Sunday, September 29, 2024

လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှု လက်မှတ်ရသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ


 

နေပြည်တော် စက်တင်ဘာ ၂၈

လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုလက်မှတ်ရသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့ စက်မှုလယ်ယာဦးစီးဌာန စက်မှုလယ်ယာဗဟို သင်တန်းကျောင်း၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်အေးထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ယနေ့ ကျွမ်းကျင်မှုလက်မှတ်ပေးအပ်ချီးမြှင့်ခြင်းခံရသည့် ဒေသအသီးသီးမှ သင်တန်းသားများသည် စက်မှုလယ်ယာ ကူးပြောင်းရေးတွင် အဓိကအရေး ပါသည့် ပုဂ္ဂိုလ်များဖြစ်ပြီး စွမ်းရည်မြင့်မားသည့် စက်မှုလယ်ယာကျွမ်းကျင်လုပ်သားများမှသည် ခေတ်မီနည်းပညာမြင့် လယ်ယာသုံးစက်ကိရိယာ အသိပညာ၊ အတတ်ပညာများကို ဆက်လက် လေ့လာ အသုံးချနိုင်စွမ်းရှိသည့် ကျွမ်းကျင်ပညာရှင်များဖြစ်သည်အထိ နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသည်။

လယ်ယာကဏ္ဍတွင် စက်မှုတပ်ဆင်ရာ၌ အရည်အချင်းပြည့်မီသူများကို လေ့ကျင့်မွေးထုတ်ပေး နိုင်ရေးအတွက် အဆိုပါသင်တန်းကို သင်တန်းကာလ တစ်နှစ်ကြာ ဖွင့်လှစ်သင်ကြားပြီး မြန်မာနိုင်ငံ ၏ ပညာရေးအရည်အသွေးစံသတ်မှတ်ချက်မူဘောင် MNQF (Myanmar National Qualifi-cation Framework) အဆင့် (၄) ရှိ ကျွမ်းကျင်မှုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ဝမ်းတွင်းမြို့နယ်ရှိ ကင်းတား ဆည်ရေသောက်စနစ် လက်ဝဲတူးမြောင်းမကြီး အထက်ပိုင်း၊ လက်တံ-၄ အထက်ပိုင်း စိုက်ပျိုး ရေပေးဝေမှု အခြေအနေများနှင့် ရေတိုက်စားထိခိုက်ခဲ့သည့် လက်ဝဲတူးမြောင်းမကြီး အောက်ပိုင်း၊ လက်တံ - ၄အောက်ပိုင်း၊ လက်တံ - ၈ တို့တွင် ပြန်လည်ပြုပြင်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ထိခိုက်ပျက်စီးခဲ့သည့် တူးမြောင်းရေသောက်စနစ်များ အချိန်မီပြုပြင် ဆောင်ရွက်နိုင်ရေး၊ ဆည်ရေသောက်ဧရိယာအတွင်းရှိ ထိခိုက်ပျက်စီးမှုမရှိသည့် လယ်ယာမြေများကို အမြန်ဆုံးစိုက်ပျိုးရေပေးဝေနိုင်ရေး၊ ရေလှောင်တမံအတွင်း စိုက်ပျိုးရေပိုမိုသိုလှောင် ထားရှိသည့်အတွက် နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆွေးနွေးမှာကြား သည်။

ထို့နောက် သာစည်မြို့နယ် စမုံချောင်းပေါ်ရှိ စမုံရေထိန်းတမံသို့ ရောက်ရှိပြီး ရေတိုက်စားမှု ဖြစ်ပေါ်ခဲ့သည့်အပိုင်းများကို အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး၊ အသေးစိတ်တိုင်းတာတွက်ချက် မှုများ ဆက်လက်ပြုလုပ်ပြီး ဒီဇိုင်းပုံစံများရေးဆွဲ၍ ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိ သည်။

သတင်းစဉ်

No comments:

Post a Comment