ရန်ကုန် ဇွန် ၂၃
မြန်မာနိုင်ငံ၌ ဆီစားသုံးသူပြည်သူများ အဆင်ပြေစွာ ဝယ်ယူသုံးစွဲ နိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စီစဉ်ဆောင်ရွက်မှုဖြင့် အင်ဒိုနီးရှားနိုင်ငံမှ ထပ်မံတင်သွင်းလာသည့် ဆီတန်ချိန် ၅၃၀၀ ရှိ စားအုန်းဆီ တင်သင်္ဘောကြီးသည် ဇွန် ၁၉ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ ကြည့်မြင်တိုင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိလာပြီး ဆီသိုလှောင်ကန်များအတွင်း စားသုံးဆီများ ဖြည့်တင်းဆောင်ရွက်ကြသည်။ လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆီသိုလှောင်ကန်ကြီးများတွင် ဆီတန်ချိန် ၄၀၀၀၀ ကျော် ရှိပြီးဖြစ်ကြောင်း သိရသည်။
၎င်းဆီသိုလှောင်ကန်များမှစားသုံးဆီများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက
သတ်မှတ်ထားသော စျေးနှုန်းများဖြင့် ပြည်သူများ၏ လက်ဝယ်သို့ အမြန်ဆုံးဖြန့်ဖြူးရောင်းချနိုင်ရေး
စားသုံးဆီတင်မော်တော်ယာဉ်ကြီးများဖြင့် ဆီထည့်သွင်းနေမှုကို ယမန်နေ့က တာဝန်ရှိသူများ
ကြည့်ရှုစစ်ဆေးသည်။
“ကျန်းမာရေးနှင့် ညီညွတ်သည့်စားသုံးဆီများကို ပြည်တွင်းမှာ ဖူလုံရေးအတွက် စဉ်ဆက်မပြတ်
စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ ဖြန့်ဖြူးမှုအနေနဲ့ လက်ရှိတိုင်းနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့
စားသုံးသူများရဲ့လိုအပ်ချက်အတိုင်း အနီးစပ်ဆုံးလိုအပ်ချက်ပြည့်မီအောင် ဖြန့်ဖြူးပေး
လျက်ရှိပါတယ်။ ဥပမာ - ရန်ကုန်ဆိုရင် ဆီတန်ချိန်တစ်သောင်းလေးထောင်ခန့်၊ မန္တလေးဆိုရင်
ဆီတန်ချိန်ခုနစ်ထောင်ခန့် ဖြန့်ဖြူးပေးတယ်။ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကိုလည်း
လိုအပ်ချက်အတိုင်း လစဉ်ဖြန့်ဖြူးပေးလျက်ရှိပါတယ်” ဟု မြန်မာ နိုင်ငံဆီကုန်သည်နှင့်
ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းက စားသုံးဆီတင်သွင်းဖြန့်ဖြူး နေမှုကို လာရောက်စစ်ဆေးစဉ်
ပြောကြားသည်။
ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန
ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးကျော်ကျော်လွင်က “လက်ရှိ ဖြန့်ချိရေးအပိုင်းမှာ
ကုမ္ပဏီ ၂၆ ခုနဲ့ လစဉ်တန်ချိန် ၃ သောင်းကျော် တင်သွင်းပြီး ဖြန့်ချိပေးနေပါတယ်။ ရန်ကုန်
တိုင်းအတွင်းမှာ လက်လီဆိုင် ပေါင်း ၅၈၀၀ ကျော်ရှိပါတယ်။ အဲဒီဆိုင်တွေက နေ့စဉ်ထုတ်ရတဲ့
ဆီကို မြို့နယ်အလိုက် တစ်ရက် ဆီပီပါ ၂၆၆၀ ကျော် ဖြန့်ချိပေးရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး
၄၄ မြို့နယ်က လက်ရှိလူဦးရေ၊ ဝန်ထမ်းအင်အား၊ ဘာသာရေးအဖွဲ့အစည်းတွေအပါအဝင် လက်ဖက်ရည်
ဆိုင်လေးတွေကအစ အကြော်အလှော်ဆိုင်လေးတွေအထိ တွက်ချက်ပြီး မြို့နယ် တစ်မြို့နယ်ချင်းအလိုက်
သတ်မှတ်ချက်နဲ့အညီ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်” ဟု ပြောကြား သည်။ မြန်မာနိုင်ငံတွင်
ဆီစားသုံးသူပြည်သူများ စိတ်ချမ်းသာစွာ သုံးစွဲနိုင်ရန်အတွက် ဆီတင် သင်္ဘောကြီးများ
အဆက်မပြတ် ဝင်ရောက်နိုင်ရန် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ထားရှိ ကြောင်း မြန်မာနိုင်ငံဆီကုန်သည်
နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။
အောင်မြင့်(ပြန်/ဆက်)

No comments:
Post a Comment