နေပြည်တော် မေ ၁၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ယာယီနေရပ်စွန့်ခွာသူများ နေထိုင်သည့် ပြည်သူ့ဆေးရုံဝန်း အတွင်းသို့ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး အသက် ၁ နှစ်ခွဲနှင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၁၀ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ AA အကြမ်းဖက်သောင်းကျန်းသူများသည် မေ ၁၁ ရက် ည ၁၁ နာရီခန့်တွင် ဘူးသီးတောင်မြို့၏
အရှေ့မြောက်ဘက် မီတာ ၂၈၀၀ ခန့်အကွာရှိ ကျောက်ရစ် (ရွာသစ်) ကျေးရွာ ဘက်မှနေ၍ လက်နက်ကြီးဖြင့်
ပြည်သူ့ဆေးရုံဝန်းအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ့ဆေးရုံရှိ
ဝန်ထမ်းအိမ်ရာ ၄ ထပ်ဆောင်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ခဲ့သည်။
ယင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ပြည်သူ့ဆေးရုံဝန်းအတွင်း
အေးချမ်းစွာနေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာ
ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး အသက် ၁ နှစ်ခွဲနှင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ဒေသခံပြည်သူ ၁၀ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူများအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက
ဘူးသီးတောင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်၍ လိုအပ်သည့် ဆေးကုသမှုခံယူစေလျက်ရှိသည်။
AA အကြမ်းဖက်သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်အတွင်း ဒေသခံပြည်သူများ အေးချမ်းစွာနေထိုင်နေမှုနှင့်
လူမှုစီးပွားဘဝ ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့်
လူနေရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ
ပစ်ခတ်တိုက်ခိုက်ခဲ့မှုအနေဖြင့် ယခုအကြိမ်အပါအဝင် စုစုပေါင်း ၁၄ ကြိမ်ရှိခဲ့ပြီး ယင်းသို့ပစ်ခတ်တိုက်ခိုက်မှုများကြောင့်
အပြစ်မဲ့ဒေသခံပြည်သူ ၆၀ ဦး သေဆုံးခဲ့ကာ ၁၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းလျက်ရှိသော မြို့၊ ရွာ၊ ရပ်ကွက်များကို
AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲများ
ဖော်ဆောင်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့၏လုပ်ရပ်များကို
ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း
သတင်းရရှိသည်။





No comments:
Post a Comment