Sunday, September 29, 2024

ပြည်သူ့အ‌ရေး အလေးပေး

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော် တာဝန်လွှဲအပ်နိုင်ရေးပင်ဖြစ်သည်။ ယင်းအတွက် အခြေခံအကျဆုံးလိုအပ်ချက်မှာ နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုအပြည့်အဝရရှိရေးတို့ဖြစ်သည်။ ပါတီစုံ ဒီမိုကရေစီစနစ်သည် ပြည်သူများ၏ဆန္ဒဖြစ်ပြီး ပါတီစုံဒီမိုကရေစီစနစ်၏ အနှစ်သာရဖြစ်သော ရွေးကောက်ပွဲကျင်းပရေးလုပ်ငန်းစဉ်များ တိုးတက်ဖြစ်ထွန်းလျက်ရှိသည်နှင့်အညီ ပြည်တွင်း၌ ဖြစ်ပေါ်လျက်ရှိသည့် တိုက်ခိုက်မှုများနှင့် အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများ ရပ်ဆိုင်းကာ ‌ဒေသအားလုံးတွင် တည်ငြိမ်အေးချမ်းမှုများ တည်ဆောက်နိုင်ရန်လိုအပ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စက်တင်ဘာ ၂၆ ရက်တွင် နိုင်ငံ‌ရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ခြင်းနှင့်စပ်လျဉ်းသည့် အဓိကအကြောင်း ရင်းသုံးရပ်မှာ မျက်မှောက်ကာလ ပြည်တွင်းအခြေအနေအရပ်ရပ်၊ ပြောင်းလဲလာသည့် နိုင်ငံတကာအခြေအနေများနှင့် တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် EAO အချို့၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ ဆန္ဒသဘော ထားတို့ကြောင့်ပင်ဖြစ်သည်။ ရာဂီမုန်တိုင်းနှင့်ဆက်စပ်၍ ဖြစ်ပေါ်ခဲ့သည့် ရုတ်တရက်ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်စုစုပေါင်း ကိုးခုရှိ မြို့နယ် ၅၄ မြို့နယ် (ပြည်တွင်းရှိ မြို့နယ်စုစုပေါင်း၏ ၁၆ ရာခိုင်နှုန်း) တွင် နေထိုင်ကြသော ပြည်သူများ သိန်းနှင့်ချီ၍ ခံစားခဲ့ကြရသည်၊၊ စိုက်ပျိုးထားသည့် စိုက်ခင်းများ၊ ရိတ်သိမ်းသိုလှောင်ထားသည့် သီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရသလို မွေးမြူထားသည့်တိရစ္ဆာန်များ ရေနောက်မျောပါဆုံးရှုံးခဲ့ရသည်၊၊ ရေဘေးဒဏ်ပြင်းပြင်းထန်ထန်ခံစားကြရသည့် ကျေးရွာများတွင် အသက်ကိုပင်အနိုင်နိုင် ရုန်းကန်ရှင်သန်ခဲ့ကြရသူများမှာ စီးပွားဥစ္စာအားလုံး ဆုံးရှုံးသွားကြပြီး လောလောဆယ်တွင် ကူညီကယ်ဆယ်လှူဒါန်းမှုများအပေါ် အမှီပြုနေကြရသည်။

သဘာဝဘေးအန္တရာယ်ကို မကြုံစဖူး ဆိုးဆိုးရွားရွားခံစားခဲ့ကြရသည့် ဒေသအားလုံးမှ ပြည်သူအားလုံးကို ကူညီထောက်ပံ့မှုများ ပြုလုပ်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်‌ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းရန်လိုသည်။ ဘေးဒုက္ခကြုံတွေ့ခဲ့ရသည့် ပြည်သူကို ကူညီကယ်ဆယ်ရာတွင် အနှောင့်အယှက်ကင်းရန်လိုသည်။ ယင်းသို့သောအခြေအနေ တွင် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး၊ အကြမ်းဖက်အဖြစ် ကြေညာထားသည့်အဖွဲ့များပါမကျန် နိုင်ငံရေးပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့် ဖြေရှင်းရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကမ်းလှမ်းဖိတ်ခေါ်လိုက်ခြင်းမှာ အထက်တွင်ဖော်ပြခဲ့သည့်အဓိကအကြောင်းရင်းသုံးရပ်အပြင် အခက်အခဲ၊ အကျပ်အတည်းများ၊ ဘေးဒုက္ခများအကြား ကျရောက်နေသော ပြည်သူလူထုအပေါ် စာနာထောက်ထားခြင်းဟူသော အကြောင်းကြောင့်လည်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို အတိအလင်းချမှတ်၍ အန္တိမရည်မှန်းချက်ပန်းတိုင်ဆီသို့ မဆုတ်မနစ်လျှောက်လှမ်းနေခြင်းဖြစ်သည်၊၊ လာမည့် အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း စတင်ကောက်ယူတော့မည်ဖြစ်ရာ အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်မည့် အဆိုပါလုပ်ငန်းစဉ်ကြီးမှတစ်ဆင့် မဲစာရင်းများပြုစုနိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်လာမည်ဖြစ်သည်။ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ပါတီနိုင်ငံရေးလမ်း‌ကြောင်း၊ ‌ရွေးကောက်ပွဲလမ်းကြောင်းမှသာ နိုင်ငံရေးယုံကြည်ချက်ကို အကောင်အထည်ဖော်ကြရမည်ဖြစ်ရာ နိုင်ငံနှင့် ပြည်သူအတွက် ထိခိုက်နစ်နာဆုံးရှုံးမှု ကြီးမားစေသည့် အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ ပြည်သူ့အရေးအလေးပေး၍ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးကြရပါမည့်အကြောင်း။ ။

No comments:

Post a Comment