Sunday, May 12, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံမြို့ မြို့ရှောင်လမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ဖွင့်လှစ်


နေပြည်တော် မေ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့ရှောင်လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်းနေရာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။





အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ကြိုဆိုနှုတ်ဆက်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ ရပ်မိ ရပ်ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား ကျောင်းသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်

ထို့နောက် ကျိုင်းတုံမြို့ မြို့ရှောင်လမ်းအား ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျိုင်းတုံမြို့ မြို့ရှောင်လမ်း ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

အမွှေးနံ့သာရည်ပက်ဖျန်း

ဆက်လက်၍ ခရီးစဉ်တွင် လိုက်ပါလာသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများသည် ကျိုင်းတုံမြို့ မြို့ရှောင်လမ်းဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘင်ခရာတီးဝိုင်းနှင့် ပန်းဖွားအကအဖွဲ့များ၊ တိုင်းရင်းသား ရိုးရာအကအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့ မြို့ရှောင်လမ်းပိုင်းအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ မြို့ရှောင်လမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ကုန်စည်စီးဆင်းမှုမြန်ဆန်

အဆိုပါမိတ္ထီလာ-တောင်ကြီး- ကျိုင်းတုံ - တာချီလိတ် လမ်းကြောင်းပေါ်ရှိ ကျိုင်းတုံမြို့ မြို့ရှောင်လမ်းအား ကျိုင်းတုံမြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု လျှော့ချနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန်ချောမွေ့စေရေးတို့အတွက် ရည်ရွယ်၍ ၂၀၁၉ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါမြို့ရှောင်လမ်းသည် အကျယ် ၂၃ ပေ၊ လမ်းအရှည် ၆ မိုင်ရှိ ကတ္တရာ - ကွန်ကရစ်အမျိုးအစားဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment