ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာကြီး၏ သုံးပုံတစ်ပုံခန့်သည် ကုန်းမြေဖြစ်ပြီး နှစ်ပုံကျော်သည် ပင်လယ်သမုဒ္ဒရာရေထုကြီးဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ အတိအကျ ဆိုလျှင် ကုန်းမြေ ၂၉ ရာခိုင်နှုန်း၊ ရေထု ၇၁ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားသည်။ ကျယ်ပြောလှသည့် ရေထုကြီးကို အမှီပြု၍ လူသတ္တဝါများရှင်သန်ရပ်တည်နိုင်ရေးနှင့် အကျိုးပြုဖြစ်ထွန်းရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ပြန်ထားသော
အချက်အလက်များအရ အဏ္ဏဝါနို့တိုက်သတ္တဝါ များ၏ ၂၅ ရာခိုင်နှုန်း၊ ပင်လယ်ငှက်များ၏
၂၇ ရာခိုင်နှုန်းနှင့် သန္တာကျောက်တန်းများ၏ ၂၇ ရာခိုင်နှုန်းသည်
ပျက်သုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေပြီး နောင်လာမည့် ၂၁၀၀ ပြည့်နှစ် ၇၅
နှစ်ခန့်ကြာသည့်အခါတွင် အဏ္ဏဝါမျိုးစိတ်များ၏ ထက်ဝက်ကျော်ခန့်
မျိုးသုဉ်းပျောက်ကွယ်သွားလိမ့်မည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် ကမ္ဘာကြီး၏
ရေထုကြီး ယိုယွင်းပျက်စီးခြင်းမဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။
ယခုအခါ
ကမ္ဘာ့ငါးသယံဇာတ၏ ရာခိုင်နှုန်း ၃၀ ခန့်ကို လူသားများက အလွန်အကျွံထုတ်ယူသုံးစွဲခဲ့ကြပြီးဖြစ်သည်။
ကမ္ဘာပေါ်ရှိ ကမ်းရိုးတန်းဒေသများတွင် ပင်လယ်ငါးဖမ်းလုပ်ငန်းများ
အလွန်အကျွံလုပ်ကိုင်မှုကြောင့် ငါးသယံဇာတများ သိသိသာသာ
လျော့နည်းပြုန်းတီးလာပြီဖြစ်သည်။ ထို့အပြင် ပင်လယ်ရေထုညစ်ညမ်းမှုကြောင့်
ရေသယံဇာတများနှင့် ဂေဟစနစ်များ ခြိမ်းခြောက်ခံရလျက်ရှိသည်။ ပင်လယ်ရေထုအတွင်း
တွေ့ရှိရသည့် အညစ်အကြေးများနှင့် စွန့််ပစ်ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းခန့််သည်
အများအားဖြင့် ကုန်းတွင်းပိုင်းမှ စွန့််ပစ်လိုက်သည့် စွန့်ပစ်ပစ္စည်းများဖြစ်သည်။
ပင်လယ်ရေထုအတွင်း ရောက်ရှိလာသော စွန့်ပစ်ပစ္စည်းအများစုသည် ပလတ်စတစ်နှင့်
စွန့််ပစ်ငါးဖမ်းပိုက်များဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံအပါအဝင်
ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတို့သည် ကမ္ဘာ့ကုလသမဂ္ဂ၏
ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များနှင့်အညီ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင်
ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် ၁၇ ရပ်အနက် ပန်းတိုင် ၁၄ သည်
ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့်
ပန်းတိုင်ရည်မှန်းချက်ဖြစ်သည်။ ထို့ကြောင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး
တိုးတက်ရေးရည်မှန်းချက်များ ပြည့်ဝစေရန်၊ သဘာဝအရင်းအမြစ်များ ရေရှည်တည်တံ့စေရန်၊
ပင်လယ်ရေထုညစ်ညမ်းမှုနှင့် ဆက်စပ်နေသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာစိန်ခေါ်မှုများ
တုံ့ပြန်ကာကွယ်နိုင်စွမ်းအားများကို မြှင့်တင်နိုင်ရန် ရေရှည်စီမံချက်များ
ချမှတ်ဆောင်ရွက်သွားရမည်ဖြစ်သည်။
ကမ္ဘာ့ရေထုကြီးသည်
သက်ရှိသတ္တဝါများနှင့် လူသားများကို အကျိုးပြုလျက်ရှိသည်။ ကမ်းရိုးတန်းနှင့်
အဏ္ဏဝါဆိုင်ရာ ရေထုအပူချိန်၊ ပင်လယ်ရေစီးကြောင်း၊ ရေနေသတ္တဝါများနှင့်
ဇီဝမျိုးစုံမျိုးကွဲများသည် လူသားများ ရှင်သန်ရပ်တည်နိုင်ရေး အတွက်
အဓိကအထောက်အပံ့ပြုပေးနေသည့် အကြောင်းတရားများဖြစ်သည်။ ကမ္ဘာပေါ်ရှိ
လူဦးရေအားလုံးအနက် သန်းပေါင်းသုံးထောင်ကျော်၏
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများသည်
ပင်လယ်ကမ်းရိုးတန်းများနှင့် ပင်လယ်သမုဒ္ဒရာများတွင် ရှင်သန်ဖြစ်ထွန်းနေသည့်
ဇီဝမျိုးစုံမျိုးကွဲများအပေါ်တွင် မှီခိုအားထားနေကြသည်။ မှီခိုအားထားနေသော
ပင်လယ်ရေထုကြီးကို လူသားတို့ကပင် ဖျက်ဆီးခြင်းမပြုရန် သတိပြုရမည်ဖြစ်သည်။
ပင်လယ်ရေထုညစ်ညမ်းမှုကြောင့်
သန့်ရှင်းသည့်ငါးသယံဇာတများ ရေရှည်တည်တံ့စွာ ထုတ်ယူနိုင်မှု၊ စားရေရိက္ခာဖူလုံမှု၊
အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝမှု၊ လူသားတို့၏ ကျန်းမာရေးနှင့်
လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ကို များစွာခြိမ်းခြောက်လျက်ရှိသည်။
စွန့်ပစ်ပစ္စည်းများ စုပုံစွန့််ပစ်ခြင်းကြောင့် ငါးနှင့် ပင်လယ်သတ္တဝါများ
သေကျေပျက်စီးပြုန်းတီးခြင်း၊ ကမ်းရိုးတန်းနှင့် အဏ္ဏဝါအရင်းအမြစ်များဖြစ်သည့်
ဒီရေတောများ၊ သန္တာကျောက်တန်းများ၊ ပင်လယ်မြက်ခင်းများ၊ မြစ်ဝကျွန်းပေါ်နှင့်
သဲသောင်ကမ်းခြေများ ထိခိုက်ပျက်စီးလျက်ရှိသည်။ ထို့အပြင် ပင်လယ်ရေထုတွင်
ဆီယိုဖိတ်မှုများ၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးသင်္ဘောများတွင်
တပ်ဆင်ထားသော စွမ်းအားမြှင့်အသံလှိုင်းထုတ်မှုများကြောင့် ရှားပါးနို့တိုက်သတ္တဝါ
ဝေလငါးများ အစာရှာဖွေရေးစနစ်နှင့် အပြုအမူများကို အဟန့်အတားဖြစ်စေသည်သာမက
ရေသတ္တဝါများ သေဆုံးနိုင်သည်အထိ ဖြစ်ပေါ်လျက်ရှိသည်။
မြန်မာနိုင်ငံသည်
အိန္ဒိယသမုဒ္ဒရာ၏ အစိတ်အပိုင်းဖြစ်သော ဘင်္ဂလားပင်လယ်ပြင်နှင့် ထိစပ်လျက်ရှိပြီး
ရခိုင်ကမ်းရိုးတန်းဒေသ၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမပင်လယ်ကွေ့၊
တနင်္သာရီကမ်းရိုးတန်းအပါအဝင် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းနှင့် ကျယ်ပြန့်သည့်
ပင်လယ်အဏ္ဏဝါကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါဒေသဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်ကို
အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ
စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ၏ လမ်းညွှန်ဆောင်ရွက်မှုများနှင့်အညီ
ပင်လယ်ပြင်ညစ်ညမ်းမှု ထိန်းသိမ်းနိုင်မှု၊ အဏ္ဏဝါဂေဟစနစ် တန်ဖိုးမြင့်မားလာအောင်
အကောင်အထည်ဖော်နိုင်မှု စသည့်ရလဒ်ကောင်းများကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
။
No comments:
Post a Comment