Sunday, September 29, 2024

ငြိမ်းချမ်းသာယာဝပြောမှုဖြင့် ခရီးသွားမြှင့်တင်

 


ခန္ဓာကိုယ်ပေါ့ပါးသွက်လက်ပြီး စိတ်ရွှင်လန်းတက်ကြွလိုပါလျှင် ခရီးသွားပါဟု အကြံပြုကြသည်။ ကမ္ဘာပေါ်ရှိနိုင်ငံအများစုမှ ပြည်သူတို့သည် တစ်နှစ်လျှင် တစ်လ အားလပ်ရက်ယူကာ တစ်နှစ်တာ ပင်ပန်းနွမ်းနယ်ခဲ့သမျှကို ခရီးသွားခြင်းဖြင့် ဖြေလျှော့လေ့ရှိကြသည်။ သက်ဆိုင်ရာတာဝန်ရှိသူတို့နှင့် လုပ်ငန်းရှင်၊ ပိုင်ရှင်များကလည်း လာမည့်တစ်နှစ်တာလုပ်ငန်းခွင်အတွင်း လန်းဆန်းတက်ကြွမှုဖြစ်စေရန်အတွက် ခရီးသွားလာခြင်းကို ခွင့်ပြုအားပေးကြသည်။

ခရီးသွားလာခြင်းကို လူတိုင်းစိတ်ဝင်စားနှစ်သက်သဖြင့် စဉ်ဆက်မပြတ် သွားလာနေကြရာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးဝန်ဆောင်မှုလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ခရီးသွားလုပ်ငန်းသည် ဝင်ငွေအများဆုံးရရှိသော စီးပွားရေးလုပ်ငန်းများတွင်ပါဝင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်သည်။ စာရင်းဇယားများအရ ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားမီအချိန် ၂၀၁၉ ခုနှစ် တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ခရီးသွားစုစုပေါင်း ၁ ဒသမ ၅ ဘီလီယံ လှည့်လည်သွားလာခဲ့ကြပြီး ခရီးသွားလုပ်ငန်းမှဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ထရီလီယံရရှိခဲ့သည်။ ခရီးသွားလုပ်ငန်းသည် ကမ္ဘာလုံးဆိုင်ရာ GDP ၁၀ ဒသမ ၃ ရာခိုင်နှုန်းရရှိခဲ့ပြီး အလုပ်အကိုင်ပေါင်း သန်း ၃၃၀ ဖန်တီးပေးနိုင်ခဲ့သည်။

ခရီးသွားလုပ်ငန်းမှတစ်ဆင့် အခွင့်အလမ်းအမျိုးမျိုးရရှိနိုင်သည်ကို ပညာရှင်များက ညွှန်းဆိုဖော်ပြကြသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ အပြည်ပြည်ဆိုင်ရာ နားလည်မှုရရှိစေရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ လူ့အခွင့်အရေးကို လေးစားရေး၊ လူမျိုးရေးခွဲခြားမှုကင်းသည့် အခြေခံလွတ်လပ်ခွင့်ရရှိရေး၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် တန်းတူအခွင့်အရေးရရှိရေးတို့ကို ညွှန်းဆိုကြသည်။ လက်တွေ့တွင် ခရီးသွားလာမှုမှတစ်ဆင့် မတူညီသည့်နိုင်ငံများနှင့် လူမျိုးများ၏သမိုင်းများ၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ အတွေးအခေါ်၊ ယုံကြည်မှု၊ ဓလေ့ထုံးစံများကိုသိရှိပြီး လေးစားလိုက်နာခြင်း၊ ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်း၊ ကမ္ဘာ့နိုင်ငံများအချင်းချင်း ခရီးသွားလာမှုပူးပေါင်းဆောင်ရွက်ခြင်း၊ ခရီးသွားအတွေ့အကြုံများမှတစ်ဆင့် ကမ္ဘာကြီးငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခြင်းအထိ အကျိုးကျေးဇူးများရရှိနိုင်သည်။

ခရီးသွားလုပ်ငန်းမှတစ်ဆင့် ပေါ်ထွက်လာမည့်အကျိုးရလဒ်နှင့် မျှော်လင့်ချက်များမှာ များစွာကျယ်ဝန်းနက်ရှိုင်းနေပေသည်။ အဓိကကျသောအချက်တစ်ခုမှာ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်မှုမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအထိ ဆောင်ကြဉ်းပေးနိုင်ရေးတွင် ခရီးသွားကဏ္ဍမှ ထိရောက်စွာအထောက်အကူပြုနေခြင်းပင်ဖြစ်သည်။ ခရီးသွား လုပ်ငန်း၏အရေးပါမှုနှင့် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်ပြီး ရရှိနိုင်သည့် လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေးစသည့် ဆိုင်ရာအကျိုးကျေးဇူးများကို ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်ပြီး ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ ဖွဲ့စည်း တည်ထောင်မှုဆိုင်ရာ ပဋိညာဉ်ကို ၁၉၇၀ ပြည့်နှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် အတည်ပြုခဲ့သည်။ ထိုနေ့ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဟု သတ်မှတ်ခဲ့သည်။

တစ်ကမ္ဘာလုံး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အားစိုက်ဆောင်ရွက်နေချိန်တွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မြင့်မားလာအောင် ဝိုင်းဝန်းပူးပေါင်း လက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဆောင်ပုဒ်မှာ “ခရီးသွားနှင့် ငြိမ်းချမ်းရေး လက်တွဲတူယှဉ်ဖော်ဆောင်ပေး” ဖြစ်သည်။ အဆိုပါဆောင်ပုဒ်သည် ခရီးသွားအဖွဲ့ဝင်နိုင်ငံများအားလုံးအတွက် ညွှန်းဆိုထားရာတွင် မြန်မာနိုင်ငံအနေဖြင့် အဓိကသက်ဆိုင်နေပေသည်။ မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် အရင်းအမြစ်များစွာ ပိုင်ဆိုင်ထားပြီး မတူကွဲပြားခြားနားသည့် ယဉ်ကျေးမှုများနှင့် တိုင်းရင်းသားလူမျိုး စုပေါင်း ၁၀၀ ကျော် ပေါင်းစည်းနေထိုင်ကြသည်။ အရှေ့တောင်အာရှဒေသတွင် မဟာဗျူဟာမြောက်တည်ရှိပြီး မပျက်စီးသေးသည့် ကမ်းခြေခရီးစဉ်ဒေသများ၊ ကျွန်းစုများ၊ မြင့်မားသည့်တောင်တန်းများ၊ မြေဩဇာကောင်းသည့် မြေပြန့်လွင်ပြင်များ ပေါများကြွယ်ဝသည့်နိုင်ငံဖြစ်သည်။

ထို့အပြင် ထူးခြားသည့် သဘာဝအလှအပများ၊ သမိုင်းဝင်ရှေးဟောင်း ယဉ်ကျေး မှုအမွေအနှစ်များ၊ ချစ်ခင်နှစ်လိုဖွယ်ကောင်းသည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် လူနေမှုဘဝပုံစံများသည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ပိုမိုလာရောက်နိုင်သည့် ဆွဲဆောင်မှုအားကောင်းသော ကိုယ်ပိုင်ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည်။ မြန်မာနိုင်ငံသို့ ယမန်နှစ်က ပြည်ပခရီးသွားဧည့်သည်တစ်သန်းကျော် လာရောက်ခဲ့ပြီး ယခုနှစ်ပထမငါးလတွင် ခရီးသွားငါးသိန်းကျော် ဝင်ရောက်ခဲ့ပြီဖြစ်သည်။ သို့သော် အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးသည့်အရေအတွက်ဖြစ်နေသည်။ အကြောင်းမှာ ဒေသတည်ငြိမ် အေးချမ်းဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးမှာ အဓိကအချက်ဖြစ်နေရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းသာယာဝပြောရေးလုပ်ငန်းများတွင် အားလုံး ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:

Post a Comment