Sunday, September 29, 2024

ရှမ်းပြည်နယ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 



တောင်ကြီး စက်တင်ဘာ ၂၈

၂၀၂၄ခုနှစ်၊ ရှမ်းပြည်နယ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၂၇) ရက်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။







ဦးစွာပြိုင်ပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးသန်းဦးလွင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က နိုင်ငံတော်၏ ဦးတည်ချက်၊ ရည်ရွယ်ချက်များနှင့်အတူ ရှမ်းပြည်နယ်၏ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်း) နယ်မြေဒေသ(၃)ခုမှ ပြိုင်ပွဲဝင်ဦးရေ(၂၂၅)ယောက် ပါဝင်ယှဥ်ပြိုင်ကြသည့်အတွက် ဝမ်းမြောက်ဂုဏ်မိပါကြောင်း၊ ပြိုင်ပွဲတွင် ဝါသနာရှင်ပထမတန်းနှင့် ဒုတိယတန်းအဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအဆင့်နှစ်ဆင့်၊ စုစုပေါင်း (၅) ဆင့်ဖြင့် ပြိုင်ပွဲအမျိုးအစား (၂၆) မျိုးကို ယှဥ်ပြိုင်ကြရမှာဖြစ်ပါကြောင်း၊ ပြိုင်ပွဲ၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အရည်အချင်းပြည့်ဝသော အနုပညာရှင်များ ရှမ်းပြည်နယ်မှ အများဆုံးထွက်ပေါ်နိုင်စေရန် ဆုမွန်ချွေလိုပါကြောင်း၊ အမိမြန်မာပြည်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး၏ ယဥ်ကျေးမှုများ အပြန်အလှန်သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ တိုင်းရင်းသားရိုးရာအက အလှည့်ကျပြိုင်ပွဲဖြစ်သော “ချင်းတိုင်းရင်းသားရိုးရာအက” ကို ဗဟိုအဆင့်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝင်ရောက်ယှဥ်ပြိုင်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားရိုးရာအက၊ ကျေးလက်ရိုးရာအကပြိုင်ပွဲအတွက် ရှမ်းပြည်နယ်ကိုယ်စားပြုရွေးချယ်၍ ဝင်ရောက်ယှဥ်ပြိုင်ကြရမည့် တိုင်းရင်းသားရိုးရာအကအဖွဲ့များကိုလည်း ကြိုးစားပြီးယှဥ်ပြိုင်ကြရန် ပြောကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်ကိုယ်စားပြုချင်းတိုင်းရင်းသားရိုးရာအကအဖွဲ့က ကပြဖျော်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ရှမ်းပြည်နယ်အဆင့် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အလွတ်တန်း တိုင်းရင်းသားကျေးလက်အကပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ အဆိုပြိုင်ပွဲတွင် ခေတ်ဟောင်းကာလပေါ် အခြေခံပညာ(၁၀-၁၅)နှစ် အမျိုးသမီးအဆိုပြိုင်ပွဲယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ ခေတ်ဟောင်းကာလပေါ်အခြေခံပညာ(၁၅-၂၀)နှစ် အမျိုးသားအဆိုပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ ဝါသနာရှင်ဒုတိယတန်းအမျိုးသားဒုံမင်းအတီးပြိုင်ပွဲယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ ဝါသနာရှင် (ဒုတိယတန်း) အရေးပြိုင်ပွဲ ပါဝင်ယှဥ်ပြိုင်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

No comments:

Post a Comment