Monday, June 24, 2024

ကမ္ဘာပေါ်က အစောဆုံးသမဝါယမအကြောင်း သိကောင်းစရာ


မြင့်စိုး(နတလ)

ကမ္ဘာ့ပထမဆုံး သမဝါယမအသင်း ရော့ခ်ဒေးလ်သမဝါယမစနစ်သည် ခရစ်နှစ် ၁၈၀၀ ကျော်နှင့် ၁၉ ရာစုအတွင်း ဥရောပနိုင်ငံအချို့တွင် တဖြည်းဖြည်း စတင်ပေါ်ပေါက်လာနေပြီဖြစ်သည်။ ၁၉ ရာစုအတွင်း ပေါ်ပေါက်လာသည်ဆိုရာတွင် အဆိုပါသမဝါယမစနစ်ကို လူအများ အမှန်တကယ် အကျိုးရှိရှိခံစားနိုင်အောင် ထိရောက်အောင်မြင်စွာကျင့်သုံးနိုင်ခဲ့သော ကမ္ဘာ့ပထမဆုံးသမဝါယမအသင်း စတင်တည်ထောင်ဖွဲ့စည်းခဲ့သည့်အချိန်ကာလကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ စီးပွားရေးကျပ်တည်းလာမှု၊ စားဝတ်နေရေးမပြေလည်မှု၊ လူမှုရေးအခက်အခဲများဖြစ်ပေါ်လာမှုတို့ကြောင့် ဆင်းရဲဒုက္ခများစွာ ကြုံတွေ့လာရသောအခါ ယင်းအခြေအနေမှ လွတ်မြောက်ရန်အတွက် ၁၈ ရာစု အလယ်ပိုင်းလောက်တွင် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့ကြရင်း ရှေ့ပြေးသမဝါယမအသင်းများကို စမ်းသပ်ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။






ဥရောပတိုက်ရှိ ဗြိတိန်နိုင်ငံသည် ၁၈၃၆ ခုနှစ်မှစ၍ စီးပွားရေးအခြေအနေများ ဆုတ်ယုတ်လာကာ ၁၈၄၀ မှ ၁၈၄၉ ခုနှစ်များအတွင်း စီးပွားရေးကပ်ဆိုက်ခဲ့သည်။ အဆိုပါဆိုးရွားလှသော စီးပွားရေးဆုတ်ကပ်ကို ချည်ထည်နှင့်သိုးမွေးထည်များရက်လုပ်မှုဖြင့် အသက်မွေးဝမ်းကျောင်းကြသည့် လင်ကရှိုင်းယား (Lancashire) နယ်လည်း တွေ့ကြုံခံစားကြရသည်။ ထိုနယ်အတွင်းရှိ ရော့ခ်ဒေးလ်မြို့လေးတွင် လူဦးရေ ၂၅၀၀၀ ခန့် နေထိုင်လျက်ရှိကြပြီး ချည်ထည်သိုးမွေးထည်များကို ရှေးနှစ်ပေါင်းများစွာကတည်းက လက်ရက်ကန်းများဖြင့်ရက်လုပ်ရင်း အသက်မွေးခဲ့ကြသည်။ ထိုသို့နေလာ ရာကယင်းမြို့လေးသို့ ၁၈၂၀ ပြည့်နှစ်တွင် ချည်ထည်ရက်လုပ်သော စက်ရက်ကန်းများ ရောက်ရှိလာသည်။ ၁၈၃၁ ခုနှစ်တွင် သိုးမွေးထည်ရက်လုပ်သော စက်များရောက်ရှိလာကြသည်။ ဒေသခံများက ၁၈၄၀ ပြည့်နှစ်စွန်းစွန်းထိ လက်ရက်ကန်းများ ရက်လုပ်ရင်း နေထိုင်လာခဲ့ကြရာ အချိန်ကြာလာသည်နှင့်အမျှ စက်ရက်ကန်းအလုပ်ရုံများကို မယှဉ်ပြိုင်နိုင်တော့ပေ။ မိမိတို့လက်ရက်ကန်းများကို စွန့်လွှတ်ကာ စက်ရက်ကန်းအလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်ကြရတော့သည်။ အချို့က အလုပ်လက်မဲ့ဖြစ်ကုန်ကြသည်။ စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်သူများရော၊ အလုပ်လက်မဲ့များပါ အရင်းရှင်စနစ်ဆိုး၏ဒဏ်ကို အလူးအလဲကြုံတွေ့ခဲ့ကြရသည်။ ကုန်စုံဆိုင်များတွင် အမျိုးအစားညံ့ဖျင်းသော၊ ရောနှောထားသော စားသောက်ကုန်များကို မတန်တဆဈေးကြီးပေး၍ ဝယ်စားကြရသည်။ လုပ်ခများကိုလည်း သုံးပုံတစ်ပုံမှသည် ထက်ဝက်ခန့်ထိ လျှော့ချပေးချေလာကြသည်။ လုပ်ခလျှော့ပေးမှုကို ကန့်ကွက်သော သပိတ်မှောက်မှုများကိုမူ ၁၈၀၈ ခုနှစ်ကတည်းက ဥရောပတွင် မြင်တွေ့လာရပြီဖြစ်သည်။

၁၈၄၃ ခုနှစ်တွင် ရော့ခ်ဒေးလ်မြို့ စက်ရုံများမှအလုပ်သမားများ သပိတ်မှောက်ကြသည်။ သို့သော် အရင်းရှင်တို့၏ဖိနှိပ်မှုကြောင့် အောင်မြင်မှုမရဘဲ အလုပ်လက်မဲ့များဖြစ်သွားကြသည်။ ဆင်းရဲဒုက္ခများ ပိုမိုတွေ့ကြုံလာရသဖြင့် ယင်းဒုက္ခများမှ လွတ်မြောက်ရန်နှင့် ဆက်လက်လုပ်ကိုင်မည့် လုပ်ငန်းစဉ်များချမှတ်နိုင်ရေးအတွက် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြသည်။ မိမိတို့ဘဝရပ်တည်နိုင်ရေးအတွက် လောလောဆယ်အရေးကြီးဆုံးဖြစ်သည့် လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ်ကြသည်။ ကမ္ဘာ့သမဝါယမသမိုင်းတွင် ထင်ရှားသောပုဂ္ဂိုလ်များဖြစ်ကြသည့် ဗြိတိန်နိုင်ငံသား ရောဘတ်အိုဝင် (၁၇၇၁-၁၈၅၈)၊ ဒေါက်တာဝီလျမ်ကင်း (၁၇၈၆-၁၈၆၅) တို့၏ အတွေးအခေါ်များနှင့် လုပ်ငန်းစဉ်များကို ပြန်လည်ဖော်ထုတ်သုံးသပ်ဆွေးနွေးခဲ့ကြသည်။ ယင်းသို့ တိုင်ပင်ဆွေးနွေးကြရာတွင် စားသုံးကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး၊ အမျိုးအစားမှန်ကန်သောစားသုံးကုန်များကို အန္တာရာယ်ကင်းစွာ ဝယ်ယူစားသုံးနိုင်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်သောနေအိမ်များတွင် သက်သာချောင်ချိစွာနေထိုင်ရေး စသောအဓိကလိုအပ်ချက်များကို လက်တွေ့ကျကျစဉ်းစားပြီး စားသုံးကုန်များရောင်းချသည့် ကုန်စုံဆိုင်တစ်ခုကို တည်ထောင်ဖွင့်လှစ်ရန်ဆုံးဖြတ်ခဲ့ကြသည်။

ယင်းဆုံးဖြတ်ချက်အရ ရော့ခ်ဒေးလ်မြို့မှ ဖလန်နယ်ရက်ကန်းရက်လုပ်သူ ၂၈ ဦးသည် စိတ်တူကိုယ်တူဖြင့် ကုန်စုံဆိုင်ထူထောင်ရန်လိုအပ်သော မတည်ရင်းနှီးငွေအတွက် တစ်ဦးလျှင် ဗြိတိန်သုံးငွေ ၁ ပဲနိမှ ၁ သျှီလင်အထိ ထည့်ဝင်စုဆောင်းကြရာ တစ်နှစ်အကြာတွင် စတာလင်ပေါင် ၂၈ ပေါင် ရရှိခဲ့ကြသည်။ ထို့နောက် ချားလ်စ်ဟောက်ဝပ်သ် (Charles Howarth) အမည်ရှိ ပုဂ္ဂိုလ်က ဦးဆောင်၍ ၁၈၄၄ ခုနှစ်တွင် ရော့ခ်ဒေးလ်ကုန်စုံဆိုင် သမဝါယမ အသင်းကို တည်ထောင်ခဲ့ကြသည်။ ယင်းသို့ ဖွဲ့စည်းပြီးနောက် ရော့ခ်ဒေးလ်မြို့ တုဒ်လိန်း (Toad Lane) လမ်းသွယ်လေးရှိ ဂိုဒေါင်အောက်ထပ်၌ ရော့ခ်ဒေးလ်ရှေ့ဆောင်လမ်းပြများ၏ သမဝါယမကုန်စုံဆိုင်ကို ၁၈၄၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြသည်။ ပထမဆုံးရောင်းချသည့် ပစ္စည်းများမှာ ဂျုံ၊ သကြား၊ ထောပတ်၊ အုတ်မီးလ် (Oatmeal) နှင့် ဖယောင်းတိုင်ဆိုသည့် ပစ္စည်းငါးမျိုးဖြစ်ပါသည်။ အသင်းသားများကိုယ်တိုင် အခကြေးငွေမယူဘဲဆိုင်တွင် အလှည့်ကျတာဝန်ယူရောင်းချခဲ့ကြသည်။ ပစ္စည်းငါးမျိုးသာ ရောင်းချပေးနေရာမှ ၁၈၄၆ ခုနှစ်တွင် အမဲသား၊ သိုးသားများ ထည့်သွင်းရောင်းချခဲ့ပြီး ၁၈၄၇ ခုနှစ်တွင် အထည်အလိပ်အရောင်းဌာန စတင်ဖွင့်လှစ်ခဲ့သည်။ ၁၈၅၀ ပြည့်နှစ်တွင် အသင်းပိုင်ဂျုံစက်တည်ထောင်သည်။ ထိုနှစ်တွင် လက်ကားအရောင်းဌာနကို ဖွင့်လှစ်ခဲ့သည်။ ၎င်းပြင် ၁၈၅၂ ခုနှစ်တွင် ဖိနပ်ချုပ်လုပ်ငန်း၊ ၁၈၅၃ ခုနှစ်တွင် အပ်ချုပ်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါသည်။ ရော့ခ်ဒေးလ် သမဝါယမကုန်စုံဆိုင်အား ပထမ ၁၀ နှစ်တာကာလ၌ အထက်ပါအတိုင်း ဖြည်းဖြည်းမှန်မှန် တိုးချဲ့ဖွင့်လှစ်ခဲ့ကြသည်။ တစ်ပိုင်တစ်နိုင်လုပ်ငန်းများကို စနစ်တကျတိုးချဲ့ခဲ့ကြရာ ယနေ့အချိန်ထိ နှစ်ပေါင်း ၁၈၀ ကျော်တိုင် ဗြိတိန်နိုင်ငံ၏ ရော့ခ်ဒေးလ်သမဝါယမအသင်းသည် အခြေခိုင်ခိုင်နှင့် အောင်မြင်ဖြစ်ထွန်းနေကြောင်းသိရပါသည်။

ရော့ခ်ဒေးလ်သမဝါယမအသင်း၏ အောင်မြင်ရသော အကြောင်းရင်းများ

၁၈၄၄ ခုနှစ်တွင် အသင်းသား ၂၈ ဦးဖြင့် စတင်ခဲ့သော ရော့ခ်ဒေးလ် သမဝါယမအသင်း ဆယ်စုနှစ် တစ်ခုအတွင်းမှာပင် ဖြည်းဖြည်းချင်းတိုးတက်လာခဲ့ လေရာ ၁၈၅၂ ခုနှစ်တွင် စက်မှုလက်မှုနှင့် ချွေတာရေးအသင်းများဆိုင်ရာအက်ဥပဒေကို ဗြိတိသျှပါလီမန်က ပြဋ္ဌာန်းပေးရသည်အထိ ဆောင်ရွက်နိုင်ခဲ့ကြသည်။ ထို့ပြင် သမဝါယမအသင်းများပူးပေါင်း၍ လက်ကားသမဝါယမအသင်းများကို ဖွဲ့စည်းပေးနိုင်ခဲ့သည်။ ၁၈၅၂ ခုနှစ် အက်ဥပဒေကိုပြင်ဆင်၍ အသင်းစုများ၊ အဖွဲ့ချုပ်များဖွဲ့စည်းနိုင်မည့်ပြဋ္ဌာန်းချက်များ ၁၈၆၂ ခုနှစ်တွင် ဖြည့်စွက်ပြဋ္ဌာန်းပေးခဲ့သည်။

ရော့ခ်ဒေးလ်သမဝါယမအသင်း အောင်မြင်မှုရခဲ့သော အကြောင်းရင်းများစွာထဲမှ အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) ရော့ခ်ဒေးလ် သမဝါယမအသင်း၏ ရှေ့ဆောင်လမ်းပြများသည် ယထာဘူတကျကျ တွေးခေါ်လုပ်ဆောင်နိုင်ရန်အတွက် အလိုအပ်ဆုံးဖြစ်သည့် ကိုယ်တွေ့ဗဟုသုတအတွေ့အကြုံများသူများ ဖြစ်ကြသည်။

(ခ) ဦးဆောင်သူများအနေဖြင့် ရောဘတ်အိုဝင်နှင့် ဒေါက်တာဝီလျမ်ကင်းတို့ စဉ်းစားခဲ့ကြသည့် ကိုလိုနီ (သို့မဟုတ်) ကော်မြွန်းဟုခေါ်သည့် စုပေါင်းကျေးရွာ တည်ဆောက်ရေးကို ပထမဦးစားပေး မဆောင်ရွက်ခဲ့ကြဘဲ လက်တွေ့ကျသော အဓိကလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သော ကုန်စုံဆိုင်သမဝါယမအသင်းကို ထူထောင်နိုင်ခဲ့ကြသည်။

(ဂ) ရော့ခ်ဒေးလ် သမဝါယမအသင်း တည်ထောင်ရန်အတွက် လိုအပ်သောအရင်းအနှီးကို မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်စေတနာရှင်များထံမှ ရယူချေးငှားခြင်း မပြုဘဲ မိမိတို့ကိုယ်တိုင် စုဆောင်းငွေ များဖြင့် ကိုယ့်ဒူးကိုယ်ချွန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

(ဃ) မိမိတို့အသင်းသားများ၏ စားဝတ်နေရေးပြဿနာများကို ညီညီညွတ်ညွတ် စုပေါင်းဖြေရှင်းလျှင် အောင်မြင်မှုရနိုင်သည်ဆိုသော ခိုင်မာသည့်ယုံကြည်ချက်ရှိကြသည်။

(င) လုပ်ငန်းများကို အလောတကြီး တိုးချဲ့လုပ်ကိုင်ခြင်းမပြုဘဲ ဝန်နှင့်အားမျှတသည့် အချိန်ကျမှသာလျှင် ဖြည်းဖြည်းနှင့်မှန်မှန် စနစ်တကျတိုးချဲ့လုပ်ကိုင်ခဲ့ကြသည်။

ရော့ခ်ဒေးလ်သမဝါယမအသင်းသည် ကမ္ဘာပေါ်ရှိ အခြားသမဝါယမအသင်းများအတွက် ရှေ့ဆောင်လမ်းပြအဖြစ် စံနမူနာယူရသည်အထိ ထူးချွန်စွာဆောင်ရွက်နိုင်ခဲ့သလို ခိုင်မာသည့် သမဝါယမအခြေခံမူများကို ချမှတ်နိုင်ခဲ့သည်။ သည့်အတွက် ရော့ခ်ဒေးလ် သမဝါယမအသင်းသည် ကမ္ဘာ့သမဝါယမသမိုင်းတွင် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းပြုခဲ့ကြသလို သမဝါယမစနစ်သည် ၁၉ ရာစုနှစ်အတွင်း ဥရောပတိုက်ရှိ ဗြိတိန်နိုင်ငံမှ စတင်ပေါ်ထွန်းလာခဲ့ကြောင်း သမိုင်းမှတ်တမ်းဝင်ခဲ့သည်။

ကမ္ဘာနှင့်မြန်မာ နှိုင်းယှဉ်ကြည့်သောအခါဝယ်

ရော့ခ်ဒေးလ်သမဝါယမအသင်းကို ၁၈၄၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စတင်တည်ထောင်သည်။ မြန်မာနိုင်ငံတွင်မတော့ ၁၉၀၄ ခုနှစ်တွင် သမဝါယမအက်ဥပဒေပြဋ္ဌာန်းပြီး ၁၉၀၅ ခုနှစ်တွင် သမဝါယမအသင်းများ စတင်ဖွဲ့စည်းတည်ထောင်သည်။ ဆိုတော့ကာ ဥရောပတိုက်ရှိ ဗြိတိန်နိုင်ငံ၌ ရော့ခ်ဒေးလ်သမဝါယမအသင်း တည်ထောင်ပြီး နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ပြီးမှ မြန်မာနိုင်ငံတွင် သမဝါယမအသင်းများ စတင်ပေါ်ပေါက်လာခဲ့ ခြင်းဖြစ်သည်။ ရော့ခ်ဒေးလ်သမဝါယမအသင်း၏ တိုးမြှင့်အကောင်အထည်ဖော်သော လုပ်ငန်းများစွာ အနက် ၁၈၅၀ ပြည့်နှစ်တွင် လက်ကားအရောင်းဌာနများ ဖွင့်လှစ်ခဲ့ခြင်းလည်း အပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံ၌မူ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ခရိုင်သမဝါယမအဖွဲ့ ၁၄ ဖွဲ့ကို စုစည်း၍ ပြည်ထောင်စုလက်ကား သမဝါယမအဖွဲ့ချုပ်ကို တည်ထောင်ခဲ့ကြောင်းတွေ့ရသည်။ ယင်းသို့ လက်ကားသမဝါယမအဖွဲ့ချုပ် ပေါ်ပေါက်လာပြီး နောက် ၁၉၅၇ ခုနှစ်တွင် မြို့နယ်စုလက်ကား သမဝါယမအသင်း၊ ခရိုင်စုလက်ကားသမဝါယမအသင်းများ တိုးချဲ့ဖွဲ့စည်းလာခဲ့ကြသည်။

သမဝါယမအထူးအရာရှိ ဆရာကြီးသိပ္ပံမှူးတင်

လက်ကားသမဝါယမအသင်းများ ဖွဲ့စည်းမှုကို လေ့လာသိရှိအကြောင်းပြုလျက် မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ သမဝါယမ အထူးအရာရှိ၊ လက်ကားသမဝါယမအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌတာဝန်ထမ်းဆောင်သွားခဲ့သော စာရေးဆရာ အဘသိပ္ပံမှူးတင်၏ အတွေ့အကြုံများအား အမှတ်ရမိသည်။ ဆရာကြီးက သူ၏သမဝါယမ အထူးအရာရှိ အတွေ့အကြုံများကို မြန်မာ့သမဝါယမ နှစ်တစ်ရာ ရာပြည့်မဂ္ဂဇင်း (၁၉၀၅-၂၀၀၅) တွင် ရေးသား ခြယ်မှုန်းခဲ့ခြင်းဖြစ်၏။ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာပေါင်းများစွာထဲက ကျွန်တော်အာရုံစူးစိုက်မိသောကိစ္စရပ် ၃/၄ ခုကို ပြန်လည်မျှဝေလိုပါသည်။ သမဝါယမ အထူးအရာရှိတာဝန်ကို ထမ်းဆောင်စဉ် ဆရာကြီးသည် စက်မှုဝန်ကြီးဌာနမှ အရာရှိနှစ်ဦးနှင့်အတူ ဂျာမနီနိုင်ငံသို့ အသေးစားစက်မှုလေ့လာရေးခရီးစဉ်ကိုလည်းကောင်း၊ တစ်ကိုယ်တော်ခရီးဖြင့် ပြင်သစ်၊ ဟော်လန်၊ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေ၊ အင်္ဂလန်၊ ဆွစ်ဇာလန်၊ အီတလီအစရှိသည့် နိုင်ငံများသို့လည်းကောင်း လေ့လာရေး ခရီးစဉ်များ သွားခဲ့ရသည်။ စားသုံးသူ သမဝါယမ၊ ကုန်ထုတ်လုပ်မှုသမဝါယမများကို လေ့လာကြည့်ရှုခဲ့သည်။ မြန်မာနိုင်ငံ လက်ကားသမဝါယမအဖွဲ့ချုပ်မှ တင်ပို့ရောင်းချလိုက်သော ပဲဖတ်၊ နှမ်းဖတ်များဖြင့် ဆွီဒင်၊ နော်ဝေ၊ ဒိန်းမတ်တို့တွင် ကြက်၊ ဝက်၊ နွား များ မွေးမြူနေသည်ကို တွေ့ခဲ့ရသည်။ ဧရာမခြံကြီးများ၊ မွေးမြူရေးစားကျက်ကြီးများဖြင့် နွားထီး၊ နွားမများ မွေးမြူထားပုံ၊ နို့ဆီချက်လုပ်၍ နိုင်ငံခြား တိုင်းပြည်များသို့ တင်ပို့နေပုံ (ကျောက်တိုင်တံဆိပ် နို့ဆီကို မြန်မာပြည် သို့ပို့ပါသည်)၊ ကြက်၊ ဝက်များကိုလည်း ခေတ်မီနည်းစနစ်များဖြင့် မွေးမြူ၍ ကြက်ဥ၊ ကြက်သား၊ ဝက်သား၊ အမဲသား၊ နွားနို့များအား စားသုံးသူအသင်းဆိုင်များသို့ ပို့ဆောင်ရောင်းချပြီး ပိုလျှံသမျှ ပြည်ပသို့ တင်ပို့နေပုံများကို လေ့လာတွေ့ရှိခဲ့ရသည်ဆို၏။ ဆွီဒင်နိုင်ငံသမဝါယမအသင်းနှင့် မြန်မာနိုင်ငံသမဝါယမ လက်ကားအဖွဲ့ချုပ်တို့ပူးပေါင်း၍ ကြက်၊ ဝက်၊ နွား၊ နို့စားနွားမ ဖက်စပ်မွေးမြူရန် ညှိနှိုင်းခဲ့ကြောင်း၊ မြန်မာပြည်သို့ပြန်ရောက်ချိန်တွင် နိုင်ငံခြားနှင့် သမဝါယမမွေးမြူရေးဖက်စပ်စီမံကိန်းကို ရေးဆွဲကာ ကက်ဘိနက်တင်ရန် ပြင်ဆင်ဆောင်ရွက်နေစဉ် သမဝါယမအသင်းများအား ပြည်သူပိုင်သိမ်းမှုနှင့် ကြုံကြိုက်ခဲ့ရ၍ ဖက်စပ်မွေးမြူရေးစီမံကိန်း ပျက်ပြားသွားကြောင်း သိရှိရသည်။ မှတ်တမ်းများ အရ ၁၉၆၄ ခုနှစ်တွင် ကုန်တိုက်ကြီးများ၊ စတိုးဆိုင်ကြီးများ၊ ပွဲရုံများနှင့် လက်ကားဆိုင်ကြီးများကို ပြည်သူပိုင်ပြုလုပ်ရာတွင် ရန်ကုန်မြို့ပေါ်ရှိ သမဝါယမအသင်းများထဲမှ တက္ကသိုလ်သမဝါယမ အသင်း၊ စမ်းချောင်းလူထုစားသုံးသူ သမဝါယမအသင်း၊ သိမ်ဖြူစားသုံးသူ သမဝါယမအသင်း၊ မြန်မာနိုင်ငံဗဟိုသမဝါယမအသင်း၊ မြန်မာနိုင်ငံလူငယ်များအစည်းအရုံး သမဝါယမအသင်း၊ အမျိုးသမီးသမဝါယမအသင်း၊ အမျိုးသမီးစံပြသမဝါယမ အသင်းနှင့် ဈေးကြီးသမဝါယမအသင်းတို့ ပါဝင်သွားခဲ့ကြသည်။

ဆရာပြောပြသော သမဝါယမ ဆီစာအုပ်လေးများအကြောင်း

ဆရာကြီးသိပ္ပံမှူးတင်၏ ဆောင်းပါးထဲမှာ ထည့်သွင်းဖော်ပြထားသော ဆီစာအုပ်လေးများအကြောင်းကို ကျွန်တော်ပို၍စိတ်ဝင်စားမိသည်။ ကမ္ဘာအေးသမဝါယမညီလာခံ၏ ဆုံးဖြတ်ချက်ဖြင့် အထက်အောက် ကုန်စည်ဖလှယ်ရန်နှင့် ဆီကြိတ်ရောင်းချရန်အတွက် လက်ကားသမဝါယမအဖွဲ့ချုပ်သို့ ဘဏ္ဍာငွေတစ်ကုဋေငါးသန်း ခွင့်ပြုချထားပေးခဲ့ကြောင်း၊ ထိုအချိန်က ပြည်ပမှဆီတင်သွင်းသလို ပြည်တွင်းမှာ စိုက်ပျိုးသော မြေပဲ၊ နှမ်းတို့ကို ဆီကြိတ်ဖြန့်ဖြူးပေးမှသာ ဆီဖူလုံမှုရှိကြောင်း၊ ခွင့်ပြုငွေဖြင့် သံပုံးများပြုလုပ်ခြင်း၊ ဆီကြိတ်ခြင်းများပြုလုပ်၍ ပဲဆီတစ်ပိသာ ၂ ကျပ် ပြား ၇၀၊ ဆီပုံးတစ်ပုံးလျှင် ၂၇ ကျပ်ဖြင့် ရောင်းချပေးရာ အရှုံးမရှိခဲ့ကြောင်းသိရသည်။ နောက်တစ်ကြိမ် သမဝါယမမှ ဆီကြိတ်ရောင်းချရန် သုံးကုဋေတင်တောင်းခဲ့ရာ သမဝါယမဝန်ကြီး ဗိုလ်ချုပ်တင်ဖေ နိုင်ငံခြားသို့ဆေးသွားကုနေချိန်ဖြစ်၍ ဘတ်ဂျက်မရခဲ့ကြောင်း၊ ကက်ဘိနက်မှာလည်း တင်ပြခြင်းမပြုတော့၍ လာမည့်နှစ်တွင်သမဝါယမမှ ဆီကြိတ်ရောင်းချခြင်းပြုလုပ်မည့် အခြေအနေမရှိတော့ကြောင်းကို အများသိသွားခဲ့သည်ဟုဆို၏။ ပြဿနာက ဤမှာတင် ရပ်တန့်မနေခဲ့ပါ။

တစ်နေ့ လက်ကားသမဝါယမအဖွဲ့ချုပ် ရုံးခန်းတွင် နိုင်ငံခြားမှ ဆီတင်သွင်းရေးကိစ္စ ဆွေးနွေးကြသည်။ ထိုစဉ်အရာရှိကြီးတစ်ဦးက မြေပဲတွေစိုက် နေသည်၊ ဆီတွေထွက်တော့မည်၊ သည့်အတွက် နိုင်ငံခြားမှမသွင်းရန် အဆိုပြုတင်ပြခဲ့ရာ အဆုံးအဖြတ်ပေးမည့် ပုဂ္ဂိုလ်က သဘောတူခဲ့ကြောင်း၊ ဆရာကြီးသိပ္ပံမှူးတင်က စစ်သားများ စစ်တိုက်လျှင်တောင် အရန်တပ်ထားရသည်။ ဆီထွက်/မထွက် မသေချာ၍ အရန်ဝယ်ထားသင့်ကြောင်း ဝင်ရောက်ဆွေးနွေးသော်လည်း အရာမထင်ခဲ့ကြောင်း၊ သမဝါယမမှလည်း ဆီမကြိတ်၊ နိုင်ငံခြားမှလည်း မသွင်းတော့ဟု အများပြည်သူသိသွားသောအခါ စိတ်ပူပြီး ဆီတွေဝယ်လှောင်ကြရာ မကြာမီစားသုံးဆီများ ပြတ်လပ်သွား၊ ဆူညံပွက်လောရိုက်သွားကြောင်း၊ ထိုအခါတွင်မှ နိုင်ငံခြားကဆီများကို ဈေးကြီးပေး၍ ဝယ်ယူတင်သွင်းကာ ဖြန့်ဝေရောင်းချ ပေးခဲ့သော်လည်း မလောက်မင ဖြစ်နေသောကြောင့် ဆီစာအုပ်များထပ်လျက် တန်းစီဝယ်ယူရသည့် ဘဝသို့ ရောက်ရှိသွားကြကြောင်း သိရသည်။ မှတ်သားစရာပါပေ။

ယနေ့အချိန်ကာလတွင် ကျွန်တော်တို့နိုင်ငံမှာ လည်း ဆီထွက်သီးနှံ နေကြာ၊ မြေပဲ၊ နှမ်း စသည်တို့ အထွက်တိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်းဆီ ဖူလုံမှုကို အလေးထားဝိုင်းဝန်းဆောင်ရွက်ပြီး ပြည်ပမှဆီတင်သွင်းမှုများကို တဖြည်းဖြည်း လျှော့ချသွားမည်ဖြစ်ရာ ဝိသမလောဘသားများနှင့် တစ်ဘို့တည်းသမားများ၏ ဝိုင်းဝန်းထိုးနှက် တိုက်ခိုက်ခြင်းမခံရလေအောင် အထူးဂရုပြုဖို့ လိုအပ်ပေသည်။ ဆီထွက် သီးနှံအားလုံးအထွက်တိုးရမည်။ လျာထားချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရမည်။ သမဝါယမအသင်းအဖွဲ့များအနေဖြင့် ကျရာအခန်းကဏ္ဍမှ ပါဝင်ထမ်းရွက်ရင်း မှတ်တမ်းကောင်းတစ်ခု ရေးထိုးနိုင်လိမ့်မည်ဟု အလေးအနက်ယုံကြည်မိပါသည်။          ။

No comments:

Post a Comment