Sunday, September 29, 2024

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ထိခိုက်ပျက်စီးမိုးစပါးများ ပြန်လည်ထွန်ယက်စိုက်ပျိုးနေမှု ကြည့်ရှုအားပေး




ဘားအံ စက်တင်ဘာ ၂၉

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။







ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် ဘားအံမြို့ပေါ်ရှိ မြို့တော်ဦးကျောင်းတိုက်၊ နိဗ္ဗိန္ဒကျောင်းတိုက်၊ မိုးကယ်ကျောင်းတိုက်၊ ထောင်ဝိသာသနာ့ရံသီကျောင်းတိုက်၊ ဇွဲလင်းသာယာသံသရာငြိမ်းအေးကိုကလယ်ကျောင်းတိုက် ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြကာ အဆိုပါကျောင်းတိုက်များတွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၈၅၀ ဦးကျော်ဖြင့် ယာဉ်၊ ယန္တရားများအသုံးပြု၍ ရေကြီးရေလျှံမှုဖြစ်ပွားပြီးချိန်၊ ရေများပြန်လည်ကျဆင်းချိန်တွင် တင်ကျန်ရစ်ခဲ့သည့်သဲနှုန်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ မီးသတ်ပိုက်များဖြင့် ဆေးကြောသန့်စင်ခြင်း၊ ရေကြီးနစ်မြုပ်ခဲ့သည့် ရေတွင်းရေကန်များစုပ်ထုတ်သန့်စင်ပေးခြင်း၊ ဆေးခပ်ခြင်း၊ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ စွန့်ပစ်ပလတ်စတစ်နှင့် အမှိုက်များဖယ်ရှားခြင်း၊ ရေမြောင်းများရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ခြင်း အစရှိသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ဥပုဒ်သီတင်းသီလ ခံယူဆောက်တည်ကြသူများ ကိုယ်စိတ်နှလုံးအေးချမ်းသာယာစွာ ခံယူဆောက်တည်နိုင်ရေး ဘုန်းတော်ကြီးကျောင်းများအား အစဉ်သန့်ရှင်းသပ်ရပ်မှုရှိအောင် ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ကွင်းအမှတ် (၁၁၈၄)ထောင်ဝိကွင်း၌ ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် စိုက်ပျိုးပြီးမိုးစပါးများ ထိခိုက်ပျက်စီးခဲ့မှုအပေါ် တောင်သူများ ပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေးနှင့် ထောင်ဝိကွင်း ကုန်ထုတ်လမ်းထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဒေသခံတောင်သူများက အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး လိုအပ်သော စက်သုံးဆီ၊ မျိုးစပါး၊ သွင်းအားစုနှင့် အောင်ရေရရှိနိုင်ရေးတင်ပြဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရဲသာ(ကမော့ကစင်)ကျေးရွာအုပ်စုရှိ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးမိုးစပါးစိုက်ဧကများအား တောင်သူများက အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တောင်သူလိုအပ်ချက်များအား ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)

No comments:

Post a Comment