မင်းသော်
အမှန်တရားနှင့်ပတ်သက်၍ မပြောင်းလဲသော အမှန်တရားတစ်ခုမှာ တည်တံ့ခိုင်မြဲခြင်းပင်ဖြစ်သည်။ မုသားက မည်မျှပင်အားကြီးပါစေ၊ မုသားမည်မျှပင် ခွန်အားပြင်းပြင်း လွှမ်းခြုံထားပါစေ အချိန်ကာလ၏ တိုက်စားမှုအောက်တွင် အမှန်တရားဆိုသည်မှာ မှောင်မိုက်မှုအကြားမှ ငွားငွားစွင့်စွင့် ထွက်ပေါ်လာသည့် သူရိန်နေမင်းကြီးကဲ့သို့ပင် ပေါ်ထွက်လာကာ မုသာဝါဒတို့ လွင့်စဉ်ရစမြဲ။
ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသားများနှင့် နိုင်ငံ့ဦးဆောင်သူအဆက်ဆက်
အမြဲခေါင်းကိုက်ကြရသည်။ များပြားလှသည့် ထိုးနှက်မှုများ၊ စွပ်စွဲပြစ်တင်မှုနှင့် သံသယများအကြား
ဖြေရှင်းရ၊ တုံ့ပြန်ရနှင့် မူလနိုင်ငံတော်၏ ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းရာ၌
မကြာခဏဆူးငြောင့်ခလုတ်ဖြစ်ခဲ့ရသည်။ သို့သော် မိမိတို့နိုင်ငံကား အမှန်တရားနှင့် တရားမျှတမှုအတွက်
နောက်တွန့်မနေဘဲ လုပ်သင့်လုပ်ထိုက်သည်များကို တစိုက်မတ်မတ် လုပ်ကိုင်နေဆဲ။
ပြီးခဲ့သည့်သီတင်းပတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းမီဒီယာတစ်ခု၏ အင်တာဗျူးသတင်းတစ်ပုဒ်
ပေါ်ထွက်လာသည်။ ထိုသတင်းမှာ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍
ဘင်္ဂလားဒေ့ရှ်အခြေစိုက် Daily Jugantor သတင်းဌာနက ဘင်္ဂလားဒေ့ရှ်လွှတ်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနဆိုင်ရာကော်မတီဥက္ကဋ္ဌ
(ယခင်နိုင်ငံခြားရေးဝန်ကြီးဟောင်း) မစ္စတာ အေကေ အဗ္ဗဒူ မိုမန်နှင့် အင်တာဗျူးတစ်ရပ်ဖြစ်သည်။
အဆိုပါ အင်တာဗျူးတွင် ဘင်္ဂါလီများသည် သူတို့နိုင်ငံအတွက် ကင်ဆာဆဲလ်များဟု ခိုင်းနှိုင်း
ထားပြီး မြန်မာနိုင်ငံသည် ဘင်္ဂါလီများကို ပြန်လည်ခေါ်ဆောင်ရန် အစီအစဉ်များရှိသော်လည်း
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) နှင့် အခြားသောနိုင်ငံအချို့က
နေရပ်စွန့်ခွာသူများကို မြန်မာနိုင်ငံသို့ မပြန်ကြရန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်း
များ၌သာ ဆက်လက်နေထိုင်ရန် သွေးထိုးလျက်ရှိနေကြောင်း ထုတ်ဖော်လာခဲ့သည်။
သူက အင်တာဗျူးတွင် ၁၉၉၀ ပြည့်နှစ်များ၌ မြန်မာနိုင်ငံက ဘင်္ဂါလီများ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည့်ဖြစ်စဉ်ကိုလည်း
ထည့်သွင်းဖြေကြားပြီး ထိုစဉ်က မီဒီယာ အားမကောင်းသေး၍သာ လူသိမများ ခဲ့ကြောင်း၊ ယခုတွင်မူ
မီဒီယာများတွင် နေရပ်မပြန်ရေးကိုသာ အလေး ပေးရေးသားနေကြကြောင်းကိုလည်း ပြောကြားသည်။
ထို့ပြင် ဘင်္ဂါလီများကို နေရပ်ပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့
နှစ်နိုင်ငံညှိနှိုင်း၍ ဖြေရှင်းနိုင်မည်ဟု သူက ယုံကြည်မှုရှိနေပြီး အခြားသော တတိယနိုင်ငံ၊
အဖွဲ့အစည်း (Third Party) များက ဝင်ရောက် ဆောင်ရွက်ရန် မလိုအပ်ဟု သူ့အမြင်ကို ဖော်ထုတ်ထားသည်။
ဆက်လက်၍ Third Party များသည် မြန်မာနိုင်ငံ၌ အခြေအနေကောင်းများမရှိ၊ နိုင်ငံသားဖြစ်ခွင့်ရမည်မဟုတ်၊
ပြန်လည်နေရာချထားရေးအတွက် အဆင်သင့်မဖြစ် စသည်ဖြင့် ဝါဒဖြန့်၊ သတင်းမှားများ လွှင့်နေခြင်းကြောင့်
ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ မစတင်နိုင် ရကြောင်းကို ပြောကြားခဲ့ရာ ရခိုင်ပြည်နယ်မှ
နေရပ်စွန့်ခွာသူများ ပြန်လည်မဝင်ရောက်ရခြင်း၏ မျက်ကွယ်က အမှန်တရားကို ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။ ထို့ပြင် နိုင်ငံတကာမှ
ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ မြန်မာဘက်ကိုသာ ဖိအားပေးလျက်ရှိခြင်း၏ မရိုးသားမှုများကို
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကောင်းစွာသိမြင်လာပြီဟု ယူဆမိပါသည်။
တွေ့ဆုံမေးမြန်းမှုတွင် အဆိုပါပုဂ္ဂိုလ်က UNHCR အပါအဝင် နိုင်ငံအချို့သည် ဒုက္ခသည်များကို
နေရပ်သို့မပြန်ရန် တိုက်တွန်းကြပြီး လိုအပ်သည်များကိုထောက်ပံ့ပေးမည်ဟု ဆိုကြကြောင်း၊
အမေရိကန် ပြည်ထောင်စုကဲ့သို့သော နိုင်ငံများသို့ ခေါ်ဆောင်မည်ဖြစ်ကြောင်းကိုလည်း မက်လုံးများပေးလေ့ရှိကြောင်း၊
ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းများတွင် နိုင်ငံတကာအဖွဲ့အစည်း များစွာလုပ်ကိုင်နေကြပြီး
အလှူငွေများ မည်မျှရရှိ၍ မည်မျှထိရောက်သော လုပ်ငန်းများတွင် မည်သည့်ပမာဏသုံးစွဲနေကြသည်
စသည့်အချက်အလက်များ မသိရဘဲ လုပ်ကိုင်နေကြသဖြင့် ယင်းတို့အား အမြန်ဆုံးပိတ်သိမ်းသင့်ကြောင်း
ဆိုထားသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံတကာ အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို
ကြပ်မတ်နေပြီဟုလည်း သူကပြောသည်။
ဘင်္ဂါလီအရေးဘယ်ကစ
မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေအနက် ငါးရာခိုင်နှုန်းသည် အစ္စလာမ်ဘာသာဝင်များဖြစ်ကြပြီး
အစ္စလာမ်ဘာသာနှင့်ပတ်သက်၍ မည်သည့်ပြဿနာတစ်စုံတစ်ရာမျှ မဖြစ်ပွားခဲ့ဖူးချေ။ ၂၀၁၂ ခုနှစ်
တွင် ရခိုင်တိုင်းရင်းသူတစ်ဦး အဓမ္မကျင့်ခံရသည့်ဖြစ်စဉ်နောက်ပိုင်း ရခိုင်တိုင်းရင်းသားများနှင့်
ဘင်္ဂါလီတို့အကြား အမျက်သင့်ကြရင်း ယင်းနှစ် ဇွန်လနှင့် အောက်တိုဘာလများတွင် မောင်တောတစ်ဝိုက်နှင့်
ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ရခိုင်တိုင်းရင်းသားကျေးရွာများ၊ ပြည်သူ များနှင့် သံဃာတော်များကို
ပစ်မှတ်ထားကာ မီးရှို့ခြင်း၊ အကြမ်းဖက် သတ်ဖြတ်ခြင်းများကို ဘင်္ဂါလီများက ပြုလုပ်ခဲ့ကြသည်။
၂၀၁၆၊ ၂၀၁၇ ခုနှစ်များတွင်တော့ ရခိုင်ပြည်နယ်မြောက်ပိုင်း ရဲကင်းများနှင့် တပ်စခန်းများတို့ကို
အစွန်းရောက်ဘင်္ဂါလီများနှင့် ARSA အကြမ်းဖက်အဖွဲ့ဝင်များက ကြိုတင်အကွက်ချ စီစဉ်တိုက်ခိုက်ခဲ့ကြပြီး
ရဲစခန်းနှင့် တပ်စခန်းများအပြင် ဒေသခံ ဟိန္ဒူမိသားစုဝင်နှင့် ဒေသခံ ရခိုင်တိုင်းရင်းသားမိသားစုများ၏
နေအိမ်များမီးရှို့ခြင်း၊ အကြမ်းဖက် သတ်ဖြတ်ခြင်း၊ အုပ်စုလိုက်သတ်ဖြတ်ခြင်းတို့ကိုလည်း
ပြုလုပ်ခဲ့ကြသည်။ တပ်မတော်က ပြန်လည်ခုခံကာကွယ်ထိုးစစ်ဆင်သဖြင့် တိုက်ခိုက်မှုမအောင်မြင်ချိန်ဝယ်
ဒေသခံများကို ခြိမ်းခြောက်ကာ ကျေးရွာများကို ကိုယ်တိုင်မီးရှို့စေပြီး စွန့်ခွာထွက်ပြေးစေရန်
လှုံ့ဆော်ခဲ့ကြသည်။
ထိုသို့သော အကြမ်းဖက်သမားများ၊ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်နေခဲ့ကြသည့် အမေရိကန်၊
OIC နှင့် ကုလသမဂ္ဂတို့၏လက်ချက်ဖြင့်ပင် ဘင်္ဂါလီတို့အလုံးအရင်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်
သို့ ရောက်ရှိကာ နေရပ်စွန့်စွာသူ ဒုက္ခသည်များဖြစ်လာကြရသည်၊ ARSA အကြမ်းဖက်များ၏ တိုက်ခိုက်မှု၊
ဖိအားပေးမှု၊ ခြိမ်းခြောက်မှု၊ သတ်ဖြတ်၍ နေအိမ်များ ဖျက်ဆီးမီးရှို့မှုအခြေအနေမှန်များကား
မီဒီယာများတွင် ဖော်ပြခွင့်မရခဲ့ဘဲ တစ်ဖက်သတ်လိုရာဆွဲ၍ မြန်မာစစ်တပ်ကြောင့် နေရပ်စွန့်ခွာသွားခဲ့ရပုံဟု
ကမ္ဘာ့မီဒီယာများတွင် ဝိုင်းဝန်းလုပ်ကြံဖော်ပြခဲ့ကြသည်။ အာဆာအကြမ်းဖက်များကြောင့် ထိခိုက်ခဲ့ရသော
ရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူလူမျိုးများအတွက်မူ လျစ်လျူရှုခဲ့ကြသည်။
မူလစင်စစ် ဘင်္ဂါလီများအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် သူတို့၏ မူလဇာတိဖြစ်ကာ
မြန်မာနိုင်ငံက ခိုးဝင်ဘင်္ဂါလီပြဿနာများကို ခေတ်အဆက်ဆက်အစိုးရများက ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နေရပ်ပြန်ပို့သည့်အစီအစဉ်များတွင် ၁၉၉၂ ခုနှစ်ကတည်းက
သဘောတူညီမှု ၄ ချက် ထားရှိခဲ့သည်။ (က) မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူဖြစ်ရမည်၊ (ခ)
မိမိဆန္ဒအရ ပြန်လာ သူဖြစ်ရမည်၊ (ဂ) ကွဲကွာနေသော မိသားစုဝင်များအတွက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ
တရားရုံး၏ မှန်ကန်ကြောင်း ထောက်ခံချက်ပါရှိရမည်၊ (ဃ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မွေးဖွားခဲ့သည့်
ကလေးများဖြစ်ပါက မိဘနှစ်ပါးစလုံးသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူများဖြစ်ရမည် ဟူသည့်အချက်များ
ပါဝင်သည်။ ၂၀၁၇ ခုနှစ်တွင် ထပ်တိုးအချက်အဖြစ် (င) နေရပ်စွန့်ခွာသူများက ဘင်္ဂလားဒေ့ရှ်သို့
ရောက်ရှိပြီး မွေးဖွားလာသည့် ကလေးများအတွက် မှန်ကန်ကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ
တရားရုံး၏ ထောက်ခံချက်ပါရှိရမည်ဟူသည့်အချက် ထည့်သွင်းထားခဲ့သည်။
ဥပဒေနှင့်ညီညွတ်ပါက တံခါးဖွင့်ထားသည့်နိုင်ငံ
ရခိုင်ပြည်နယ်အတွင်း ၂၀၂၁ ခုနှစ် ဧပြီလအထိ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူ
ဘင်္ဂါလီဦးရေ တစ်သိန်းကျော်အပါအဝင် ဧည့်နိုင်ငံသားစိစစ်ရေးကတ်၊ အမျိုးသားမှတ်ပုံတင်နှင့်
နိုင်ငံသား စိစစ်ခံရမည့်သူကတ် ကိုင်ဆောင်သူ နှစ်သိန်းခွဲခန့်ရှိခဲ့သည်။ မိမိတို့နိုင်ငံရှိ
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေများမှာ အခြားနိုင်ငံများနည်းတူ နိုင်ငံ၏ လိုအပ်ချက်နှင့်
နိုင်ငံအကျိုးစီးပွားကို အဓိကမူတည်ရေးဆွဲထားသော်လည်း မည်သည့်လူမျိုးကိုမှ နိုင်ငံသားဖြစ်ခွင့်ကို
ကန့်သတ်မထားဘဲ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်လျှင် နိုင်ငံသားဖြစ်ခွင့်ရရှိမည်ဖြစ်သည်။
မြန်မာအနေဖြင့် နှစ်နိုင်ငံ သဘော တူညီချက်များနှင့်အညီ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး
လုပ်ငန်းစဉ်များအတွက် အစဉ်အမြဲ တံခါးဖွင့်ထားသည့် နိုင်ငံဖြစ်သည်။
၂၀၁၇ ခုနှစ်ဖြစ်စဉ်နောက်ပိုင်းမှစတင်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားသည့်
နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံနိုင်ရေး နှစ်နိုင်ငံ စတင်ဆွေးနွေးညှိနှိုင်းခဲ့သည်။
အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းမှုများကြောင့်ပင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၁၉ ခုနှစ်
ဩဂုတ်လ များတွင် နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံနိုင်ရေးနယ်စပ်တွင် အဆင်သင့်ပြင်ထားနိုင်ခဲ့သည်။
သို့သော် တစ်ဖက်နိုင်ငံ ဒုက္ခသည် စခန်းများတွင် အဖျက်အမှောင့်လုပ်ဆောင်သူများ၏ ပယောဂနှင့်
ခြိမ်းခြောက်မှုဖိအားများကြောင့် မအောင်မြင်ခဲ့ဘဲ နှစ်နိုင်ငံသဘောတူထားသည့် နေရပ်ပြန်ရေးအစီအစဉ်သည်
စတင်နိုင်ခြင်းမရှိသည့်အပြင် ပြန်လည်ခေါ်ဆောင်ရန် အဆင်သင့်ပြင်ဆင်ထားသည့် မြန်မာနိုင်ငံဘက်သို့
မဟုတ်မမှန်စွပ်စွဲပြစ်တင်မှုများဖြင့် ကမ္ဘာ့မီဒီယာများက ရည်ရွယ်ချက်ရှိရှိ ထိုးနှက်ဖော်ပြခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ယူပြီးနောက်ပိုင်းတွင်လည်း
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးကို နှစ်နိုင်ငံ သဘောတူညီချက်များနှင့်အညီ
ဆက်လက်ဆောင်ရွက်လျက်ရှိပြီး နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်ခြင်းလုပ်ငန်းစဉ်အပြင်
နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးများ၊ နည်းပညာဆိုင်ရာ ဆွေးနွေးမှုယန္တရားအသစ်များကိုပါ
တိုးချဲ့ဆွေးနွေးလျက်ရှိပါသည်။ ထို့ပြင် ပြန်လည်လက်ခံရေးစခန်းများနှင့် ကြားစခန်းများအား
ပြန်လည်ပြင်ဆင်မှု၊ ပြန်လည်နေရာချထားရာတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ နေထိုင်ရေး၊
ပညာရေး၊ ကျန်းမာရေးအစရှိသည့် အခြေခံလိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ထားရှိပြီးဖြစ်ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာအဖြစ် ရောက်ရှိသွားသော ဘင်္ဂါလီအရေအတွက်မှာ
လူဝင်မှုကြီးကြပ်ရေးစာရင်းဇယားများအရ ခုနစ်သိန်းခွဲခန့်ရှိမည်ဟု သိရှိရသော်လည်း နိုင်ငံတကာအဖွဲ့အစည်းများကမူ
၁ ဒသမ ၂ သန်းအထက်ရှိသည်ဟု ပိုမိုချဲ့ကားထုတ်ပြန်ထား ကြသည်။ ယခုနိုင်ငံခြားရေးဝန်ကြီးဟောင်း၏
အင်တာဗျူးသည် မြန်မာနိုင်ငံအတွက် အမှန်တရားတစ်စွန်းတစ်စကို ထုတ်ဖော်ပြသ လိုက်ခြင်းဖြစ်ပြီး
ပြန်လည်ခေါ်ယူရေးအတွက် မြန်မာ - ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့များ၏ဆောင်ရွက်မှုကို ပိုမိုအားဖြည့်ပေးနိုင်မည်ဟု
မျှော်လင့်ရသည်။ နှစ်ဖက်အပြန်အလှန်နားလည်မှု၊ အပြုသဘောဆောင်ကာ ပူးပေါင်းဆောင်ရွက်မှု၊
အပြန်အလှန်လေးစားမှု၊ နှစ်နိုင်ငံသဘောတူညီချက်များကို လေးစားလိုက်နာမှုများဖြင့် ဆောင်ရွက်ကြသည်နှင့်အမျှ
ရလဒ်ကောင်းများနှင့် အမှန်တရား ပိုမိုပေါ်လွင်လာတော့ မည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment