလာခံသို့ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့မှ ပါမောက္ခများ၊ ပြည်တွင်းပြည်ပမှ သုတေသီပညာရှင်များ၏ အခြေခံသုတေသန (Basic Research)၊ အသုံးချသုတေသန (Applied Research)၊ လူမှုရေးနှင့် ကျန်းမာရေးစနစ်သုတေသန (Social Sciences/Health System Research) ဆိုင်ရာ သုတေသနစာတမ်းများကို တင်သွင်းဖတ်ကြား ပြသကြမည်ဖြစ်သဖြင့် မျက်မှောက်ခေတ် ပြည်သူလူထု၏ ကျန်းမာရေးပြဿနာများအတွက် အဖြေရှာနိုင်မည့် အလွန်တန်ဖိုးရှိသော သုတေသနတွေ့ရှိချက်များကို တင်ပြကြမည်ဟု ယုံကြည်ပါကြောင်း။

ညီလာခံရက်များအတွင်း ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲများဖြစ်သည့် “မြန်မာ-ကိုရီးယား ပူးတွဲ၍ တီဘီရောဂါ၊ အသည်းရောင်အသားဝါရောဂါနှင့် ငှက်ဖျားရောဂါ သုတေသနဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၅)” – "Myanmar-Korea Joint Symposium (2025)"၊ “ကျန်းမာရေးပြဿနာဖြစ်စေနိုင်သည့် အချက်အလက်များ ဖော်ထုတ်ခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော လူမှုဘဝမြှင့်တင်စေရန် ဆောင်ရွက်ခြင်း” - "Promoting a Healthy Lifestyle and Addressing Health Risk Behaviors" ၊ “သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေးနှင့် ဇီကာဗိုင်းရပ်စ်ရောဂါများ၏ ဗိုင်းရပ်စ်ပိုးဆိုင်ရာနှင့် သွေးရည်ကြည် ပြောင်းလဲမှုဆိုင်ရာများကို မီးမောင်းထိုးပြခြင်း”– "Virological and Immunological Highlights of Dengue, Chikungunya and Zika Virus Infections in Myanmar" ၊ “ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence) ကို ဆေးပညာတွင် အသုံးပြု၍ ကျန်းမာ ရေးမျိုးဆက်သစ်များကို ပုံဖော်မွေးထုတ်နိုင်ရန် ဆောင်ရွက်နေမှု” – "Artificial Intelligence: Shap-ing the Next Generation of Health Professionals" နှင့် ပညာရပ်ဆိုင်ရာဟောပြောပွဲတစ်ခုတို့ကို ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများဖြင့် ကျင်းပသွားမည်ဖြစ်သည်ဟု သိရှိရကြောင်း။

ထို့ပြင် ကိုရီးယားနှင့် မြန်မာသုတေသီများ၏ ညီလာခံအကြိုလှုပ်ရှားမှု (Pre-conference acti-vitiy)တွင် တီဘီဆေးအသစ်ယဉ်ပါးမှုဆိုင်ရာ ဓာတ်ခွဲလုပ်ငန်းများ၊ မျိုးဗီဇတစ်ခုလုံးကို လေ့လာခြင်း (Whole genome sequencing) ဆိုင်ရာ စာတွေ့လက်တွေ့လုပ်ဆောင်မှုများကို ပူးပေါင်းဆောင်ရွက် ခဲ့ကြသဖြင့် မြန်မာနိုင်ငံမှ သုတေသီများ၊ ဓာတ်ခွဲပညာရှင်များ၊ ဓာတ်ခွဲကျွမ်းကျင်များအနေဖြင့် နည်းပညာကျွမ်းကျင်မှုများ တိုးတက်ရရှိမည်ဟု မျှော်လင့်ပါကြောင်း၊ သုတေသနစာတမ်းရှင်များသည် သုတေသနတွေ့ရှိချက်များကို ညီလာခံသို့ စာတမ်း တင်သွင်းရုံမျှမကပဲ ပြည်တွင်းပြည်ပ သုတေသနဂျာနယ်များတွင် ဖော်ပြနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းနှင့် သုတေသနပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ အေးအေးခင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဆေးသုတေသနပညာရှင်များ၊ စာတမ်းဖတ်ကြားမည့် အဓိကသုတေသီများနှင့် ပြည်ပပညာ ရှင်များသည် သုတေသနပိုစတာပြပွဲကို လှည့်လည်ကြည့်ရှုကြသည်။

ညီလာခံသို့ တင်သွင်းလာသည့်စာတမ်းများမှ အကောင်းဆုံးအခြေခံသုတေသန (Basic Research) စာတမ်းဆုများ၊ အကောင်းဆုံးလက်တွေ့အသုံးချ သုတေသန (Applied Research) စာတမ်းဆုများ၊ အကောင်းဆုံးကျန်းမာရေးစနစ်သုတေသန (Health Systems Research) စာတမ်းဆုများ၊ အကောင်းဆုံးပိုစတာစာတမ်းဆုများနှင့် လူငယ်သုတေသီဆုများကို စာတမ်းဆုရွေးချယ်ရေးဆပ်ကော်မတီက စိစစ်ရွေးချယ်၍ ဆုများချီးမြှင့်သွားရန် စီစဉ်ထားကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment