နေပြည်တော် မေ ၉
ပဲခူးတိုင်းဒေသကြီး နယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဧပြီ ၂၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဖြူးမြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၆ ခုမှ ပြည်သူ ၂၈၀၊ အုတ်တွင်းမြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၁ ခုမှ ပြည်သူ ၂၆၇ ဦး စုစုပေါင်း ၅၄၇ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေး လေ့လာကြသည်။
ဦးစွာ တိုင်းဒေသကြီး ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက MEVM စက်ဖြင့် စမ်းသပ်မဲပေးမှု အဆင့်ဆင့်ကို ရှင်းလင်းပြသ ဆောင်ရွက်ကြပြီး တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် လက်တွေ့စမ်းသပ် မဲပေးကြသည်။
စမ်းသပ် မဲပေးသူများက ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မဲပေးခဲ့ရသည့် အတွေ့အကြုံများနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအရ နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ပိုမိုကောင်းမွန်စေမည့် အကြံပြုချက်များ ပေးခဲ့ကြောင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေးလေ့လာခြင်းအစီအစဉ်ကို ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မြို့နယ်များတွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment