Sunday, May 12, 2024

အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက် အင်းထလျဲန်၏ ဟော်နန်းပုံစံတူပြတိုက် ဖွင့်ပွဲအခမ်းအနားကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်



 နေပြည်တော် မေ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ် (၅) ရပ်ကွက်၊ နောင်တုံကန်ပတ်လမ်းရှိ ဟော်နန်းဥယျာဉ်မြေ၊ ဟော်နန်းမြေနှင့် တစ်ဆက်စပ်တည်း တည်ရှိသည့်နေရာတွင် အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏  ဟော်နန်းပုံစံတူပြတိုက် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဆွေတော်မျိုးတော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အခမ်းအနား ကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဆွေတော်မျိုးတော်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ကျိုင်းတုံဟော်နန်းဖြစ်ပေါ် လာပုံသမိုင်းအကျဉ်းအား အခမ်းအနားမှူးက ရှင်းလင်းတင်ပြသည်။ ယင်းနောက် မြို့မိမြို့ဖ ဦးစိုင်းရီတစ်ပဝုန်းက လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ပျောက်ဆုံးသွားခဲ့သည့် ကျိုင်းတုံဟော်နန်းပုံစံတူပြတိုက်အား ပြန်လည်တွေ့မြင်ရသဖြင့် ယနေ့သည် ကျိုင်းတုံမြို့အတွက် ကျက်သရေမင်္ဂလာနှင့် ပြည်စုံသည့် နေ့ကောင်းနေ့မြတ်တစ်ရက် ပင်ဖြစ်ပါကြောင်း၊မိမိတို့ ကျိုင်းတုံဒေသခံပြည်သူလူထုတို့အနေဖြင့် ကျိုင်းတုံဟော်နန်းပုံစံတူပြတိုက်အား ပြန်လည်တည်ဆောက်နိုင်ရေးအတွက် နှစ်အဆက်ဆက်ကြိုးပမ်းခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တည်ဆောက်နိုင်ခြင်းမရှိခဲ့ပါကြောင်း၊ ယခုကဲ့သို့ ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဟော်နန်းပုံစံတူပြတိုက်ကြီးကို အကောင်အထည်ဖော် တည်ဆောက်ပေးနိုင်ရေး လမ်းညွှန်မှုပြုခဲ့သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့ဒေသခံများအနေဖြင့် ကျိုင်းတုံဟော်နန်းပုံစံတူပြတိုက်ကြီး ပြန်လည်ဖော်ဆောင်လာနိုင်ခဲ့သည့်အတွက် အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာပီတိဖြစ်ရပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဟော်နန်းပုံစံတူပြတိုက်ကို ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာ ဒေါ်ရင်ရင်နွယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန် ကျောက်အင်းထလျဲန်၏ဟော်နန်းပုံစံတူပြတိုက် ဖွင့်လှစ်ခြင်းအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးသည်။

၎င်းနောက် ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဆွေတော်မျိုးတော် များနှင့် မြို့မိမြို့ဖများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘင်ခရာတီးဝိုင်းနှင့် ပန်းပွားအကအဖွဲ့များ၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ကျိုင်းတုံဟော်နန်းပုံစံတူပြတိုက် ဆောက်လုပ်ရေး တာဝန်ယူဆောင်ရွက်ခဲ့သည့် တာဝန်ရှိသူများကို ချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ကျိုင်းတုံဟော်နန်းပုံစံတူပြတိုက်အတွင်း၌ ခင်းကျင်းပြသထားသည့် ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်နှင့် မိသားစုဝင်များ၊ ဆွေတော်မျိုး တော်များ၏ သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ အထောက်အထားမှတ်တမ်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ အခန်းဖွဲ့စည်းဆောင်ရွက်ထားရှိမှုများကို စော်ဘွားကြီး၏ ဆွေတော်မျိုးတော်များနှင့်အတူ စိတ်ဝင်တစားလိုက်လံကြည့်ရှုခဲ့ပြီး သမိုင်းမှတ်တမ်းအထောက်အထားများ ယခုထက်ပိုမိုပြည့်စုံစွာ ရရှိနိုင်ရေး၊ ရှိပြီးဖြစ်သည့် ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများ ပျက်စီးမှုမရှိစေရေး အတွက်စနစ်တကျ ထိန်းသိမ်းပြီး လိုအပ်ပါက မှန်များကာရံ၍ ရေရှည်တည်တံ့ခိုင်မြဲ ရေးဆောင်ရွက်သွားရန်နှင့် မပျောက်ပျက်အောင် အဆင့်ဆင့်လက်ဆင့်ကမ်းထိန်းသိမ်းသွားနိုင်ရေး လိုအပ်သည်များကို ဆွေးနွေးပြောကြားသည်။

အဆိုပါ ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ကျိုင်းတုံ ဟော်နန်းကြီးကို ၁၉၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ပညာရှင်များခေါ်ဆောင်၍ စတင်ဆောက်လုပ်စေခဲ့ခြင်းဖြစ်ပြီး ၁၉၀၆ ခုနှစ်တွင်ပြီးစီးခဲ့ကြောင်း၊ ဥရောပနှင့် အိန္ဒိယဟန်များ လွှမ်းမိုးထားပြီး ရှမ်းရိုးရာနှင့် မြန်မာဗိသုကာပုံစံတို့ကို ပေါင်းစပ်တည်ဆောက်ထားခြင်းဖြစ်ကာ ကျိုင်းတုံမြို့၏ ပထမဆုံးသော ဘိလပ်မြေအဆောက်အဦဖြစ်ကြောင်း၊ ဟော်နန်းကြီးတွင် စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၊ သားဖြစ်သူ စော်ဘွားစဝ်ကောင်တိုင်းနှင့် မြေးဖြစ်သူ စော်ဘွား စဝ်စိုင်းလုံတို့ မိသားစုများ နေထိုင်ခဲ့ကြကြောင်း၊ ၁၉၅၉ ခုနှစ်အထိ စော်ဘွားမိသားစုများနေထိုင်ခဲ့ကြပြီး ၁၉၆၂ ခုနှစ်တွင် ဟော်နန်းအား အစိုးရရုံးအဖြစ် အသုံးပြုခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် စော်ဘွားကြီး၏ ဆွေတော်မျိုးတော်များ၊ ဒေသခံမြို့မိမြို့ဖများ၏ တောင်းဆိုချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင်အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ တိုင်းရင်းသားတို့၏ သမိုင်းဝင်အဆောက်အဦးများ၊ ဘာသာရေးအဆောက်အဦများကို မူလပုံစံမပျက် ပြန်လည်ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းဖြင့် နိုင်ငံတော်၏ သမိုင်းအစဉ်အလာကြီးမားမှုကို ဖော်ပြနိုင်မည်ဖြစ်ကြောင်းနှင့် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ပြီး တစ်လေတည်းရှူနေကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားများအချင်းချင်း ခင်မင်ရင်းနှီးမှု၊ ယုံကြည်မှု၊ အေးချမ်းသာယာမှုနှင့် လူမှုစီးပွားတိုးတက်စေမှုတို့ကို များစွာအထောက် အပံ့ဖြစ်စေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံလေဆိပ်အဆင့်မြှင့်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်နိုင်ဦးတို့က ကျိုင်းတုံလေဆိပ် သမိုင်းအကျဉ်းနှင့် လေဆိပ်ဆိုင်ရာများ၊ လေယာဉ်ပြေးလမ်းနှင့် လေဆိပ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျိုင်းတုံမြို့သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၏ မြို့တော်ဖြစ်ပြီး လမ်းပန်းဆက်သွယ်မှုဝေးကွာသည့် နေရာတစ်ခုလည်းဖြစ်ကြောင်း၊ ကျိုင်းတုံဒေသတွင် ခရီးသွားများကို ဆွဲဆောင်နိုင်သော သာယာလှပသည့် သဘာဝပတ်ဝန်းကျင် ရေမြေတောတောင်များကို ပိုင်ဆိုင်ထားရှိပြီး ပန်ကွဲကျေးရွာရှိဗုဒ္ဓဥယျာဉ်၊ အသစ်ပြန်လည်တည်ဆောက်ထားသည့်  ကျိုင်းတုံဟော်နန်းပုံစံတူပြတိုက်၊ နောင်တုံကန်၊ လွယ်မွေအပန်းဖြေတောင်စခန်းမြို့နှင့် အခြားလည်ပတ်နိုင်သည့် နေရာများစွာရှိကြောင်း၊ အလားတူ ကျိုင်းတုံမြို့တွင် SME လုပ်ငန်းများလည်းရှိပြီး ထုတ်ကုန်များကို ထုတ်လုပ်လျက်ရှိကြောင်း၊ ကျိုင်းတုံလေယာဉ်ကွင်းအား အဆင့်မြှင့်တင်ခြင်းသည် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်းပင်ဖြစ်ကြောင်း၊ ယခုအခါ ပြည်တွင်းခရီးစဉ်များ၌ ဝေးကွာသည့်နေရာများသို့ ဂျက်လေယာဉ်များကို အသုံးပြုလာပြီဖြစ် ကြောင်း၊ မိမိတို့နိုင်ငံတွင် အသုံးပြုလျက်ရှိသော ဂျက်လေယာဉ်များ ဆင်းသက်နိုင်သည့်အထိ အဆင့်မြှင့်တင် ဆောင်ရွက်ရန်လိုကြောင်း၊ အိမ်နီးနားချင်းနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် လည်း လာအိုနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများမှ ကျိုင်းတုံလေဆိပ်သို့ တိုက်ရိုက် ပျံသန်းဆင်းသက်နိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ ကျိုင်းတုံမြို့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် ယခုကဲ့သို့အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လေဆိပ်အသစ်တည်ဆောက်ခြင်းနှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ရာတွင် စနစ်တကျဆောက်လုပ်ရန်လိုကြောင်း၊ မည်သည့်ရာသီဥတုတွင်မဆို လေယာဉ်များဆင်းသက်နိုင်ရန် လေယာဉ်ပြေးလမ်းအတွက်လိုအပ်သော အထောက်အကူပစ္စည်းများကို ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်သွားရန်လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံလေဆိပ်အသစ်တည်ဆောက်မည့်နေရာနှင့် လေယာဉ် ပြေးလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင် များသည် မေ ၁၀ ရက် ညနေပိုင်းကလည်း သက်တော် ၉၉ နှစ်ရှိ သက်တော်ရှည် ကျိုင်းယင်းကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ခေမာစာရအား သွားရောက် ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ကြီး၏ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားကာ နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ခရီးစဉ်တွင်လိုက်ပါလာကြသည့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများသည် ဆရာတော်ကြီးအား နဝကမ္မ စုပေါင်းအလှူတော်ငွေများနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကျိုင်းယင်းကျောင်းတိုက်အတွင်း လှည့်လည်ကြည့်ရှု၍ ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည်များကို ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment