Sunday, March 24, 2024

ကျိုက်လတ်မြို့နယ် (လဝက)ရုံးမှ မှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်းများ ပြုလုပ်ရာတွင် ကျပ်ငါးသောင်းပေးနေရကြောင်း DVB ရုပ်သံမှ သတင်းအမှားဖော်ပြ

 


ကျိုက်လတ် မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်၌ (လဝက)ရုံးမှ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ရာတွင် ကျပ်ငါးသောင်းပေးနေရကြောင်း DVB ရုပ်သံမှ သတင်းအမှား ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

 



ယင်းသတင်းအားဖော်ပြထားခြင်းနှင့်ပတ်သက်၍ မြို့နယ်(လဝက)ရုံးအား သွားရောက် လေ့လာစုံစမ်းရာတွင် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ လာရောက်ပြုလုပ်ကြသူများ နေ့စဉ် ၅၀ ခန့်ရှိနေကြောင်း တွေ့ရသည်။

ထိုသို့ လာရောက်ပြုလုပ်သူများကို မေးမြန်းစုံစမ်းရာတွင် “ကျွန်မ ဒီမှတ်ပုံတင်ရုံးမှာလာပြီးလုပ်တာ နှစ်ကြိမ်ရှိပါပြီ၊ သူတို့က ပိုက်ဆံတောင်းတာမျိုးမရှိခဲ့သလို ကျွန်မကလည်းမပေးခဲ့ပါဘူး။ မှတ်ပုံတင်လာလုပ်တာ ပိုက်ဆံကုန်လားဆိုတော့ ရွာကနေမြို့ကို လာတာက ဆိုင်ကယ်ကယ်ရီနဲ့လာတော့ ကယ်ရီခကုန်တယ်။ အချိန်စောင့်နေရတော့ စားတာသောက်တာလောက်တော့ ကုန်တာပေါ့၊ ဓာတ်ပုံရိုက်တာတို့၊ သွေးစစ်တာတို့ မိတ္တူဆွဲတာတို့ပဲ ကုန်တာပါ၊ ရုံးမှာတော့ ပိုက်ဆံမပေးရပါဘူး”ဟု မိဿလင်ကျေးရွာအုပ်စုမှ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဆက်လက်၍ မှတ်ပုံတင်လာရောက်ပြုလုပ်သူက “ကျွန်တော်တို့ ဒီရုံးမှာ မှတ်ပုံတင်နဲ့ အိမ်ထောင်စုတွေကို မိသားစုအတွက် အကြိမ်များစွာလာရောက် ပြုလုပ်ခဲ့ပါတယ်။ ရုံးဝန်ထမ်းများကို ငွေပေးရတာမျိုး၊ သူတို့က ငွေတောင်းခံယူတာမျိုးမရှိခဲ့ပါဘူး” ဟု ရုံးဒေါင့်ကျေးရွာအုပ်စုမှဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

DVB သတင်းဌာန၏ ဖော်ပြချက်အရ မြို့နယ်(လဝက)ဦးစီးမှူးအား တွေ့ဆုံစုံစမ်းရာ “ကျွန်တော်တို့ရုံးအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လာရောက်ပြုလုပ်ဆောင်ရွက်ရာတွင် ပြည်သူတွေ အခက်အခဲမရှိစေဖို့အတွက် နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အခုလို ဆောင်ရွက်ပေးတဲ့အခါမှာ ကျွန်တော်တို့ရုံးအနေဖြင့် အခကြေးငွေများ သတ်မှတ်ထားခြင်းမရှိပါဘူး။ ကာယကံရှင်များကိုယ်တိုင် လာရောက်ပြုလုပ်ကြရန်အတွက် ပြည်သူများကို အသိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကြော်ငြာပေးခြင်းများကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ရုံးမှာပြည်သူများကို အခါအားလျော်စွာ အသိပညာပေး ဟောပြောခြင်းတွေပြုလုပ်ပေးပါတယ်။ နိုင်ငံရေးစိစစ်ရေးကတ်များနဲ့ အိမ်ထောင်စုလူဦးရေ စာရင်းများပြုလုပ်ရာမှာ ငွေကြေးပေးရခြင်းမျိုးလည်းမရှိခဲ့ပါဘူး။ ပြည်သူတွေရဲ့ အခက်အခဲကိုကူညီပေးခဲ့တာပဲရှိပါတယ်၊ ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့ဝန်ဆောင်မှုကို ပေးရတဲ့ဌာနဖြစ်တဲ့အတွက် ပြည်သူများအတွက်ကိုပဲကြည့်ပြီး ပြုလုပ်ဆောင်ရွက်ပေးပါတယ်” ဟု မြို့နယ်(လဝက)ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေက ရှင်းလင်းပြောကြားသည်။

ယနေ့ DVB Digital ည ၈ နာရီ သတင်း (၂၀ ရက် မတ်လ ၂၀၂၄)တွင် ဖော်ပြထားသော ကျိုက်လတ်မြို့နယ် (လဝက)ရုံးမှမှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ရာတွင် ကျပ်ငါးသောင်းပေးနေရကြောင်း သတင်းရုပ်သံ၌ ဖော်ပြထားသော မှတ်တမ်းဓာတ်ပုံများတွင် မြင်တွေ့ရသော (လဝက)ဌာန၏ ရုံးဝန်ထမ်းများနှင့် ပြုလုပ်ဆောင်ရွက်မှုများသည် ကျိုက်လတ်မြို့နယ်(လဝက) ရုံးမှ တာဝန်ရှိဝန်ထမ်းများမဟုတ်ကြောင်း တွေ့ရသည်။

သတင်းစဉ်

No comments:

Post a Comment