ပြည်သူလူထု၏ နေ့စဉ်လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရေးအတွက် ကုန်စည်စီးဆင်းမှု တည်ငြိမ်ချောမွေ့မှန်ကန်ရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ ကုန်စည်စီးဆင်းမှု မှန်ကန်တည်ငြိမ်ရေးအတွက် ငွေကြေးဈေးကွက် တည်ငြိမ်မှန်ကန်မှုရှိရန်လိုအပ်ပြီး ငွေကြေးဈေးကွက်တည်ငြိမ်မှသာ ပြည်သူလူထုကို နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိသော စက်သုံးဆီမှအစ ကုန်စည်ရောင်းဝယ်ဖောက်ကားမှုများ တည်ငြိမ်ချောမွေ့စွာ လည်ပတ်နိုင်မည်ဖြစ်သည်။ ငွေကြေးတန်ဖိုးမတည်ငြိမ်လျှင် ငွေကြေးဖောင်းပွမှုဖြစ်လာပြီး ပြည်သူများ၏ နေ့စဉ်လူမှုဘဝတွင် အခက်အခဲများရှိလာနိုင်သည်။
နိုင်ငံတော်အစိုးရက
ငွေကြေးဈေးကွက် တည်ငြိမ်မှန်ကန်ရေး၊ စားသုံးဆီ၊ စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရေး၊
ကုန်စည်စီးဆင်းမှုချောမွေ့စေရေး၊ ကုန်ဈေးနှုန်းများ တည်ငြိမ်ရေးအတွက်
အလေးထားဆောင်ရွက်လျက်ရှိသည်။ ဈေးကွက်စီးပွားရေးစနစ်တွင် ရွှေနှင့်
နိုင်ငံခြားငွေကြေးဈေးကွက်မှာ အဓိကကဏ္ဍဖြစ်သည်။ ရွှေနှင့် နိုင်ငံခြားငွေဈေးနှုန်း
အတက်/အကျကို အကြောင်းပြု၍ ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်း အတက်/အကျ
ဖြစ်ပေါ်လာသည်။ အကျိုးဆက်ကို စားသုံးသူပြည်သူများ ခံစားကြရသည်။ ထို့ကြောင့် ရွှေ၊
ငွေကြေး၊ ကုန်စည်၊ ဝန်ဆောင်မှုများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် နိုင်ငံတော်က သတ်မှတ်ထားသော
စည်းမျဉ်း၊ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်သည်။
ယခုအခါ
ရွှေနှင့် နိုင်ငံခြားငွေကြေးဈေးနှုန်း အဆမတန်မြင့်မားလာပြီး နောက်ဆက်တွဲအနေဖြင့်
အခြားကဏ္ဍများပါ လိုက်ပါမြင့်မားလာသည်ကို တွေ့ရမည်ဖြစ်သည်။
လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က
ခွင့်ပြုထုတ်ပေးထားသည့် နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိကိုင်ဆောင်ထားခြင်းမရှိဘဲ
နိုင်ငံခြားငွေရောင်း၊ ဝယ်ယူ၊ လဲလှယ်ခြင်းလုပ်ငန်းများ လုပ်ကိုင်နေကြသည်ကို
တွေ့ရှိရသဖြင့် ထိုသို့လုပ်ကိုင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့်
ပါဝင်ပတ်သက်သူများအား အရေးယူဆောင်ရွက်ခဲ့သည့်အပြင် ပြည်ပမှ ရောင်းဝယ်ဆောင်ရွက်နေသည့်
ကွန်ရက်များကိုပါ ဆက်လက်အရေးယူရန် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်
တရားမဝင်ငွေကြေးနှင့်ပတ်သက်သည့် အဖွဲ့အစည်းများအား တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့်
ပူးပေါင်း၍ ဖော်ထုတ်ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိပြီး ထပ်မံ၍လည်း စောင့်ကြည့်အရေးယူသွားမည်ဟုသိရသည်။
အဆိုပါအခြေအနေများကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန်အတွက် အသိပေးထုတ်ပြန်ကြေညာလျက်ရှိပြီး
ပြည်သူများအနေဖြင့် တရားဝင်လိုင်စင်ထုတ်ပေးထားပြီး နိုင်ငံခြားငွေများ လဲလှယ်ရောင်းချခွင့်ရှိသည့်
ငွေရေးကြေးရေးအဖွဲ့အစည်းများတွင်သာ လဲလှယ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်းတို့ ပြုလုပ်ကြပါရန်
အသိပေးထားသည်။
လူမှုကွန်ရက်စာမျက်နှာများပေါ်တွင်
နိုင်ငံခြားငွေများကို တရားမဝင်ရောင်းဝယ်၍ ငွေကြေးဈေးကွက်ကစားနေသူများကို
နိုင်ငံခြားသုံးငွေစီမံခန့််ခွဲမှု ဥပဒေပုဒ်မ ၃၈ နှင့် ၄၂ တို့အပြင်
အများပြည်သူတို့အကျိုးကို ထိခိုက်စေသည့်အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မများဖြင့်ပါ
အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဒစ်ဂျစ်တယ်ငွေကြေးစနစ်ဖြင့်
နိုင်ငံခြားငွေများကို လဲလှယ်၊ ရောင်းဝယ်ဖောက်ကားခြင်းမပြုလုပ်ကြရန်
အသိပေးထားပြီးဖြစ်၍ ပြည်သူများအနေဖြင့် တားမြစ်ချက်တို့တွင်
ပါဝင်ဆောင်ရွက်ခြင်းမပြုလုပ်ရန်နှင့် ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိရပါက
ငွေစာရင်းများ ပိတ်သိမ်းခြင်းအပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရလည်းကောင်း၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ
ဥပဒေအရလည်းကောင်း ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ
ချမှတ်ခြင်းခံရနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
လက်ရှိကာလတွင်
ဆိုရှယ်မီဒီယာပလက်ဖောင်းများဖြစ်သည့် ဖေ့စ်ဘွတ်၊ ဗိုက်ဗာ၊ တယ်လီဂရမ် စသည်တို့တွင်
တရားဝင်အမည်အစစ်မဟုတ်သည့် အကောင့်များကိုသုံး၍ ဘဏ်များမှ ငွေလဲနှုန်းများ တိုးမြှင့်ကောက်ခံနေကြောင်းအပြင်
မမှန်ကန်သည့်သတင်းများဖော်ပြပြီး ငွေကြေးမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေသဖြင့်
အဆိုပါအကောင့်များကို လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် တရားဝင်လိုင်စင်ရ ပုဂ္ဂလိကဘဏ်များ၏
အွန်လိုင်းစာမျက်နှာများပေါ်တွင် နေ့စဉ်အသိပေးထုတ်ပြန်လျက်ရှိသည့် နိုင်ငံခြားငွေအရောင်းအဝယ်
ငွေလဲလှယ်နှုန်းများကို ဝင်ရောက်ကြည့်ရှုလေ့လာပြီး ဗဟိုဘဏ်က အသိအမှတ်ပြုထားသည့်
ငွေရေးကြေးရေးအဖွဲ့အစည်းများတွင်သာ လုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်သည်။
သို့ဖြစ်ရာ
ပြည်သူလူထု၏ လူမှုစီးပွားဘဝအတက်အကျတွင် အဓိကကဏ္ဍမှ ပါဝင်နေသော
နိုင်ငံခြားငွေကြေးများကို မသမာသူဝိသမလောဘသားများက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်
တရားမဝင်ရောင်းဝယ်မှုများနှင့် ငွေကြေးဈေးကစားမှုများ ပြုလုပ်လျက်ရှိရာ
နိုင်ငံတော်က အရေးယူမှုများပြုလုပ်လျက်ရှိသလို ပြည်သူများအနေဖြင့်လည်း
တရားမဝင်ငွေကြေးဈေးကွက်တွင် လုပ်ကိုင်ခြင်းမပြု လုပ်ဘဲငွေရေးကြေးရေး
စည်းမျဉ်းဥပဒေနှင့်အညီ လုပ်ကိုင်နေသည့် တရားဝင်အဖွဲ့အစည်းများတွင် ဆောင်ရွက်ကြရန်
အသိပေးအပ်ပါကြောင်း။ ။
No comments:
Post a Comment