Sunday, May 12, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးနှင့် သတ္တသတ္တာဟမဟာ ဗောဓိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို

 

နေပြည်တော် မေ ၁၁

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည့် ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရ ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ ဝစီပိတ်ဆရာတော်နှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်ရှိ အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးနှင့် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီးတို့သို့ သွားရောက်ဖူးမြော် ကြည်ညိုသည်။






ဖူးမြော်ကြည်ညို

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်းနှင့်ဆီမီးများ ကပ်လှူပူဇော်ကြပြီး စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကာ စေတီတော်လိုဏ်အတွင်း စကျင်ကျောက်များဖြင့် ထုဆစ်ပူဇော်ထားရှိသည့် ဗုဒ္ဓဝင်များကို လှည့်လည်ကြည်ညိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်တော် View Point နေရာမှ ကျိုင်းတုံဒေသရှုခင်းများကို ကြည့်ရှုကြပြီး သီလဓမ္မကုသိုလ်ဖြစ်ဆေးခန်းဆောင်ရွက်ထားရှိမှုနှင့် သီလဓမ္မဆေးရုံတော် တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

ဆီမီးများကပ်လှူပူဇော်

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်အတွင်းရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးသို့ရောက်ရှိကြပြီး ဗုဒ္ဓရုပ်ပွားတော် မြတ်အားဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ကြသည်။

အလှူငွေများလှူဒါန်း

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မဟာဗောဓိစေတီတော်မြတ်ကြီး ဘက်စုံထိန်းသိမ်းဆောင်ရွက်ရန်အတွက် စုပေါင်းအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ကြည်က လက်ခံရယူသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သတ္တသတ္တာဟမဟာဗောဓိစေတီတော်မြတ်ကြီး အထက်ပစ္စယံရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓမြတ်စွာဘုရား၏ ဖြစ်တော်စဉ် ဖွားပွင့်ဟောစံသံဝေဇနိယလေးဌာနတို့အား လှည့်လည်ဖူးမြော် ကြည်ညိုကြသည်။

လိုအပ်သည်များ မှာကြား

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်း တည်ထားကိုးကွယ်မည့် လောကသရဖူဘုရားကြီး တည်ဆောက်ရေးလုပ်ငန်းသို့ ရောက်ရှိကြပြီး တည်ထားကိုးကွယ်ရန် အတည်ပြုနေရာ ဆောင်ရွက်ထားရှိမှု၊ ကျောက်ထုတ်လုပ်ရေးစက်ရုံမှ ဘုရားတည်ဆောက်ရေးအတွက် ကျောက်များ ထုတ်လုပ်ထားရှိမှု၊ လောကသရဖူဘုရားကြီး၏ ပုံတူပုံစံငယ်လျာထား ပူဇော်ထားရှိမှုအခြေအနေများကို ကြည့်ရှုပြီး ဝစီပိတ်ဆရာတော်ကြီး၏ မိန့်ကြားမှုများအပေါ် လိုအပ်သည်များ တင်ပြလျှောက်ထားကာ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုတင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

အဆိုပါ ကျိုင်းတုံမြို့ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်း၌ အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသအေးချမ်းသာယာမှုရှိစေရန်၊ ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်တွင်း၊ ပြည်ပမှဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဦးစွာတည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသနှင့် အနီးဝန်းကျင်မှ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ပြည်တွင်း၊ ပြည်ပမှဘုရားဖူးများအနေဖြင့် အိန္ဒိယနိုင်ငံဗုဒ္ဓဂယာရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးကို ဒေသအတွင်း၌ပင် ရည်စူးဖူးမြော်နိုင်စေရန် ရည်ရွယ်၍ ဝစီပိတ်ဆရာတော်ကြီးကိုယ်တိုင် ဦးဆောင်ပဓာနကမကထပြုကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြုသည့် စေတနာရှင် အလှူရှင်များ၊ ဒေသခံတိုင်းရင်း သားပြည်သူများ၏ စုပေါင်းလှူဒါန်းမှုများဖြင့် တည်ဆောက် ပူဇော်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုဆက်လက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသနှင့် ကျိုင်းတုံဒေသအတွင်း သာသနာတော်ထွန်းကားပြန့်ပွားရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment