Sunday, September 29, 2024

လျှပ်စစ်ကို လိုသလောက်သာသုံး တရားမဝင်မသုံးနဲ့

မောင်မောင်စွယ်စုံထွန်း

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ဥပဒေပုဒ်မ (၄၁) နှင့်အညီ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်ဘတ်ဂျက်မှ နှစ်စဉ် စိုက်ထုတ်ကျခံသုံးစွဲရမှုကို လျှော့ချနိုင်ရန် ထုတ်လုပ်မှုကုန်ကျစရိတ်များကာမိစေသော လျှပ်စစ်ဓာတ်အားခနှုန်းထားများကို ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၄) သဘောတူညီချက်ဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ပြင်ဆင်သတ်မှတ်ခဲ့ပြီးဖြစ်ပါသည်။

ထိုသို့ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်သတ်မှတ်လိုက်ခြင်းနှင့်စပ်လျဉ်း၍ ပြည်သူများအကြားနှင့် လူမှုစီးပွားနယ်ပယ်များတွင် များစွာဂယက်ရိုက်ခတ်မှုများရှိခဲ့သည်။ နိုင်ငံတော်ဘက်ကလည်း နှစ်စဉ်စိုက်ထုတ်ကျခံနေရမှုများ လွန်စွာများပြားလာသဖြင့် အထိုက်အလျောက်သက်သာစေရန် မလွှဲမရှောင်သာ တိုးမြှင့်ခဲ့ရခြင်းဖြစ်ပြီး ထိုသို့တိုးမြှင့်လိုက်သော်လည်း နိုင်ငံတော်ဘက်က ဆက်လက်စိုက်ထုတ် သုံးစွဲရဦးမည်ဖြစ်သဖြင့် အစိုးရနှင့် ပြည်သူ နှစ်ဦးနှစ်ဖက်အကျိုးရှိစေရန် ရည်ရွယ်၍ ဖြစ်သင့်ဖြစ်ထိုက်သောအခြေအနေမှန်အရ နိုင်ငံတော်ဘက်က များစွာစဉ်းစားဆောင်ရွက် ခဲ့ခြင်းကို သိရှိကြရန် လိုအပ်နေပါသည်။

ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လျှပ်စစ် ဓာတ်အားရရှိရေးသည် အဓိကကျသောကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အား ပေးစက်ရုံကြီးများနှင့် ဓာတ်အားလိုင်းကြီးများ၊ ဓာတ်အားခွဲရုံများကို အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများအား တည်ငြိမ်သော လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

သို့ရာတွင် ဘဏ္ဍာရေးနှစ်အလိုက် ထုတ်လုပ်မှုစရိတ်များစွာ မြင့်မားလာသဖြင့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို မဖြစ်မနေပြင်ဆင်သတ်မှတ်ရန် လိုအပ်လာသဖြင့် ပြင်ဆင်သတ်မှတ်ခဲ့ရခြင်းသာ ဖြစ်ပြီး လူတန်းစားအလွှာအလိုက် အဆင်ပြေစေရန်အလို့ငှာ အနည်းအများ ကွာခြားမှုသာရှိပါသည်။ အဆလိုက်တက်ခြင်းမျိုးမဟုတ်ဘဲ အနည်းငယ်မျှသာတက်သည့် နှုန်းထားဖြစ်သော်လည်း အဆိုးမြင် သမားအချို့မှာ ပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေရန် အမျိုးမျိုးပြောဆို‌ရေးသားနေကြသဖြင့် ဤဆောင်းပါးအား ‌ရေးသားတင်ပြလိုက်ရခြင်းလည်း ဖြစ်ပါသည်။

လိုအပ်သလောက်သာ သုံးစေလို

မီတာခတိုးမြှင့်ကောက်ခံရသည့်ရည်ရွယ်ချက်မှာ နှစ်မျိုးတည်းသာရှိသည်။ ပထမအချက်မှာ ဌာနမှဝင်ငွေတိုးတက်ရရှိ၍ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဒုတိယအချက်အနေ ဖြင့် မလုံမလောက်ဖြစ်နေသည့် လျှပ်စစ်ဓာတ်အားကို မလိုအပ်လျှင် မသုံးဘဲ လိုအပ်သလောက်သာ သုံးစေလိုသော ရည်ရွယ်ချက်များပင်ဖြစ်ပါသည်။

လက်ရှိ မြန်မာနိုင်ငံအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် လျှပ်စစ်ဓာတ်အားကို လုံလောက် စွာ ဖြန့်ဖြူးနိုင်ခြင်းမရှိသေးပါ။ အမှန်လိုအပ်နေသည်မှာ မဂ္ဂါဝပ် ၆၀၀၀ ခန့်ဖြစ်သော်လည်း ပျမ်းမျှအား ဖြင့် မဂ္ဂါဝပ် ၂၅၀၀ ဝန်းကျင်ကိုသာ ကြိုးစားဖြန့်ဖြူး ပေးနိုင်သေးရာ ပြည်သူတို့အနေဖြင့် မလိုအပ်ဘဲ လျှပ်စစ်ဓာတ်အားကို မသုံးစွဲခြင်းဖြင့် ယခုကဲ့သို့ ဓာတ်အားမလုံလောက်ချိန်တွင် အခြားအ‌ရေးကြီး လိုအပ်သော ဆေးရုံ၊ စာသင်ကျောင်းစသည်တို့ကို ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသည်။ နံနက်အလင်းရောင်ရှိသည့်အချိန်မျိုးတွင် လမ်းမီးများ၊ လုံခြုံရေးမီးများနှင့် အခြားမလိုအပ်သော မီးများပိတ်ထားခြင်းဖြင့် လျှပ်စစ်မီးကို ပိုမို၍ အချိန်ပြည့်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရုံမက ပိုလျှံလာပါက နိုင်ငံတော်ဓာတ်အားစနစ်မှ ကျန်မီးမရရှိသေးသော အိမ်ထောင်စုများသို့ ဓာတ်အားပိုမိုဖြန့်ဖြူး ပေးနိုင်လာမည်ဖြစ်ပါသည်။

နေအိမ်တစ်အိမ်လျှင် (သို့မဟုတ်) မိသားစုတစ်စုလျှင် အသုံးပြုရန် မလိုသေးသော ၄၀ ဝပ်အားရှိ လေးပေမီးချောင်းတစ်ချောင်းနှင့် ၆၀ ဝပ်အားရှိ မီးသီးတစ်လုံး စုစုပေါင်း ၁၀၀ ဝပ်ခန့်ကို ပိတ်ပေးထားခြင်းဖြင့် လက်ရှိနိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲနေသော အိမ်ထောင်စုနှစ်သန်းကျော်ခန့်နှင့် တွက်ချက်ကြည့်ပါလျှင် မဂ္ဂါဝပ် ၂၀၀ ဓာတ်အား ထုတ်လုပ်ပေးနိုင် သော ဓာတ်အားပေးစက်ရုံတစ်ရုံအသစ် တည်ဆောက်ခြင်းနှင့် အလားတူအကျိုးသက်ရောက်မှုများ ရရှိလာစေမည်ဖြစ်ပါသည်။

ဤနေရာတွင် လျှပ်စစ်မီးအားလုံး ပိတ်ထားရန် ချွေတာစေခြင်းမျိုးမဟုတ်ဘဲ မလိုအပ်ပါက (အသုံးပြုရန် မလိုပါက) မီးပိတ်ထားစေခြင်းမျိုးသာ ဖြစ်သည်ကိုလည်း သတိပြုကြစေလိုပါသည်။ မီးသုံးသူပြည်သူများအနေဖြင့် ထိုသို့လျှပ်စစ်မီးကို မလိုအပ်သောနေရာများတွင် အသုံးမပြုခြင်းဖြင့် လျှပ်စစ်မီတာခကိုလည်း များစွာသက်သာလာမည်ဖြစ်ပါသည်။ ပထမယူနစ် ၂၀၀ အထိ အလင်းရောင်နှင့် ရေတင်ခြင်းစသည့်အိမ်သုံးသုံးစွဲသူ (၃ဝ ရာခိုင်နှုန်း သော ပြည်သူ)များအတွက် ဓာတ်အားခ နည်းနည်းသာ တိုးပါသည်။ လျှပ်စီးကြောင်းပမာဏများများသုံးသည့် Hot Plate နှင့် Aircon၊ ဒယ်နီ စသည်တို့ကို သုံးစွဲသူများအတွက်လည်း နိုင်ငံတော်က ထုတ်လုပ်စရိတ်ကာမိစေရန် စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်သဖြင့် ချွှေတာသုံးစွဲကြခြင်းဖြင့် ပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုရရှိလာစေပါမည်။ လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်များ ပိုမိုလျော့နည်းလာစေမည့် အကျိုးကျေးဇူးများကို ရရှိခံစားကြရမည်ဖြစ်ပါသည်။

မီတာများကို တရားမဝင်မပြုလုပ်ရ

လျှပ်စစ်ဓာတ်အားခများကို တိုးမြှင့်ကောက်ခံလိုက်ခြင်းဖြင့် ဓာတ်အားသုံးစွဲသူများက လျှပ်စစ် ဓာတ်အား ချွေတာသုံးစွဲလာပြီး မလိုအပ်ဘဲ ဓာတ်အားအလေအလွင့်ဆုံးရှုံးနေမှုများ လျော့နည်း ကျဆင်းလာစေရန် ရည်ရွယ်သော်လည်း အခြားတစ်ဖက်တွင် လျှပ်စစ်ဓာတ်အားကို လျှော့မသုံးဘဲ ဓာတ်အားခိုးယူသုံးစွဲခြင်း(သို့မဟုတ်) တရားမဝင်လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမှုများ ဖြစ်လာနိုင်ခြေ ကလည်း ရှိနေပြန်ပါသည်။ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်မည့်ကြေညာချက် ပေါ်ထွက်ပြီးကတည်းက လူမှုကွန်ရက်စာမျက်နှာများတွင် မီတာခတိုးမပေး ရအောင် လျှပ်စစ်မီတာတွင် တရားမဝင်ပြုလုပ်ရန် များအား ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များဖြင့် ပြုလုပ်ပြသထားသည်များ ပျံ့နှံ့လာသည်ကို တွေ့ရှိနေရသဖြင့် ပြည်သူများ လိုက်မလုပ်မိကြစေရန် အထူးလိုအပ်ပါသည်။

မီတာခနှုန်းထားများ မတက်မီကပင် ပြည်သူအချို့နှင့် လုပ်ငန်းရှင်အချို့တို့သည် မိမိတို့ဓာတ်အားခ သက်သာစေရေးအတွက် လျှပ်စစ်ဝန်ထမ်းဟောင်းအချို့နှင့် လက်ရှိအကျင့်ပျက်ဝန်ထမ်းအချို့တို့ဖြင့် ပူးပေါင်းကာ တရားမဝင်ဓာတ်အားသုံးစွဲမှုများကို ဆောင်ရွက်လျက်ရှိရာ မီတာခတက်ပြီးနောက် မီးခိုးမှု ပိုမိုလုပ်ဆောင်လာနိုင်မည့်အခြေအနေကလည်း ရှိနေပြန်ပါသည်။ ထိုသို့ ဖြစ်ပေါ်လာပါက နိုင်ငံတော်က မျှော်မှန်းသလို ဖြစ်လာနိုင်တော့မည်မဟုတ်ဘဲ ဓာတ်အားပျောက်ဆုံးမှုများ ပိုမိုများပြား လာသလို လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများလည်း ပိုမိုဖြစ်ပေါ်လာနိုင်ပါသည်။

ပြည်သူများက ဝိုင်းဝန်းဖော်ထုတ်

သို့ဖြစ်၍ လျှပ်စစ်မီးပိုမိုရရှိလာရေးအတွက် ပြည်သူတစ်ဦးချင်း၊ တစ်ယောက်ချင်းက အသိ စိတ်ဓာတ်ရှိရှိဖြင့် မလိုအပ်သေးပါက လျှပ်စစ်ဓာတ်အားကို မသုံးစွဲရေး၊ လျှပ်စစ်ဓာတ်အားကို တရားမဝင် ခိုးယူသုံးစွဲခြင်းမျိုးမှ ရှောင်ကြဉ်ကြရေးမှာ အထူးအရေးကြီးလှပါသည်။ မည်သူသေသေ ငတေမာလျှင်ပြီးရော စိတ်ဓာတ်ရှိသူများကိုလည်း ပြည်သူများက ပူးပေါင်း၍ ဝိုင်းဝန်းဖော်ထုတ်ပေး နိုင်မှသာ နိုင်ငံတော်၏ ဓာတ်အားခအနည်းငယ်သာ တိုးမြှင့်ကောက်ခံပြီး လျှပ်စစ်ဓာတ်အား ပိုမိုရရှိစေ နိုင်ရေး မျှော်မှန်းချက်မှာ အောင်မြင်မှုများရရှိလာ နိုင်မည်ဖြစ်ပါသည်။     

ယခုအခါ ပညာပေးကာလအနေဖြင့် တရားမဝင်သုံးစွဲမှုများကို ဖြေလျှော့၍ အရေးယူဆောင်ရွက် လျက်ရှိသော်လည်း အနာဂတ်ကာလတွင် တရားမဝင်ဓာတ်အားသုံးစွဲမှုများကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားတော့မည်ဖြစ်ရာ တရားမဝင်ဓာတ်အားသုံးစွဲသူများနှင့် အကျင့်ပျက် ဝန်ထမ်းများအနေဖြင့် အထူးဆင်ခြင်ကြရန် အချိန်ကာလလည်း ဖြစ်ပါသည်။ မကြာမြင့်မီကာလက အရေးယူခဲ့ရသော ဖြစ်ရပ်အချို့အားလည်း ပြည်သူတို့ သိရှိနိုင်စေရန် အနည်းငယ်ဖော်ပြလိုပါသည်။

လျှပစ်စစ်ဥပဒေဖြင့် နစ်နာကြေး သိန်းတစ်ထောင်ကျော် ပေးသွင်းစေ

ပထမဆုံးတင်ပြလိုသော အမှုဖြစ်စဉ်တစ်ခုမှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ရွှေလင် ပန်းစက်မှုဇုန်ရှိ ရေခဲစက်တစ်ခုတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ဖြစ်သည်။ အဆိုပါဖြစ်စဉ်တွင် ဓာတ်အားခ သက်သာစေရန် မီတာအား ပြုပြင်ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ မီတာအား ပြုပြင်ဆောင်ရွက်ပေးသူ အခြားမြို့နယ်မှ ဝန်ထမ်းနှစ်ဦးနှင့်အတူ ပြုပြင်ဆောင်ရွက်ရန် စေခိုင်းသူ ရေခဲစက်မန်နေဂျာ ဖြစ်သူတို့အား လျှပ်စစ်ဥပဒေပုဒ်မ (၅၃) ကို ဖောက်ဖျက်ကျူးလွန်ခဲ့သဖြင့် ဥပဒေပုဒ်မ (၆၃) အရ တရားစွဲဆိုထားသည့်အပြင် ရေခဲစက်ရုံကိုလည်း နစ်နာကြေးငွေ သိန်းတစ်ထောင်ကျော် ပြန်လည်ပေးသွင်းစေခဲ့သော အမှုဖြစ်စဉ်ဖြစ်သည်။

ဒုတိယအနေဖြင့် စိတ်ဝင်စားဖွယ်ရာ အမှုဖြစ်စဉ်တစ်ခုကိုလည်း ဖော်ပြပေးလိုပါသည်။ အိမ်ရှင်မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှဖြစ်ကာ ပြည်ပသို့ ခရီးသွားရောက်နေပြီး နေအိမ်အား ငှားရမ်းထားခဲ့ရာ အိမ်ငှားဖြစ်သူမှ အိမ်သုံးမီတာအား ခွထောက် (By pass) ပြုလုပ်ကာ သုံးစွဲခဲ့သော အမှုဖြစ်စဉ်ဖြစ်သည်။ ဥပဒေအရ အိမ်ရှင်တွင်သာ တာဝန်ရှိသဖြင့် အိမ်ရှင်ဖြစ်သူအား နစ်နာကြေးငွေ ၁၀ သိန်းကျော်ပေးသွင်းစေပြီး လျှပ်စစ်ဥပဒေအရ အမှုဖွင့်တရားစွဲဆိုထားသောဖြစ်စဉ်ဖြစ်သည်။ အဆိုပါဖြစ်စဉ်နှစ်ခုမှာ လက်ရှိတွင် တရားစွဲဆိုထားခြင်းမှ ကင်းလွတ်ခွင့်ပြုပါရန် ကာယကံရှင်တို့က အသနားခံတင်ပြထားဆဲသာဖြစ်ပြီး အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်ထားခြင်းမရှိသေးဟု သိရှိရ ပါသည်။

ထို့အပြင် အခြားစိတ်ဝင်စားဖွယ်ရာ အမှုဖြစ်စဉ်တစ်ခုမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့)မြို့နယ်မှဖြစ်ကာ အဆောင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦး၏ ပါဝါမီတာမှာ Over Load သုံးစွဲ၍ လောင်ကျွမ်းပျက်စီးခဲ့ခြင်းအား မြို့နယ်လျှပ်စစ်ရုံးသို့ တရားဝင်တင်ပြခြင်းမရှိဘဲ လျှပ်စစ်ရုံးမှ နေ့စားဝန်ထမ်းများအား ငွေပေး၍ ပြုပြင်စေခိုင်းခဲ့သောဖြစ်စဉ်ဖြစ်သည်။ အဆိုပါနေ့စား ဝန်ထမ်းများအား ယခုအခါ တာဝန်မှ ရပ်စဲထားပြီးဖြစ်သည့်အပြင် ကာယကံရှင်ကိုလည်း နစ်နာကြေး တောင်းခံရန်နှင့် အမှုဖွင့်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါဖြစ်စဉ်များကို လေ့လာကြည့်ရှုခြင်းအားဖြင့် တရားမဝင်ဓာတ်အားသုံးစွဲမှုများကို စစ်ဆေးတွေ့ရှိလျှင် နစ်နာကြေးတောင်းခံပေးသွင်းရုံမျှဖြင့် ရရှိတော့မည်မဟုတ်ဘဲ လျှပ်စစ်ဥပဒေများဖြင့်ပါ အမှုဖွင့်တရားစွဲဆိုခံရပြီး ချက်ချင်းအာမခံမရဘဲ အချုပ်အနှောင်ခံရနိုင်သည်ဆိုခြင်းကို ပြည်သူများ အထူးသတိပြုမိကြစေလိုပါသည်။ ဤနေရာတွင် လျှပ်စစ်ဥပဒေပုဒ်မ (၅၃) နှင့် (၆၃) တို့ကို ဖော်ပြပေးလိုပါသည်။

ပုဒ်မ(၅၃) ။ ။ မည်သူမျှ လျှပ်စီးကြောင်း လွှဲပေးခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းကို ဖြတ် တောက်ခြင်း၊ လျှပ်စစ်ဆိုင်ရာလုပ်ငန်းတစ်ခုခုတွင် အသုံးပြုသည့် လျှပ်စစ်ပစ္စည်းကိရိယာများကို ဖျက်ဆီးခြင်းမပြုရ(တရားမဝင်ချိတ်ဆွဲ အသုံးပြုခြင်းနှင့် လျှပ်စစ်မီတာအား မသမာပြုလုပ်၍ ဓာတ်အားခိုးယူခြင်းတို့အတွက် မပြုလုပ်ရန် တားမြစ်ထားသော ပုဒ်မဖြစ်ပါသည်။)

အဆိုပါပုဒ်မ (၅၃) အား ချိုးဖောက်ကြောင်း သက်သေထင်ရှားလျှင် လျှပ်စစ်ဥပဒေပုဒ်မ (၆၃) အရ အနည်းဆုံး ငါးနှစ်မှ အများဆုံး ၁၀ နှစ်အထိ ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဖော်ပြထားရာ အဆိုပါဥပဒေပုဒ်မများသည် မည်မျှကြီးလေးပြင်းထန်ကြောင်း ထင်ရှားလှပြီး မီးသုံးသူ ပြည်သူများအနေဖြင့် အသနားခံနေရုံဖြင့် ကင်းလွတ်ခွင့်ရရှိနိုင်ရန် မလွယ်ကူကြောင်း သိသာထင်ရှားလှ သည်။ မီးဆိုသည်မှာ ပူမှန်းသိပါလျက် ပူမည် မထင်၍ ကိုင်မိလျှင် ကိုင်မိသူသာ အပူဒဏ်ခံစားရပါလိမ့်မည်။ ဥပဒေဆိုသည်မှာလည်း အလားတူပင် ဖြစ်ကာ မသိလို့နားမလည်လို့ပါ ထုချေနေရုံဖြင့် အပြစ်မှ လွတ်မည်မဟုတ်ပါသဖြင့် တရားမဝင်ဓာတ်အားသုံးစွဲမှုများ ဆောင်ရွက်ပါက ထောင်နန်းစံရနိုင်မည်ကိုလည်း နားလည်သဘောပေါက်ကြရန် အထူးပင်လိုအပ်နေပြီဖြစ်သည်။

မီတာခတက်ခြင်းနှင့် လုံးဝမသက်ဆိုင်

မီတာခနှုန်းမတိုးမီကပင် ကုန်ဈေးနှုန်းများ တိုးနေသည်ကို ပြည်သူများ တွေ့ကြုံခဲ့ပြီးဖြစ်သဖြင့် ကုန်ဈေးနှုန်းများတက်နေခြင်းသည် မီတာခတက်ခြင်းနှင့် လုံးဝမသက်ဆိုင်သည်မှာ ထင်ရှားပါသည်။ မီဒီယာအချို့တွင် စွပ်စွဲဖော်ပြနေကြသလို အဆနှင့်တိုးမြှင့်ခဲ့ခြင်းလည်းမဟုတ်ဘဲ လျှပ်စစ် ဓာတ်အား အနည်းငယ်သာ အသုံးပြုနိုင်သော အခြေခံလူတန်းစားများအတွက် အနည်းငယ်သာ တိုးမြှင့်ထားခြင်းဖြစ်ပြီး များများသုံးစွဲလိုသောသူများအနေဖြင့် နိုင်ငံတော်က ထုတ်လုပ်စရိတ် ကာမိစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ကြောင်း ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ဓာတ်အား နည်းနည်းသုံးပါက ဓာတ်အားခသက်သာပြီး များများသုံးပါက နိုင်ငံတော်က ထုတ်လုပ်စရိတ် ပိုမိုကာမိစေသောစနစ်ဖြစ်ကြောင်း ဓာတ်အားခ နှုန်းထားသစ်များကို သေချာစွာလေ့လာကြည့်ရှုပါက သိမြင်နိုင်ကြပါလိမ့်မည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစရိတ်မှာ ကမ္ဘာအနှံ့အပြားတွင် အနည်းဆုံး ကျပ် ၃၀၀ မှ ကျပ် ၄၀၀ ခန့်ရှိနေချိန်တွင် မြန်မာနိုင်ငံအနေဖြင့် တစ်ယူနစ်လျှင် ကျပ် ၅၀ သာ ရယူထားခြင်းဖြစ်ပါ သည်။ လျှပ်စစ်သုံးစွဲမှုပမာဏများလာခြင်း၊ ငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်း၊ ပြည့်ဖြိုးမြဲစွမ်းအင် (Renewable energy)ပြောင်းလဲသုံးစွဲရန် ကြိုးစားခြင်း၊ အစိုးရ၏ ငွေကြေးစိုက်ထုတ်နေရမှုများကို လျှော့ချလိုခြင်း၊ လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ဈေးတက်ခြင်းစသည့်အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတကာတွင်လည်း လျှပ်စစ်မီတာခများ တိုးမြှင့်လေ့ရှိပါသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ်က တစ်ယူနစ်ကို ၃ ဒသမ ၃၈ ဘတ်မှ ၂၀၂၄ ခုနှစ်တွင် တစ်ယူနစ်ကို ၄ ဒသမ ၁၈ ဘတ်အထိ တိုးမြှင့်ခဲ့ပါသည်။ အလားတူ ဗီယက်နမ်နိုင်ငံတွင်လည်း တစ်နှစ်အတွင်း မီတာခကို ၇ ဒသမ ၅ ရာခိုင်နှုန်းတိုးမြှင့်ခဲ့ပါသည်။

မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် ဓာတ်အားခဈေးနှုန်းများ မြင့်တက်လာရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ ရုပ်ကြွင်းလောင်စာသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို လျှော့ချပြီး ဈေးနှုန်းကြီးမြင့်သည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို ပိုမိုထုတ်လုပ်လာရခြင်း သည်လည်း တစ်ခုအပါအဝင်ဖြစ်၍ အိမ်နီးချင်းနိုင်ငံများတွင် အဆိုပါအခြေအနေများကို သိမြင်ကြ ကာ ဓာတ်အားခတက်ခြင်းအပေါ် ပြည်သူများအနေဖြင့် ဝေဖန်ခြင်းမျိုးမရှိသည်ကိုလည်း တွေ့ရှိရပါ သည်။

ပြန်လည်တည်ဆောက်ရန် အချိန်များစွာလိုအပ်

တစ်ဖက်တွင်လည်း မီတာခတိုးမြှင့်ကြောင်း ကြေညာလိုက်စဉ်တွင်ပင် ပြည်သူများဘက်က မီတာခတော့တိုးပြီး လျှပ်စစ်ကိုတော့ အပြည့်မပေးကြောင်း ဝေဖန်မှုများ မြင့်တက်လာပါသည်။ နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အားကို အလုံအလောက် မထုတ်လုပ်နိုင်သေးသဖြင့် အလှည့်ကျ ပေးနေရခြင်းဖြစ်ပြီး လျှပ်စစ်မီတာခ တိုးမြှင့်လိုသဖြင့် လျှပ်စစ်လုံလောက်လျက်သားနှင့် အလှည့်ကျ ပေးနေခြင်းမျိုးမဟုတ်သောကြောင့် မီတာခတိုးလိုက်သည်နှင့် မီးအပြည့်အဝပေးရန်မှာ မဖြစ်နိုင်သေးပါ။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးသည့် စက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ သည် ယခုချက်ချင်းဆောက်၊ ယခုချက်ချင်း မပြီးစီးနိုင်ပါ။ မဟာဓာတ်အားလိုင်းတိုင်ကြီးတစ်ခုအား ဖြိုဖျက်ရန် မိနစ်ပိုင်းသာလိုသော်လည်း ပြန်လည်တည်ဆောက်ရန် အချိန်များစွာ လိုအပ်ပါသည်။ အချို့သော စက်ပစ္စည်းကိရိယာများသည် ပြည်ပမှ ဝယ်ယူရသဖြင့် ထိုက်သင့်သည့်အချိန် လိုအပ်ပါ သည်။ မန်းမှုတ်လိုက်ရုံဖြင့်ဘွားခနဲပေါ်လာခြင်း မျိုးမဟုတ်သဖြင့် မီတာခတိုးလိုက်ရုံဖြင့် ချက်ချင်း လျှပ်စစ်အပြည့်ရနိုင်မည်တော့မဟုတ်ပါ ။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်တိုးတက် ထုတ်လုပ်နိုင်ရေးနှင့် အပြည့်အဝပေးနိုင်ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသဖြင့် မဝေးတော့သည့်ကာလတွင် ပို၍ပို၍ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်လာမည် ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ နိုင်ငံတော်က ဓာတ်အားတိုးမြှင့်ရခြင်း အကြောင်းရင်းသည် ငွေကြေးမတတ်နိုင်သည့် မိသားစုတွင် လျှပ်စစ်ယူနစ်ကို အနည်းငယ်သာ သုံးကြသဖြင့် နိုင်ငံတော်ဘက်က စိုက်ထုတ်ရခြင်း နည်းသော်လည်း လျှပ်စစ်အသုံး အဆောင်များစွာဖြင့် လျှပ်စစ်ယူနစ်အများကြီး သုံးစွဲမှုအပေါ် နိုင်ငံတော်ဘက်က အများကြီး စိုက်ထုတ်ရသဖြင့် စိုက်ထုတ်ရသက်သာစေရန် ရည်ရွယ်ဆောင်ရွက်လိုက်ခြင်းသာဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဓာတ်အားခ တိုးမြှင့်ခြင်းအပေါ် အဆိုးမြင်ဝါဒီသမားများ၏ အဆိုးမြင်ဝေဖန်ချက်များကို ဂရုမပြုကြဘဲ လျှပ်စစ်ကိုပိုမိုရရှိစေရန်အတွက် လျှပ်စစ်ဓာတ်အားကို မလိုအပ်ချိန်တွင် အသုံးမပြုခြင်း၊ တရားမဝင် ဓာတ်အားခိုးယူသုံးစွဲ ခြင်းများကို ရှောင်ကြဉ်ခြင်းဖြင့် ပြည်သူများဘက်မှ ပါဝင်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံ ရေးသားတင်ပြလိုက်ရပါသည်။ ။

No comments:

Post a Comment