လူသည် သဘာဝအားဖြင့် အစုအဖွဲ့နှင့် နေထိုင်တတ်သော သတ္တဝါတစ်မျိုးဖြစ်သည်။ အစုအဖွဲ့အတွင်း မွေးဖွားကြီးပြင်းကာ ရှင်သန်ကြရခြင်းဖြစ်သည့်အလျောက် အများနှင့်လိုက်လျောညီထွေစေရန် ကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ စသည်တို့ ချမှတ်ရေးဆွဲလိုက်နာကြရသည်။ စည်းကမ်းသည် ဥပဒေ၏ အစဖြစ်ပြီး ငယ်စဉ်ကတည်းကပင် လိုက်နာတတ်စေရန်၊ စည်းကမ်းနှင့်လူတစ်သားတည်းကျစေရန် လေ့ကျင့်သင်ကြားပေးကြရသည်။ လူတစ်ဦးချင်းတွင် စည်းကမ်းကောင်းမွန်သူသည် တိုးတက်ကြီးပွားသကဲ့သို့ စည်းကမ်းကောင်းသည့် မိသားစု၊ စည်းကမ်းကောင်းသည့် နိုင်ငံနှင့်လူမျိုးတို့သည်လည်း တိုးတက်ကြီးပွားကြသည်။
စည်းကမ်းလိုက်နာခြင်းသည်
မွေးရာပါဗီဇမဟုတ်ဘဲ လေ့ကျင့်သင်ကြားရခြင်းဖြစ်ရာ ကလေးအရွယ်ကပင် အိမ်တွင်၊
ကျောင်းတွင် ချမှတ်သွန်သင်ကြရသည်။ မိမိတို့နိုင်ငံကဲ့သို့ပင် KG+12
ပညာရေးစနစ်ကျင့်သုံးသည့် ဂျပန်နိုင်ငံတွင် မူလတန်းသို့ စတင်ဝင်ရောက်လာသည့် ကျောင်းသူ
ကျောင်းသား ကလေးငယ်များအား လူ့အဖွဲ့အစည်းအတွင်း တာဝန်သိသိနေတတ်ထိုင်တတ်စေရန်၊
ပေါင်းသင်းဆက်ဆံတတ်စေရန်ကို အဓိကထား၍ နှစ်နှစ်ခန့်လေ့ကျင့်သင်ကြားပေးသည်။
ဤနည်းအားဖြင့် စည်းကမ်းရှိသူ ပြည်သူ့တာဝန်သိသူများဖြစ်လာအောင် ကျောင်းစာသင်မှု စတင်သည့်အရွယ်
ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးခြင်းဖြင့် နိုင်ငံသားကောင်း သမီးကောင်းများ
ဖြစ်လာစေသည်။ စည်းကမ်းရှိသူ၊ တာဝန်သိသူ နိုင်ငံသားပြည်သူတစ်ဦးဖြစ်လာသည့်အခါ အများပြည်သူအကျိုးအတွက်
မိမိကိုယ်တိုင်ဆောင်ရွက်ရမည့် ဝတ္တရားများ၊ ရှောင်ကြဉ်ရမည့် အပြုအမူများကို
မည်သူ၏တိုက်တွန်းမှုမှမပါဘဲ ဆောင်ရွက်မှု၊ စောင့်ထိန်းမှုတို့ ပြုလာကြသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ
ပညာရေးညီလာခံ (၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၂၅ ရက်က ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တက်ရောက်မိန့်ခွန်းပြောကြားရာတွင် ကျောင်းသား ကျောင်းသူများ၏ စိတ်ဓာတ်၊ စည်းကမ်း၊
ပညာကို မှန်ကန်စွာ တည့်မတ်ပေးရေးနှင့်စပ်လျဉ်း၍ “အမျိုးသားစည်းကမ်းအစ
စာသင်ကျောင်းက ဆိုသည့်အတိုင်း မိမိစာသင်ခန်းအတွင်း၊ မိမိကျောင်းဝင်းအတွင်း
အမှိုက်ပစ်ခြင်း၊ စာသင်ခုံများအပေါ်တွင် ရေးခြစ်ခြင်း၊ ကွမ်းစားခြင်း၊
ဆေးလိပ်သောက်ခြင်းကအစ လုံးဝမပြုလုပ်ရန် ကျောင်းစည်းကမ်းလိုက်နာခြင်းမှ အစပြုပြီး
ဥပဒေစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာတတ်သည့် နိုင်ငံကြီးသားအလေ့အကျင့်ကောင်းများ
ကိန်းအောင်းလာကြစေရန် လေ့ကျင့်ပေးသွားကြရမည်ဖြစ်ကြောင်း။ ” ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတစ်နိုင်ငံကို
ဖန်တီးပုံဖော်ကြသူများမှာ ထိုနိုင်ငံ၏ နိုင်ငံသားများပင်ဖြစ်ရာ ကောင်းမွန်သည့်
နိုင်ငံသားများကသာလျှင် နိုင်ငံကို ကောင်းမွန်အောင်တည်ဆောက်နိုင်ကြမည်ဖြစ်သည်။
စည်းကမ်းလိုက်နာမှုကောင်းမွန်သည့် လူမျိုးဖြစ်လာစေရေးအတွက်
အစပြုလေ့ကျင့်သင်ကြားပေးသည့် နေရာများသည် စာသင်ကျောင်းများပင်ဖြစ်သည်။ စာသင်ကျောင်းဆိုရာတွင်လည်း
ကျောင်းသား ကျောင်းသူကလေးငယ်များကို စိတ်ဓာတ်ကောင်း၊ အမူအကျင့်ကောင်းများ
စွဲမြဲလာစေရန် ပြုစုပျိုးထောင်ပေးကြရမည့် ဆရာ၊ ဆရာမများကို
အဓိကဆိုလိုဆိုခြင်းဖြစ်သည်။ မိမိတို့၏ စာသင်သားကလေးငယ်များကို စာပေပညာတတ်မြောက် ရုံမျှသာမက
နိုင်ငံသားကောင်းသမီးကောင်းများ ဖြစ်လာစေရန် သွန်သင်ဆုံးမနည်းလမ်းပြကြရန်မှာ ဆရာ၊
ဆရာမတို့၏ တာဝန်ဖြစ်သည်။
ကျောင်းအဆောက်အအုံမျက်နှာစာများ၊
စာသင်ခန်းနံရံအထက်များတွင် ထင်ထင်ရှားရှားဖော်ပြထားသည့် “အမျိုးသားစည်းကမ်းအစ
စာသင်ကျောင်းက”ဟူသည့် ဆောင်ပုဒ်က ဆရာ ဆရာမ၊ ကျောင်းသူ ကျောင်းသားနှင့် မိဘများကို
မပြတ်သတိပေးဆော်ဩနေခြင်းဖြစ်သည်။ စည်းကမ်းကောင်းမွန်သည့် ကျောင်းသည်
ဂုဏ်ဒြပ်ကြီးသကဲ့သို့ စည်းကမ်းကောင်းသည့် ကျောင်းဆရာ၊ ဆရာမများကိုလည်း
လေးစားကြသည်။ ယင်းသို့သော ကျောင်းများတွင် တက်ရောက်ရသည့် ကျောင်းသူ
ကျောင်းသားများနှင့် မိဘများမှာလည်း ဂုဏ်ယူကြရသည်။ စည်းကမ်း၊ ကျင့်ဝတ်၊ ဥပဒေများ
လေးစားလိုက်နာသည့် နိုင်ငံကြီးသားများ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေးတာဝန်ကို စာသင်ကျောင်းများက
အလေးအနက်ထမ်းဆောင်ကြရပါမည့်အကြောင်း။ ။
No comments:
Post a Comment