ပဲခူး ဇွန် ၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်ရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြုပြင်ထိန်းသိမ်းဆောင်ရွက်လျက်ရှိသော
မြေနန်းပြာသာဒ်ဆောင် ပြီးစီးမှုအခြေအနေကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်နှင့် မဟာစေတီသို့ရောက်ရှိစဉ် လမ်းညွှန်မှာကြားချက်
(၁၇) ချက်အနက် (၁၂) ချက်ကို ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း
ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ်
ပြည်ထောင်စုဝန်ကြီးက တိကျခိုင်မာသည့် သမိုင်းဆိုင်ရာ အထောက်အထားများကို သုတေသနပြု၍
စနစ်တကျဆောင်ရွက်ရန်နှင့် ပြုပြင်ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများကို
ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် မိုးရေယိုမှုမရှိစေရေးအတွက်
အမိုးပိုင်းဆိုင်ရာပြုပြင်မှုများ ဆောင်ရွက်ရန်မှာကြားပြီး လက်ဝဲဝင်းဆောင်၊
မြေနန်းပြာသာဒ်ဆောင်နှင့် လက်ယာဝင်းဆောင်တို့တွင် ပြသထားသော နန်းတော်တိုင်ဟောင်းများနှင့်
ကျွန်းပြားများ ထိန်းသိမ်းထားမှု၊ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား မင်းသုံးပါးပုံတော်များနှင့်
၎င်းတို့ တည်ဆောက်စံမြန်းတော်မူခဲ့သော နန်းတော်များပုံ၊ ပုံစံတူပြုလုပ်ထားသည့် လက်ဝဲ၊
လက်ယာ မင်းခမ်းတော်ပစ္စည်းများ၊ ဘုရင့်နောင် မင်းတရားကြီး၏ ပန်းပုရုပ်တုတို့ကို အများပြည်သူလေ့လာကြည့်ရှုနိုင်ရေးအတွက်
ခင်းကျင်းပြသထားမှု၊ နန်းတော်ကြမ်းခင်းများ ခင်းကျင်းပြီးစီးမှု အခြေအနေကို
လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟံသာဝတီမြို့ဟောင်း အရှေ့ဘက်မြို့ရိုးရှိ အင်းဝတံခါး
ဝဲ၊ ယာ ကျုံးနှင့် မြို့ရိုးတူးဖော်ထားရှိမှု၊ ဟံသာဝတီမြို့ဟောင်း
အနောက်ဘက်မြို့ရိုးရှိ သိန္နီ တံခါး ဝဲ၊ ယာ မြို့ရိုးနှင့် ကျုံး
ဖော်ထုတ်ထိန်းသိမ်းထားမှု၊ အများပြည်သူလေ့လာကြည့်ရှုအပန်းဖြေနိုင်ရန်
ဆောင်ရွက်ထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး
ဖော်ထုတ်ထိန်းသိမ်းထားရှိမှုများကို ရေရှည်တည်တံ့အောင်
ထိန်းသိမ်းစောင့်ရှောက်သွားရန်နှင့် သန့်ရှင်းသာယာလှပရေးများကို အမြဲမပြတ်စစ်ဆေးဆောင်ရွက်သွားရန်
မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment