Sunday, September 29, 2024

ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသောရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ဒုတိယအကြိမ်ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်



နေပြည်တော် စက်တင်ဘာ ၂၈

မြန်မာနိုင်ငံအတွင်း ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရ သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ဒုတိယအကြိမ် ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အလှူငွေများလက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။













အခမ်းအနားသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စေတနာရှင်အလှူရှင်များ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှု အခြေအနေများ၊ ရှာဖွေကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများကို မှတ်တမ်းတင်ထားသည့် “သဘာဝဘေးဒဏ် ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားမှုနှင့်အတူ ပြန်လည်ထူထောင်ရေးမှာ တက်ညီလက်ညီ ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါစို့” Video Clip ကို ဖွင့်လှစ်ပြသသည်။

အလှူငွေများ အသီးသီးပေးအပ်လှူဒါန်း

ထို့နောက် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ဝန်ထမ်းများ၊ ပြည်တွင်း ပြည်ပစေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ဆက်လက်ပြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ဝန်ထမ်းများ၊ အသင်းအဖွဲ့များနှင့် ပြည်တွင်း ပြည်ပ စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ဆက်လက် ပေးအပ်လှူဒါန်းကြရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်ကြီး ညိုစောတို့က အသီးသီးလက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

သဘာဝဘေးဖြစ်ပေါ်ခဲ့မှုအခြေအနေများနှင့် လှူဒါန်းမှုများအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြား

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အလှူငွေများ ပေးအပ်လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေများ ပေးအပ်ကြမှုအပေါ် နိုင်ငံတော်အနေဖြင့် ကျေးဇူးတင်ရှိပါ ကြောင်း၊ ယခုအကြိမ်သည် ဒုတိယအကြိမ်လှူဒါန်းမှုဖြစ်ပြီး ပထမအကြိမ်လှူဒါန်းမှုအခမ်းအနားတွင် (ငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံ)ကျော်ကို လက်ခံရရှိခဲ့ကြောင်း၊ အခက်အခဲများကြားမှ စိတ်စေတနာ ထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်နိုင်ရေးအတွက် အလှူငွေလက်ခံခြင်းများကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ယနေ့ ဒုတိယအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ငွေကျပ် ၁၀ ဘီလီယံကျော်ကို ပေးအပ် လှူဒါန်းခဲ့ကြကြောင်း၊ အလားတူ မိမိတို့အစီအစဉ်ဖြင့် ရေဘေးသင့်ဒေသများကို သွားရောက်လှူဒါန်းလျက်ရှိသည့် စေတနာရှင်ပြည်သူများသည်လည်း များစွာရှိပြီး မိမိတို့နိုင်ငံသား များအနေဖြင့် လူမှုရေးကိစ္စရပ်များတွင် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းလိုသည့် စိတ်ရင်းစေတနာများ၊ အခြေခံစိတ်ဓာတ်ကောင်းများကို ဝမ်းမြောက်ဖွယ်တွေ့ရကြောင်း၊ ကောင်းမွန်ပြီး ဂုဏ်ယူဖွယ်ရာစိတ်ဓာတ်များပင်ဖြစ်ပြီး နိုင်ငံသားတိုင်းအနေဖြင့် ထိုကဲ့သို့ စိတ်ရင်းစေတနာ၊ စိတ်ဓာတ်ကောင်းတို့ဖြင့် ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားပြီး သဘာဝဘေးဖြစ်ပေါ်ခဲ့မှုအခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရေး လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့သည့်အခြေအနေများ၊ မိုခါမုန်တိုင်းဒဏ်ကြောင့် ရေဝင်၊ ရေဝပ်မှုဖြစ်ပေါ်ခဲ့မှုများကို သင်ခန်းစာယူ၍ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၌ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခု မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိခဲ့သည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြောကြားရာတွင် မိမိတို့အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးဒဏ် များကို သင်ခန်းစာယူပြီး နောင်ဖြစ်ပေါ်ချိန်များတွင် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်စေရေး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတွင်းရှိ မြစ်များ၊ ချောင်းများ တစ်လျှောက်၌ ရေလမ်းကြောင်းထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျဖြင့် နှစ်စဉ်ဆောင်ရွက် သွားရန်လိုကြောင်း၊ စာသင်ကျောင်းများ၊ ဆေးရုံများအပါအဝင် အများပြည်သူလူထုနှင့် သက်ဆိုင်သည့် အဆောက်အဦများ၊ မြို့ပြများ အသစ်တည်ဆောက်ရာတွင်လည်း ဖြစ်ပေါ်လာနိုင် သည့် သဘာဝဘေးအန္တရာယ်ကို အဘက်ဘက်မှ ထည့်သွင်းတွက်ချက်စဉ်းစား၍ မြေနေရာ ရွေးချယ်ဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ခြင်းများကို လုပ်ဆောင်သွားရန် လိုကြောင်း။

သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့မှုများကို အမြန်ဆုံးပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပျက်စီးခဲ့သည့်နေအိမ်များအတွက် လည်း နိုင်ငံတော်အနေဖြင့် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အချိန်တိုအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ပျက်စီးခဲ့ရသည့် စိုက်ပျိုးမြေများ၌လည်း သင့်လျော်သည့် သီးနှံများကို ပြန်လည်စိုက်ပျိုးနိုင်ရန် လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်အရင်းအနှီးများကို နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း တတ်နိုင် သည့်ဘက်မှ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ထိုသို့ ဆောင်ရွက်မည်ဆိုပါက ထိခိုက်ခဲ့ရသည့် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်လည်ပတ် နိုင်မည်ဖြစ်သကဲ့သို့ ကုန်ထုတ်လုပ်မှုများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေး လုပ်ငန်းများကိုလည်း အလားတူဆောင်ရွက်ပေးနိုင်ရေး စဉ်းစားပေးကြရန်လိုကြောင်း။

အတူတကွ ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လို

အလှူရှင်များ၏ သန့်ရှင်းသောစိတ်ဖြင့် လှူဒါန်းခဲ့သည့် လှူဒါန်းမှုများကို အမှန်တကယ် လိုအပ်နေသူများထံသို့ ရောက်ရှိနိုင်ရေး စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အရောင်အသွေးကင်းရှင်းစွာဖြင့် လှူဒါန်းလာသည့် ပြည်ပမှလှူဒါန်းမှုများကိုလည်း မိမိတို့အနေဖြင့် စနစ်တကျ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စေတနာရှင် အလှူရှင်များအနေဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ နိုင်ငံသူ၊ နိုင်ငံသားများ၏ ပညာရည်မြှင့်တင်မှုလုပ်ငန်းများတွင် လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ရေဘေးဒဏ်ကျရောက်ခဲ့ရ သည့် ကျောင်းများအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကလေးငယ်များ၏ ပညာရေး နောက်ကျမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရတစ်ခုတည်း ဆောင်ရွက်၍မရဘဲ မိမိတို့အားလုံး ဝိုင်းဝန်းဆောင်ရွက်မှသာလျှင် နိုင်ငံတော်တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်နိုင် မည်ဖြစ်ကြောင်း၊ ယနေ့တွင် လာရောက်လှူဒါန်းကြသည့် စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များတွင် မိမိတို့တတ်နိုင်သည့် နယ်ပယ်မှ အတူတကွဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတနာရှင်၊ အလှူရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ယနေ့ နေပြည်တော် မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် စုစုပေါင်းအလှူငွေ (ငွေကျပ် ၁၀ ဒသမ ၅ ဘီလီယံ) ကျော်ကို လက်ခံရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment