Sunday, September 29, 2024

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ဌာန၊ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


ထားဝယ် စက်တင်ဘာ ၂၈

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တနင်္သာရီတိုင်း ဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ထားဝယ်လေဆိပ်သို့ရောက်ရှိပြီး ခရီးသည်များ ဆိုက်ရောက်၊ ထွက်ခွာအခြေအနေ၊ လေဆိပ်တွင် အသုံးပြုလျက်ရှိသော X-ray စက်၊ CCTV များ ကောင်းမွန်မှု ရှိ၊ မရှိ၊ လေယာဉ်ပြေးလမ်းမီးအခြေအနေ၊ လေကြောင်းထိန်းမျှော်စင်၏ ဆက်သွယ်ရေးစက်များနှင့် လေကြောင်းထိန်းစနစ်များ ကောင်းမွန်မှု ရှိ၊ မရှိအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ထားဝယ်လေဆိပ်အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာန လက်အောက်ရှိဌာန၊ အဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများအနေဖြင့် ပေးအပ်ထားသည့် ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ အမိန့်နှင့် ညွှန်ကြားချက်များအပေါ် တိကျစွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် မိမိတို့၏အဆင့်နှင့်လျော်ညီသည့် လုပ်ငန်းတာဝန်များကို အမြဲလေ့လာသင်ယူပြီး တာဝန်ယူထားရသည့် လုပ်ငန်းတာဝန်အလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ လေဆိပ်လုံခြုံရေးကိစ္စရပ်များကို လေကြောင်းရဲတပ်ဖွဲ့များ၊ သက်ဆိုင်ရာလုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် မှာကြားပြီး ထားဝယ်မြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment