Sunday, September 29, 2024

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်စိုက်ပျိုးတောင်သူ၊ ကုန်သည်၊ စက်ပိုင်များအသင်း ကုန်စည်ဒိုင် စတင်ဖွဲ့စည်းဆောင်ရွက်နေမှုနှင့် အသင်းပိုင် ဘက်စုံစိုက်ပျိုးရေးခြံအား ကြည့်ရှုစစ်ဆေး




မြစ်ကြီးနား စက်တင်ဘာ ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အေးမြသာယာအဆင့်မြင့်ဈေးအတွင်း တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်သည့် ဈေးကွက်ဝင်သီးနှံများအား လုပ်ငန်းရှင်နှင့် တောင်သူများအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ မျှတသော၊ တည်ငြိမ်သော ဈေးကွက်တစ်ခုတည်ထောင်နိုင်ရန်အတွက် ပြည်နယ်စိုက်ပျိုးတောင်သူ၊ ကုန်သည်၊ စက်ပိုင်များအသင်း ကုန်စည်ဒိုင်ဖွဲ့စည်းတည်ထောင်ထားရှိမှု အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် စက်တင်ဘာ ၂၇ ရက် နံနက် ၈ နာရီက သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့သည်။







ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အဆင့်မြင့်ဈေး အဆောင်(ဒီ) ဒုတိယထပ်တွင် စိုက်ပျိုးထုတ်လုပ်သည် တောင်သူများ၊ လုပ်ငန်းရှင်များ၊ ရောင်းဝယ်ဖောက်ကားသည့် ကုန်သည်များ၊ ကြိတ်ခွဲထုတ်လုပ်သည့် စက်ပိုင်များပါဝင်သည့် ပြည်နယ်စိုက်ပျိုးတောင်သူ၊ ကုန်သည်၊ စက်ပိုင်များအသင်း ကုန်စည်ဒိုင် စတင်ဖွဲ့စည်းပြီး ရုံးခန်းဖွင့်လှစ်၍ စိုက်ပျိုးရေးထုတ်ကုန်များဖြစ်သည့် ဆန်စပါး၊ ပဲအမျိုးမျိုး၊ ကြက်သွန်ဖြူ/နီ၊ ဒေသထွက် အသီးအနှံကုန်စည်များအား စုဆောင်းသိုလှောင်ပြီး ဖြန့်ဖြူးခြင်းရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့်အစီအစဉ်များကို အသင်းတာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အသင်း/အဖွဲ့ မှတ်ပုံတင် အမြန်ဆုံးရရှိအောင် ကူညီပေးနိုင်ရေး၊ ကုန်စည်များ ဖြန့်ဖြူးသိုလှောင်ရောင်းချရာတွင် ဈေးကွက်စနစ်မှန်ကန်ပြီး တောင်သူများ အမှန်တကယ် အကျိုးဖြစ်ထွန်းရေးကို ဦးတည်ဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ရွှေစက်ရပ်ကွက်အတွင်း အသင်းပိုင် ဘက်စုံစိုက်ပျိုးရေခြံသို့သွားရောက်ပြီး ခြံဝင်းအတွင်း စတော်ဘယ်ရီ၊ ကညွတ်ပင်နှင့် ခရမ်းချဉ်သီးပင်များ စိုက်ပျိုးချိန်မီ စိုက်ပျိုးဆောင်ရွက်ရန် စီစဉ်ထားရှိမှုနှင့် ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အသင်းမှဦးဆောင်၍ ဆောင်းသီးနှံဟင်းသီးဟင်းရွက်များအား အော်ဂဲနစ်ဈေးရောင်းပွဲတော်အဖြစ် ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်သွားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းစီမံကိန်းများအလိုက် ဒေသတွင်းဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးချေးငွေများ မတည်ပံ့ပိုးပေးနိုင်ရေးကော်မတီ၏ (၁၃/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြည်နယ်အဆင့် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ခရိုင်၊ မြို့နယ်များမှတင်ပြလာသည့် လုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဒုတိယနှစ်စက်ဝန်းဖြင့် ချေးငွေများမတည်ပေးနေမှု၊ စီမံခန့်ခွဲရန်ကျန်ရှိသည့် ငွေကြေးနှင့် ဆက်လက်တင်ပြလာသည့် လုပ်ငန်းစီမံကိန်းများကို ရှင်းလင်းတင်ပြရာ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများက တင်ပြလာသည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ချေးငွေများချထားပေးနိုင်ရေး အသီးသီးသုံးသပ်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆီမုန်ညှင်း၊ ပဲပုပ်နှင့် နေကြာသီးနှံစိုက်ပျိုးချိန်အမီ တောင်သူများချေးငွေလိုအပ်ချက်အပေါ် စနစ်တကျကွင်းဆင်းစစ်ဆေးတင်ပြနိုင်ရေး၊ လုပ်ငန်းကဏ္ဍအလိုက် ရန်ပုံငွေများကို အချိန်မီလွှဲပြောင်းပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ အသက်(၁၈)နှစ်အောက် အမျိုးသမီး/အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် အခြေခံပညာအထက်တန်းကျောင်း (ပလန)နှင့် အခြေခံပညာအထက်တန်းကျောင်း (နောင်နန်း) ယှဉ်ပြိုင်ကစားခဲ့ကြရာ ပလန ကျောင်းအသင်းက ၂ ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲတွင် ဖျော်ဖြေရေးကဏ္ဍ၌ပါဝင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်၊ ပြည်နယ်ပညာရေးမှူးတို့က ပြိုင်ပွဲဝင်ဘောလုံးအသင်းများမှ နေရာအလိုက် အကောင်းဆုံးဆုရရှိသည့် အမျိုးသား၊ အမျိုးသမီးကစားသမားများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က တတိယနှင့် ဒုတိယဆုရ အမျိုးသား/ အမျိုးသမီးဘောလုံးအသင်းများအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၏ဇနီးတို့က ပထမဆုရ အမျိုးသမီးဘောလုံးအသင်းအတွက် တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ပထမတံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ပထမဆုရ အမျိုးသားဘောလုံးအသင်းအတွက် တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရအသင်းအတွက် တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)


No comments:

Post a Comment