Sunday, September 29, 2024

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ဝန်ထမ်းများအား ဆန်၊ ဆီနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်



လွိုင်ကော် စက်တင်ဘာ

လွိုင်ကော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ဝန်ထမ်းများအား ဆန်၊ ဆီနှင့် ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က “ကယားပြည်နယ်အနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရသော ဝန်ထမ်းများအနေဖြင့် မိမိတို့မူလတာဝန်များ မပျက်အောင် တာဝန်ထမ်းဆောင်နေမှုအပေါ် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ လွိုင်ကော်မြို့နယ်အတွင်း ယခုလ(၉)ရက်နေ့မှစတင်၍ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရေစတင်ဝင်ရောက်နေ့မှစ၍ ရေဘေးကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကူညီထောက်ပံ့ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်စီမံဆောင်ရွက်ရာတွင် ဝန်ထမ်းများ၏ ကူညီပါဝင်စွမ်းဆောင်နိုင်မှုများကြောင့်လည်း ယခုကဲ့သို့ အခက်အခဲများကို ကျော်ဖြတ်နိုင်ခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များမှ လှူဒါန်းထောက်ပံ့သည့် ပစ္စည်းများအားလုံးကို ရေဘေးသင့်ပြည်သူများလက်ဝယ်သို့ မျှမျှတတရရှိစေရန် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများပြီးပါက ပြန်လည်ထူထောင်ရေးကာလများတွင်လည်း ဝန်ထမ်းများတက်ကြွစွာဖြင့် တာဝန်ထမ်းဆောင်ကြရန် တိုက်တွန်းလိုကြောင်း” စသည်ဖြင့်ပြောကြားခဲ့သည်။






ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရေဘေးသင့်ဝန်ထမ်းများကိုဌာနအလိုက် ဆန်၊ ဆီနှင့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ရာ ကိုယ်စားလှယ်များက အသီးသီးလက်ခံရယူကြသည်။ ဆက်လက်၍ တက်ရောက်လာသော ရေဘေးသင့်ဝန်ထမ်းများ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့သည်။

ယခုထောက်ပံ့ပေးအပ်ပွဲတွင် ရေဘေးသင့်ဝန်ထမ်း (၃၃၈) ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၁) သိန်းစီ၊ ဆန် (၆) ပြည်၊ ဆီ(၅၀)ကျပ်သား စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၃၈)သိန်း၊ ဆန်(၈၅)အိတ်၊ ဆီ(၁၆၉)ပိဿာနှင့် စေတနာရှင်အလှူရှင်များမှ လှူဒါန်းသည့် ကြာဇံခြောက်၊ ငါးပိထောင်း၊ ငါးသေတ္တာ၊ ဆပ်ပြာ၊ ကျား/မဝတ်အင်္ကျီ၊ ဖိနပ်စသည့် လူသုံးကုန်ပစ္စည်းများအား ရေဘေးသင့်ဝန်ထမ်းများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment