Sunday, May 12, 2024

ကယ်တင်စောင့်ရှောက်ပြုစု ရှေးဦးသူနာပြု

 

ကမ္ဘာတစ်ဝန်းရှိ မကျန်းမာသူများနှင့်လူနာများကို ကုသစောင့်ရှောက်မှုပြုကြရာတွင် ဆရာဝန်များက ကုသမှုကိုတာဝန်ယူ၍ သူနာပြုများက ပြုစုစောင့်ရှောက်မှုကို တာဝန်ယူကြရသည်။ နယ်မြေဒေသအကျယ်အဝန်းနှင့် လူဦးရေအရ လိုအပ်သည့် ဆရာဝန်အချိုးအစားကို မည်သည့်နိုင်ငံတွင်မှ လုံလောက်အောင် ရရှိနိုင်မည်မဟုတ်ပေ။ အထူးသဖြင့် ဝေးလံခေါင်ပါး ခက်ခဲကြမ်းတမ်းသောဒေသများတွင် ဆရာဝန်ရရှိရေး အလွန်ခက်ခဲသဖြင့် သူနာပြုများကိုသာ အားကိုးအားထားပြုကြရသည်ကို တွေ့ရမည်ဖြစ်သည်။

ထို့ကြောင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ကုသမှုပေးရာတွင် သူနာပြုများ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါပြီး အလွန်လိုအပ်လျက်ရှိသည်။ ဆေးပညာနှင့်ပတ်သက်ပြီး အခြေခံသဘောတရားကို သိထားကြသူများဖြစ်၍ ယုံကြည်စိတ်ချ အားကိုးထိုက်သူများဖြစ်သည်။ အတွေ့အကြုံများပြားသည့် သူနာပြုဆရာကြီး ဆရာမကြီးများအနေဖြင့် ဆရာဝန်များကဲ့သို့ပင် အားကိုးအားထား ပြုနိုင်လောက်သောသူများဟု ဆိုနိုင်သည်။

လူနာများကို အနီးကပ်ထိတွေ့ အနီးကပ်နေထိုင် ပြုစုစောင့်ရှောက်မှုပေးကြသည့် သူနာပြုများကို မေတ္တာ၊ ကရုဏာကြီးမားသူများဟု ဆိုနိုင်သည်။ နေရာဒေသမရွေး၊ အချိန်အခါမရွေး၊ ဘေးအန္တရာယ်မရှောင် လူနာများကို အနီးကပ်ပြုစုစောင့်ရှောက်ကြသဖြင့် လူနာများ၏မီးအိမ်ရှင်၊ ကရုဏာရှင်ဟုဆိုထိုက်သည်။ ကမ္ဘာ့ပထမဆုံးသူနာပြုသင်တန်းကျောင်းနှင့် ခေတ်သစ်သူနာပြု အတတ်ပညာကို တည်ထောင်ခဲ့သူ ဗြိတိသျှအမျိုးသမီးငယ် ဖလောရင့်စ်နိုက်တင်ဂေးလ်သည် ၁၉ ရာစုအတွင်းဖြစ်ပွားသည့် ခရိုင်းမီးယားစစ်မြေပြင်တွင် ဒဏ်ရာရစစ်သည်များကို ညအချိန်တွင် မီးအိမ်တစ်လုံးဖြင့် လိုက်လံပြုစုစောင့်ရှောက်ပေးသဖြင့် မီးအိမ်ရှင်ဟု ထင်ရှားလာခဲ့ပြီး နိုက်တင်ဂေးလ်၏ ကရုဏာစွမ်းဆောင်မှုများကို ဂုဏ်ပြုသောအားဖြင့် သူမ၏မွေးနေ့ မေလ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသူနာပြုနေ့ဟု သတ်မှတ်ခဲ့သည်။

နိုက်တင်ဂေးလ်၏ သူနာပြုလုပ်ငန်းများ စွန့်ဦးလုပ်ဆောင်မှုများကို အသိအမှတ်ပြုသောအားဖြင့် သူနာပြုမျိုးဆက်များအနေဖြင့် ဖလောရင့်စ်နိုက်တင်ဂေးလ် ကတိသစ္စာပြုလွှာကို ရွတ်ဆိုကြရပြီး နိုင်ငံတကာသူနာပြု ထူးချွန်သူများအား ဖလောရင့်စ်နိုက်တင်ဂေးလ်ဆုကို ဂုဏ်ပြုချီးမြှင့် ပေးအပ်လျက်ရှိသည်။ ဖလောရင့်စ်နိုင်တင်ဂေးလ်ဆုတံဆိပ်ကို ပဋိပက္ခ သို့မဟုတ် ဘေးဒုက္ခရင်ဆိုင်နေရချိန်တွင် ဒဏ်ရာရရှိသူများ၊ ဖျားနာနေသူများ၊ မသန်စွမ်းသူများနှင့် ဒုက္ခသည်များအား ရွပ်ရွပ်ချွံချွံပြုစုစောင့်ရှောက်ခဲ့သည့် သူနာပြုနှင့်သူနာပြုအကူများကို ချီးမြှင့်ပေးအပ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်မတိုင်မီအထိ ကမ္ဘာတစ်ဝန်းမှ ထူးချွန်သူနာပြု ၁၅၁၂ ဦးတို့ ဆုတံဆိပ်များ ရရှိခဲ့သည်။

ဖလောရင့်စ်နိုက်တင်ဂေးလ်ဆုတံဆိပ်ကို မြန်မာနိုင်ငံမှ သူနာပြုလေးဦးက ဆွတ်ခူးရရှိခဲ့သည်။ အမှတ်(၂) တပ်မတော်စစ်ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ခင်အုန်းမြ(နောင် ဗိုလ်မှူး)က ၁၉၆၃ ခုနှစ်တွင် ပထမဆုံးဆုတံဆိပ်ရရှိခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် မူဆယ်ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမကြီး ဒေါ်အမ်ယောနမ်က ဒုတိယမြောက်ဆုကိုရရှိခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် တတိယမြောက် ဆုတံဆိပ်ရရှိသူမှာ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် သောင်သွပ်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမဒေါ်သိန်းရီဖြစ်ပြီး မီးလောင်နေသည့်အိမ်အတွင်းမှ ကလေးငယ်အား အသက်ကိုပဓာနမထားဘဲ ကယ်တင်နိုင်ခဲ့သဖြင့် ဆုတံဆိပ်ရရှိခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် စတုတ္ထမြောက် ဆုတံဆိပ်ရရှိခဲ့သူမှာ ဟိုင်းကြီးကျွန်းတိုက်နယ်ဆေးရုံမှ အထက်တန်းသူနာပြု ဦးစနိုင်နိုင်ထွန်းဖြစ်ပြီး ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်စဉ် ရွပ်ရွပ်ချွံချွံတာဝန်ထမ်းဆောင်ခဲ့သဖြင့် ဖလောရင့်စ် နိုက်တင်ဂေးလ်ဆုတံဆိပ်ရရှိခဲ့သည်။

သူနာပြုနှင့်သားဖွားဝန်ထမ်းများသည် ပြည်သူတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မိမိအသက်ကို ပဓာနမထားဘဲ ဒဏ်ရာရသူများ၊ မကျန်းမာသူများအား ပြုစုစောင့်ရှောက်မှုပေးခြင်း၊ မကျန်းမာမှုမဖြစ်စေရန် ကြိုတင်ကာကွယ်ပေးခြင်း၊ ကျန်းမာသူများ ပိုမိုကျန်းမာလာအောင် မြှင့်တင်ဆောင်ရွက်ပေးခြင်း၊ ပြန်လည်ထူထောင်ရေးတွင် ပြုစုစောင့်ရှောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် လူတိုင်းလက်လှမ်းမီနိုင်သည့် ကျန်းမာရေးလွှမ်းခြုံမှုရရှိရေးအတွက် အရေးပါပြီး အဓိကကျသော ကျန်းမာရေးဝန်ထမ်းများဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ သူနာပြုနှင့် သားဖွားအင်အားစုသည် ကျန်းမာရေးကဏ္ဍမှ လူ့စွမ်းအားအရင်းအမြစ်အားလုံး၏ ၅၀ ရာခိုင်နှုန်းနီးပါးရှိသည့်အတွက် သူနာပြုနှင့်သားဖွားကဏ္ဍ၏အရေးပါမှုကို ထင်ရှားစွာ တွေ့မြင်နိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ သူနာပြုနှင့် သားဖွားဆရာဆရာမများသည် ပြည်သူလူထုကို အနီးကပ်ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိသည့် မွန်မြတ်သော ကရုဏာရှင်များဖြစ်ရာ ပြည်သူများနှင့်လူနာများအပေါ် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်စေရန် ပြည်တွင်း၌သာမက နိုင်ငံတကာမှ အသိအမှတ်ပြုထားသော ကရုဏာရှင်၊ မီးအိမ်ရှင်များကို စံနမူနာပြုဂုဏ်ယူကြပြီး အလားတူကရုဏာရှင်များအဖြစ် စွမ်းဆောင်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။

No comments:

Post a Comment