Friday, May 10, 2024

ဖွံ့ဖြိုးမှုဆီ အရောက်ချီသည် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း

 


ဇာနည်(ကျေးလက်)

ဘော်နင်းရွာသစ် ကျေးရွာကလေးသည် နေ့အလင်းရောင်ကွယ်သည်နှင့် အမှောင်ထုကြား ငြိမ်သက်တိတ်ဆိတ်သွားသည့် ကျေးရွာလေး မဟုတ်တော့ပေ။ ညအတွက် လျှပ်စစ်မီး ထိန်ထိန်ညီးကာ အလင်းဆက်နိုင်ခဲ့ပြီ။ ရွာ၏ သာရေး၊ နာရေး၊ လူမှုစီးပွားအရေးကိစ္စများကို ညအချိန်အထိ လှုပ်ရှားဆောင်ရွက်နိုင်ပြီဖြစ်သည်။ မီး သာမက ရေလည်းရ၊ လမ်းလည်းကောင်း၊ စာသင်ကျောင်းလည်းရှိ၊ ဘက်စုံသုံးခန်းမလည်းရှိသည့် ခေတ်မီကျေးရွာတစ်ခုအဖြစ် ပြောင်းလဲခဲ့ပေပြီ။ ထို့ပြင် ကျေးရွာပြည်သူများ သည် ရေမီတာ၊ လျှပ်စစ်မီးမီတာ စသည်တို့ကို Mobile Payment နှင့် Digital Payment စနစ်များဖြင့် ပေးဆောင်နိုင်နေပြီဖြစ်သည်။

“ကိုယ့်ရပ်ကိုယ့်ရွာ ဒီလိုခေတ်မီတိုးတက်လာတာ၊ ပြည့်စုံလာတာ သဘောကျတာပေါ့။ မြို့နဲ့ ရွာနဲ့ မခြားတော့ဘူးလေ။ ကျေးရွာတိုင်းကို ခေတ်မီစံပြကျေးရွာတွေ ဖြစ်လာစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျေးရွာသူကျေးရွာသားတွေရဲ့ လူနေမှုစနစ် မြင့်လာစေတယ်၊ နည်းပညာနဲ့ လည်း မဝေးတော့ဘူး။ ကျန်းမာရေး အတွက် သောက်သုံးမယ့် ရေချိုရေသန့် စနစ်၊ ရွာရဲ့ အမှိုက်စနစ် ဒါတွေကိုပါ စနစ်ကျစေတယ်” ဟု ကလောမြို့နယ် ဘော်နင်းရွာသစ်ကျေးရွာမှ ကော်မတီ ဥက္ကဋ္ဌကပြောသည်။

ခေတ်မီစံပြကျေးရွာများ ဖြစ်လာ

တိုးချဲ့ ဆောင်ရွက်ခဲ့သည့် ကျေးရွာ ၄၅ ရွာနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆောင်ရွက်ခဲ့သည့် ကျေးရွာ ၄၃ ရွာ အပါအဝင် ကျေးရွာပေါင်း ၈၈ ရွာကို ခေတ်မီစံပြကျေးရွာများ ဖြစ်လာစေရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဖော်ဆောင်လျက်ရှိသည်။

“ကျွန်တော်တို့ ဌာနအနေနဲ့ ဒီစီမံကိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ကျေးရွာ ၄၃ ရွာ စပြီးဆောင်ရွက်ခဲ့တယ်။ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ကျေးရွာ ၄၅ ရွာကို တိုးချဲ့ဆောင်ရွက်ခဲ့ တယ်။ ဒါကြောင့် နေပြည်တော်အပါအဝင် ပြည်နယ်/တိုင်းဒေသကြီး ၁၄ ခုမှာ အကောင်အထည်ဖော်နေတဲ့ ကျေးရွာပေါင်း ၈၈ ရွာ ရှိနေပါပြီ။ ကျေးရွာတွေရဲ့ ဖွံ့ဖြိုးမှုကို စနစ်တကျ ဆောင်ရွက်ပေးတဲ့ စီမံကိန်းဖြစ်တဲ့အတွက် ကျေးရွာတွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ လမ်း၊ မီး၊ ရေ အပါအဝင် ဖွံ့ဖြိုးမှု ကဏ္ဍခြောက်ခုကို အခြေခံထားပါတယ်။ စီမံကိန်းကာလက စတင်ဆောင်ရွက်တဲ့ ဘဏ္ဍာနှစ်ကနေ ငါးနှစ်အထိ ဖြစ်ပါတယ်” ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

ခေတ်မီစံပြကျေးရွာထူထောင်ရေး (Smart Village) စီမံကိန်း ဖော်ဆောင်နေသည့် ကျေးရွာများတွင် ကျေးရွာအခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှု ထောက်ပံ့ကူညီခြင်း၊ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးနှင့် ကျေးရွာစီးပွားမြင့်မားရေး၊ အသင်းအဖွဲ့များ ခိုင်မာအားကောင်း စေခြင်းနှင့်နည်းပညာဖြန့်ဖြူးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစသည့် ကဏ္ဍခြောက်ခုကို ဦးတည်ကာ ဖွံ့ဖြိုးမှု ရရှိလာစေရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကြိုးပမ်းဖော် ဆောင်လျက်ရှိသည်။

ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၂၄၈၃ ခုကို ဆောင်ရွက်နိုင်ခဲ့

ယင်းကဏ္ဍ ခြောက်ခုကို အခြေခံ၍ ခေတ်မီစံပြကျေးရွာထူထောင်ရေး (Smart Village) စီမံကိန်း ဆောင်ရွက်သည့် ကျေးရွာ ၈၈ ရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၂၄၈၃ ခုကို ဆောင်ရွက်နိုင်ခဲ့သည်။ လုပ်ငန်းရပ်များတွင် ကျေးလက်လမ်း တံတား ၃၂၄ခု၊ ကျေးလက်ရေရရှိရေး ၁၄၈ ခု၊ ကျေးလက်မီးလင်းရေး ၁၈ ခု စသည့် လုပ်ငန်းများအပြင် ကျေးရွာ စာကြည့်တိုက် ၁၅ ခု၊ ဘက်စုံသုံးခန်းမ ၃၁ ခု၊ ပညာရေးဆိုင်ရာ ၂၀၊ IT နည်းပညာ အသုံးချနိုင်ရေး ထူထောင်ခြင်း ၅၀ နှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများစွာ ပါဝင်သည်။

ထို့အတူ စိုက်ပျိုးရေးသွင်းအားစုထောက်ပံ့ခြင်း၊ မွေးမြူရေးသွင်းအားစုထောက်ပံ့ခြင်း၊ ပစ္စည်းသွင်းအားစု ထောက်ပံ့ခြင်း၊ ငွေကြေးသွင်းအားစုထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိသည့်အပြင် အသိပညာပေး လုပ်ငန်းများကိုလည်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည်။

အလားတူ အသက်မွေးဝမ်းကျောင်း သင်တန်း၊ ကျေးလက်စီးပွားမြင့်မားရေး (RBF) လုပ်ငန်း၊ စိုက်ပျိုးရေးသင်တန်း၊ မွေးမြူရေးသင်တန်း စသည်ဖြင့် အထောက်အကူပြု သင်တန်းများစွာကို ဖွင့်လှစ်ပေးကာ အသက်မွေးဝမ်းကျောင်းနှင့် ကျေးရွာစီးပွားမြင့်မားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ကျေးရွာများတွင် အသိပညာပေး၊ နည်းပညာပေး လုပ်ငန်းများကိုလည်း တစ်ပါတည်း ဖော်ဆောင်လျက်ရှိသည်။

“ကျွန်တော်တို့ရွာက အရင်က နွေရာသီဆို လူအတွက်၊ နွား၊ ကျွဲတွေ အတွက် သောက်ဖို့၊ သုံးဖို့ ပူနေရပါပြီ။ ရေရှားပြီး လျှပ်စစ်မီးမရလို့ စိုစိုပြည်ပြည်မရှိတဲ့ ကျွန်တော်တို့ကျေးရွာကို ခေတ်မီ စံပြကျေးရွာထူထောင်ရေးစီမံကိန်းက အသွင်ပြောင်းလဲပေးပါတယ်။ အခုတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနေ ဆောင်ရွက်ပေးလို့ ရေ၊ မီး မပူရတော့ဘူး။ စီမံကိန်းထဲ ပါဝင်တာ ဖြစ်လို့ ကျေးရွာအတွက် လိုအပ်တဲ့သွင်းအားစု အကူအညီ၊ နည်းပညာ အကူအညီ ရဦးမယ်လို့ သိရပါတယ်။ ဒီလိုစီမံကိန်းတွေက ကျေးရွာတွေ မြန်မြန်ဖွံ့ဖြိုးမှုရစေတာမို့ တိုးလုပ်နိုင်လေ ကောင်းလေပါပဲ” ဟု မင်းဘူးမြို့နယ် တောင်မန်းကျေးရွာမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်

မိသားစုဘဝ သာယာလှပရန်အတွက် ဝင်ငွေတိုးပွားရေးသည်လည်း အရေးကြီးသည်ဖြစ်ရာ စီးပွားဖြစ်နှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန် ငွေကြေးအရင်းအနှီးနှင့် သွင်းအားစုများထောက်ပံ့ခြင်း၊ ဈေးကွက်ရှာဖွေ ချိတ်ဆက်ပေးခြင်း တို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ စီမံကိန်းမှ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ အစီအစဉ်ဖြင့် ငွေကျပ်သန်း ၄၄၇၀ မတည်ပေးထားခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ အထည်ချုပ်၊ ရက်ကန်း၊ ဆန်စက်၊ ရော်ဘာပြားထုတ်လုပ်မှုနှင့် အခြားကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက် လာနိုင်ခဲ့ပါသည်။

“ကျွန်မတို့ရွာမှာ မနှစ်ကစပြီး ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း ဆောင်ရွက်ခွင့်ရခဲ့တယ်။ စီမံကိန်းက မတည်ပေးတဲ့ လည်ပတ်ရန်ပုံငွေနဲ့ အစုအဖွဲ့ သုံးဖွဲ့ ဖွဲ့စည်းပြီး ပဲတီစိမ်းနဲ့ မတ်ပဲဧက ၅၀ တိုးချဲ့စိုက်ပျိုးခဲ့ရာ ငွေကျပ် သိန်း ၆၀၀ အကျိုးအမြတ် ရရှိခဲ့ပါတယ်” ဟု အင်္ဂပူမြို့နယ် ရွှေတောင်စုကျေးရွာမှ အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

ဒါ့အပြင် စီမံကိန်းမှ ကောက်ယူခဲ့သည့် စစ်တမ်းအရ ယခင်နှစ်ကထက် ကျပ် ၁၀ သိန်း အထက်တိုးပွားလာသော အိမ်ထောင်စု ၉၅ စု၊ ကျပ်သိန်း ၅၀ မှ ၁၀၀ ကြား တိုးပွားလောသော အိမ်ထောင်စု ၂၂၈ စု၊ ကျပ်သိန်း ၂၀ မှ ၅၀ ကြား တိုးပွားလာသော အိမ်ထောင်စု ၈၄၇ စုနှင့် ကျပ်သိန်း ၂၀ အောက် တိုးပွားလာသော အိမ်ထောင်စု ၅၂၆၄ စုရှိကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ခေတ်မီစံပြကျေးရွာ ထူထောင်ရေး (Smart Village) စီမံကိန်းကို ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နေပြည်တော်အပါအဝင် ပြည်နယ်/တိုင်းဒေသကြီး ၁၄ ခုရှိ ကျေးရွာ ၄၀ တွင် တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်သည်။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်

ခေတ်မီစံပြကျေးရွာထူထောင်ရေး (Smart Village) စီမံကိန်းသည် ကျေးရွာအခြေခံ အဆောက်အအုံဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေ ရန်၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာပံ့ပိုးခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး နေချင်စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန် ကျေးရွာသူ ကျေးရွာသားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင် ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန် ရည်ရွယ်သည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ဖြစ်ပေါ်လာနိုင်သော အခက်အခဲများ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက် နိုင်ရန်တို့အတွက် ဝေဖန်အကြံပြု တိုင်ကြားခြင်းစနစ်ကို ထည့်သွင်း ဆောင်ရွက်လျက်ရှိသည်။

ယင်းစနစ်တွင် ကျေးရွာလူထုက မကျေနပ်ချက်များ၊ အကြံပြုချက်များရှိခဲ့ပါက အစည်းအဝေးများတွင် တင်ပြအကြံပြုခြင်း၊ တယ်လီဖုန်း၊ စာဖြင့် E-mail Social Medial တို့မှတစ်ဆင့် အကြံပြုတိုင်ကြားနိုင်ရန် စီစဉ်ထားရှိပြီး စီမံကိန်းဆောင်ရွက်သည့် မြို့နယ် အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့်နှင့် ပြည်ထောင်စုအဆင့်ရှိ ဆက်သွယ်ရမည့် အမည်၊ ဖုန်းနံပါတ်များကို ဆောင်ရွက်မည့် စီမံကိန်းကျေးရွာ အဆင့်အထိ အသိပေးဖော်ပြထားသည်။

သို့ဖြစ်ရာ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း၏ ဖွံ့ဖြိုးမှုသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် ပြည်နယ်/တိုင်းဒေသကြီး ၁၄ ခု၊ ကျေးရွာ ၈၈ ရွာမှ အိမ်ထောင်စု ၂၄၇၂၆ စုနှင့် လူဦးရေ ၁၁၀၀၄၇ ဦးကို အကျိုးပြုလျက်ရှိသည်။ စီမံကိန်း လုပ်ငန်းများမှတစ်ဆင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာစေပြီး အလုပ်အကိုင် အခွင့်အလမ်းရရှိစေခြင်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်းတို့ကို ခံစားရစေမည်ဖြစ်သည့်အပြင် ကျေးရွာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေမည်ဖြစ်သည်။ ထို့ကြောင့် “ကျေးလက်နေပြည်သူကို လက်တွဲကူကာ ဖွံ့ဖြိုးမှုဆီ အရောက်ချီသည့်” ခေတ်မီစံပြ ကျေးရွာထူထောင်ရေး စီမံကိန်းကို ကျန်ရှိနေသည့် ကျေးရွာများတွင် တိုး၍ဖော်ဆောင် သွားရမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

No comments:

Post a Comment