Sunday, September 29, 2024

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေး


မြစ်ကြီးနား စက်တင်ဘာ ၂၈

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့/ရွာများ သန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြည်စေရေး အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာအဖွဲ့အစည်းများစုဖွဲ့၍ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများနှင့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်ကောလိပ်များတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။






ထိုသို့ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မြစ်ကြီးနားမြို့၊ ရှမ်းစုတောင်ရပ်ကွက်အတွင်းရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များက ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ မူးယစ်ဆေးစွဲရောဂါကုဆေးရုံကြီး၌ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များစုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ဆေးရုံဝင်းအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များစွန့်ပစ်ခြင်း ရေမြောင်းများ ပြန်လည်တူးဖော်ပေးခြင်း စသည့်စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တစ်ပျော်တစ်ပါး ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် စီတာပူရပ်ကွက် မနောကွင်းအတွင်း၌ စည်ပင်သာယာရေးအဖွဲ့ အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များ၊ Kachin State Clean & Green Team အဖွဲ့ဝင်များစုပေါင်း၍ မနောကွင်းအတွင်းနှင့် မဂျွယ်ခန်းမတို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ၊ အထက်တန်းအဆင့်သင် ဆရာ၊ ဆရာမ(၂၀၀)ကျော်တို့အား မြစ်ကြီးနားတက္ကသိုလ်မှ ပါမောက္ခဌာနမှူးများက (၂)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည့် ကချင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေးအတွက် TOT ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ပညာရေးမြှင့်တင်မှုဦးစီးကော်မတီနှင့် ဆပ်ကော်မတီအသီးသီးကို ဖွဲ့စည်းပြီး ပညာရေးကဏ္ဍတိုးတက်မြင့်မားရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ပြည်နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဒုတိယအဆင့်ရရှိခဲ့ပြီး ယခုနှစ်တွင်လည်း အောင်ချက်မြင့်မားရေးအတွက် မွမ်းမံသင်တန်းများ ပို့ချခြင်း၊ အကြိုစာမေးပွဲများ စစ်ဆေးပေးခြင်း၊ နယ်မြေအခြေအနေအပေါ်မူတည်ပြီး စခန်းသွင့်လေ့ကျင့်ခြင်းများကို ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ပြည်နယ်၏ ပညာရေးအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် အားလုံးကဝိုင်းဝန်းကြိုးစားအားထုတ်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာအောင်ဝင်းက တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ မွမ်းမံသင်တန်းများဖွင့်လှစ်ပို့ချပေးသွားမည့်အစီအစဉ်များနှင့် သင်ရိုးညွှန်းတမ်းအလိုက်ဘာသာရပ်များအပေါ် ပို့ချပေးသွားမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ် ၂၅ သိန်းကို ပါမောက္ခချုပ်ထံ ထောက်ပံ့ပေးအပ်ကာ သင်တန်းတက်ရောက်လာကြသော ဆရာ/ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)


No comments:

Post a Comment