Sunday, March 24, 2024

စာနာထောက်ထား မေတ္တာတရားဖြင့် ပြည်ထောင်သားချင်း ဝိုင်းဝန်းကူညီ (ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်)

 

ကိုရင်မောင်

မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ်တွေနဲ့ မလွတ်ကင်းတဲ့နိုင်ငံဖြစ်ပါတယ်။ အထူးသဖြင့် ရေကြီးရေလျှံတာတွေ၊ မုန်တိုင်းတိုက်ခတ်တာတွေ မကြာခဏဖြစ်ပေါ်လေ့ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်ကဘင်္ဂလားပင်လယ်အော်မှ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ဟာ ရခိုင်ကမ်းရိုးတန်းဒေသ စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီး ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့ရွာတွေသာမက ချင်းပြည်နယ်အတွင်းက မြို့ရွာတွေကိုပါ အငြိုးတကြီး တိုက်ခတ်ဖျက်ဆီးခဲ့ပါတယ်။

 




 







ရခိုင်ပြည်နယ်ဟာ မုန်တိုင်းလို သဘာဝဘေးအန္တရာယ်တွေ အများဆုံးကြုံတွေ့ရတဲ့ ပြည်နယ်အဖြစ် သမိုင်းမှတ်တမ်းတင်ထားပါတယ်။ ၁၉၆၇ နဲ့ ၁၉၇၈ ခုနှစ်မှာ ကျောက်ဖြူမုန်တိုင်း၊ ၁၉၆၈ ခုနှစ်နဲ့ ၂၀၀၄ ခုနှစ်မှာ စစ်တွေမုန်တိုင်း၊ ၁၉၈၂ ခုနှစ်မှာ ဂွမုန်တိုင်းတွေအပြင် ရခိုင်ပြည်နယ်အပါအဝင် ထိခိုက်ခဲ့တဲ့ မာလာမုန်တိုင်း (၂၀၀၆)၊ အာကက်မုန်တိုင်း (၂၀၀၇)၊ ဂီရိမုန်တိုင်း (၂၀၁၀)၊ မာရသာမုန်တိုင်းနဲ့ မိုရာမုန်တိုင်း (၂၀၁၇)နဲ့ ယခု မိုခါမုန်တိုင်း (၂၀၂၃) တို့ ဖြစ်ပွားခဲ့တဲ့အတွက် ရခိုင်ပြည်နယ်က ပြည်သူတွေဟာ မုန်တိုင်းဒဏ်ကို အကြိမ်ကြိမ်ခံစားခဲ့ရတဲ့အပြင် ပဋိပက္ခတွေကြောင့်လည်း ဒုက္ခအဖုံဖုံကြုံတွေ့ရတဲ့ ပြည်နယ်အဖြစ် စိတ်မကောင်းဖြစ်ရပါတယ်။

ထိခိုက်မှုနည်းပါး

ဘယ်လိုပဲဖြစ်ဖြစ် ရခိုင်ပြည်နယ်ဟာ ပြည်ထောင်စုကြီးရဲ့ မိသားစုတစ်စုဖြစ်တာကြောင့် ဖြစ်ပေါ်လာသမျှ အခြေအနေတွေကို နိုင်ငံတော်အစိုးရက ကယ်ဆယ်စောင့်ရှောက် ပြန်လည်ထူထောင်ပေးနေကြတာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းအန္တရာယ်တွေနဲ့ ပတ်သက်လို့ အကြိမ်တိုင်းမှာ လူ့အသက်ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တာကို တွေ့ရပါတယ်။ ၂၀၂၃ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မိုခါမုန်တိုင်းနဲ့ပတ်သက်လို့က အင်အားအလွန့်အလွန် ကြီးမားလွန်းတော့ လူ့အသက်ခန္ဓာတွေ ထိခိုက်ဆုံးရှုံးမှုတွေ များလိမ့်မယ်လို့ခန့်မှန်းထားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကြိုတင်မျှော်တွေး ပြင်ဆင်စီမံဆောင်ရွက်ခဲ့မှု၊ အစိုးရအဖွဲ့နဲ့ အဖွဲ့အစည်းအသီးသီးက ချက်ချင်းအရေးပေါ်တုံ့ပြန် အလျင်အမြန် ဆောင်ရွက်နိုင်မှုတွေကြောင့် ခန့်မှန်းထားသလို ထိခိုက်ပျက်စီးမှုဖြစ်မလာဘဲ ဆုံးရှုံးထိခိုက်မှု နည်းပါးခဲ့တာကို တွေ့ရပါတယ်။

ကြိုတင်ပြင်ဆင်

မုန်တိုင်းမဖြစ်ပေါ်မီ ကြိုတင်ခန့်မှန်းချက်တွေအရ မေလ ၈ ရက်နေ့မှာလေ ဖိအားနည်းရပ်ဝန်းမှတစ်ဆင့် မုန်တိုင်းဖြစ်ပေါ်ရာမှ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲကာ မြန်မာနိုင်ငံကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း သိခဲ့ရပါတယ်။ အဲဒီရက်ဟာ ရုံးပိတ်ရက်ဖြစ်သော်လည်း နိုင်ငံတော်အတွက် အချိန်ပြည့် တာဝန်ထမ်းဆောင်ဖို့ တာဝန်ရှိကြတဲ့ ပြည်သူ့ဝန်ထမ်းတွေဟာ အနားမယူကြတော့ဘဲ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ပြည်သူတွေ သဘာဝဘေးအန္တရာယ်မှ အထိအခိုက်အဆုံးအရှုံးအနည်းဆုံးနဲ့ ကျော်လွှားနိုင်ဖို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်အစည်းအဝေးကို မေလ ၆ ရက်နေ့မှာ ခေါ်ယူခဲ့ပါတယ်။

အသေးစိတ်ကြိုတင်မှာကြား

နိုင်ငံတော်အနေနဲ့ မုန်တိုင်းနဲ့ပတ်သက်လို့ အတွေ့အကြုံများစွာရှိပြီး ဖြစ်ပါတယ်။ မုန်တိုင်းနဲ့ ပတ်သက်လို့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ရာမှာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတည်မြဲအမိန့် (၂၀၂၂ ခုနှစ်)ပါအတိုင်း အမျိုးသားအဆင့် အရေးပေါ်စီမံခန့်ခွဲမှု၊ တုံ့ပြန်မှုအတွက် အခန်းလေးခန်းပါ လုပ်ငန်းကော်မတီ(၁၂)ရပ် မှ ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်း စတဲ့လုပ်ငန်းတာဝန်တွေအရ ဆောင်ရွက်ကြရန်၊ တိုင်းဒေသကြီးနဲ့ပြည်နယ် အရေးပေါ် စီမံခန့်ခွဲမှု၊ တုံ့ပြန်မှုအတွက် အခန်း(၅)ပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွဲ့စည်းထားတဲ့ လုပ်ငန်းကော်မတီတွေက ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်းနဲ့ ပြန်လည်ထူထောင်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ကြရန်၊ အလားတူ အခန်း(၆)ပါ တပ်မတော်ပိုင်းဆိုင်ရာ ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းတွေကိုလည်း (ကြည်း၊ ရေ၊ လေ)တပ်မတော်သားတွေက လုပ်ငန်းတာဝန် အသေးစိတ်အလိုက် လုပ်ဆောင်ကြရန် ကြိုတင်မှာကြားခဲ့ပါတယ်။

လမ်းညွှန်မှာကြား

အဲဒီနောက် အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ဟာ ခန့်မှန်းထားတဲ့ အတိုင်း ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ မှာ ရခိုင်ကမ်းရိုးတန်းဒေသတွေကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ် မကျရောက်မီနဲ့ ကျရောက်ပြီး အချိန်တွေမှာလိုအပ်တဲ့ အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနဲ့ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားခြင်းနဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်တွေ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ဖို့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အရေးပေါ်အစည်းအဝေးကို မုန်တိုင်းဖြတ်ကျော်ခဲ့တဲ့ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်ပြုလုပ်ပြီး လမ်းညွှန်မှာကြား ခဲ့ပါတယ်။

ပြင်ဆင်ဆောင်ရွက်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ် (အရေးပေါ်) အစည်းအဝေးကို မုန်တိုင်းဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းမှာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်ပြုလုပ်ပြီး အရေးပေါ်တုံ့ပြန်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” မစတင်မီ မေလ ၆ ရက်နေ့ကတည်းက နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကိုခေါ်ယူပြီး တည်မြဲအမိန့်များအပေါ်မူတည်လို့ မုန်တိုင်းဝင်ရောက်နိုင်တဲ့ ခန့်မှန်းနေရာတွေအလိုက် ညွှန်ကြားချက်တွေ ထုတ်ပြန်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း စတဲ့ကြိုတင်ပြင်ဆင်ဆောင်ရွက်စရာရှိတာတွေကို ကိုးရက်ခန့် ပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။

တက်ညီလက်ညီ

မုန်တိုင်းတိုက်ခတ် ဖြတ်ကျော်နေချိန်မှာ မုန်တိုင်းလမ်းကြောင်းတစ်လျှောက်နဲ့ မုန်တိုင်းအဝန်း အဝိုင်းတစ်လျှောက်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ဝန်ကြီးဌာနအလိုက် လျာထားဆောင်ရွက်ခဲ့ပါတယ်။ မုန်တိုင်းအလွန်ကာလ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို မူလပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိနိုင်ဖို့ ကော်မတီဝင်တွေက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တဲ့ နေရာတွေမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် အသင့်ပြင်ဆင်စုဖွဲ့ထားတဲ့ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးတဲ့ လုပ်ငန်းတွေကို တက်ညီလက်ညီ ဆောင်ရွက်ခဲ့ကြပါတယ်။

ပုဏ္ဏားကျွန်း 

မိုခါမုန်တိုင်းဟာ စစ်တွေမြို့အနီးသို့ ဖြတ်သန်းတိုက်ခိုက်ရာမှာ စစ်တွေမြို့နဲ့ အနီးဆုံးဖြစ်တဲ့ ပုဏ္ဏားကျွန်းမြို့ဟာလည်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများပြားခဲ့ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တည်ဆောက်ထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ၊ ဓာတ်တိုင်တွေ၊ တာဝါတိုင်တွေပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် အခြေခံပညာစာသင်ကျောင်းတွေ၊ ဆေးရုံ၊ ဆေးပေးခန်းတွေ၊ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းတွေ၊ မြို့နယ်အတွင်း ရေပေးဝေရေးလုပ်ငန်းတွေ အတော်များများပျက်စီးသွားခဲ့ပါတယ်။ ပျက်စီးသွားတဲ့ကဏ္ဍတွေကို မုန်တိုင်းစဲသွားပြီးတာနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာမှာ အချိန်တိုအတွင်း ပြီးစီးခဲ့တာတွေရှိပါတယ်။

ရာနှုန်းပြည့်နီးပါးပြီးစီး

မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့တဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာရှိတဲ့ ၂၃၀ ကေဗွီပင်မ ဓာတ်အားခွဲရုံပြန်လည်ထူထောင်ရေးလုပ်ငန်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အင်ဂျင်နီယာတွေနဲ့ ကျွမ်းကျင်လုပ်သားတွေက ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ရာမှာ မေ ၂၅ ရက်နေ့မှာပဲ ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးခဲ့ကြောင်း သိပါတယ်။ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ အင်ဂျင်နီယာနဲ့ ကျွမ်းကျင်လုပ်သား ၅၆၇ ဦးတို့ဟာ ပုဏ္ဏားကျွန်းပင်မ ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံ Control Room နဲ့ Switch Yard အတွင်းရှိ လုပ်ငန်းတွေ၊ ဝန်ထမ်းအိမ်ရာ ပြုပြင်မှုလုပ်ငန်းတွေ၊ တာဝါတိုင်နဲ့ ဆက်စပ်ပစ္စည်းပြုပြင်ဆောင်ရွက်တဲ့ လုပ်ငန်းတွေကို မေလ ၁၅ ရက်မှစတင်ပြီး နေ့မအားညမနား ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ကြလို့ ရက်သတ္တပတ်အကျော်မှာပဲ ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးခဲ့ပါတယ်။

ဝမ်းမြောက်ဝမ်းသာ

မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိတာဝါ တိုင်အမှတ် (၄၂၄) နဲ့ (၄၂၅) တို့ကို ဖယ်ရှားဆောင်ရွက်တာ၊ ပျက်စီးခဲ့တဲ့ဖောင်ဒေးရှင်းတွေ ပြန်လည်ပြုပြင်တာ၊ ၂၃၀ကေဗွီ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း မဟာဓာတ်အားလိုင်းမှာ တာဝါတိုင်ပေါင်း ၄၄၈ တိုင်ရှိတဲ့အနက် ပြိုကျပျက်စီးခဲ့တဲ့ တာဝါတိုင် ၁၂ တိုင်၊ တာဝါထိပ်ပိုင်းပျက်စီးခဲ့တဲ့ တာဝါတိုင်နှစ်တိုင်ကို အစားထိုးတာ၊ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း- စစ်တွေ အမှတ် (၁) ဓာတ်အားလိုင်းမှာ ကွန်ကရစ်တိုင်ပေါင်း ၈၁၂ တိုင်ရှိတဲ့အနက် လဲကျပျက်စီးခဲ့တဲ့ ဓာတ်အားတိုင် ၁၀၆ တိုင် အစားထိုးပြုပြင်ခြင်းလုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ မုန်တိုင်းအလွန်ကာလ ဓာတ်အားဖြန့်ဖြူးမှု ပထမအဆင့်အနေနဲ့ စစ်တွေမြို့နဲ့ ပုဏ္ဏားကျွန်းမြို့ရှိ ပြည်သူတွေကို နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်လို့ ဒေသခံပြည်သူတွေ ဝမ်းမြောက်ဝမ်းသာဖြစ်ကြရပါတယ်။

ပညာသင်ကြားရေး

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေကို ပြန်လည်ထူထောင်ဖို့အတွက် ပုဏ္ဏားကျွန်းမြို့နယ်ဒေသကို ကြီးကြပ်နိုင်ဖို့ တာဝန်ပေးထားတဲ့ တပ်မတော်မှ အရာရှိကြီးနဲ့အတူ မြို့နယ်မှ တာဝန်ရှိသူတွေဟာ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ စာသင်ကျောင်းတွေကို ကွင်းဆင်းစစ်ဆေးပြီး မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ပုဏ္ဏားကျွန်း(အ.ထ.က)၊ အ.ထ.က(ခွဲ)မြို့မ၊ အ.ထ.က (ကွန်း တောင်)၊ မူ/လွန်(မြို့သစ်)၊ မူ/လွန် (ရွာဟောင်း) စတဲ့စာသင်ကျောင်းတွေ ကျောင်းဖွင့်ရက်အမီ ကျောင်းတွေဖွင့်လှစ်နိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေ၊ ကျောင်းအကျိုးတော်ဆောင်တွေနဲ့ တွေ့ဆုံပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါတယ်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် ကျောင်း ပေါင်း ၁၉၉ ကျောင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

လုံလောက်စွာပေးဝေ

ပုဏ္ဏားကျွန်းမြို့ပေါ် ရပ်ကွက်တွေမှာ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက် သောက်သုံးရေ ပြတ်လပ်မှုတွေ မဖြစ်ပေါ်စေဖို့ နယ်မြေခံတပ်မတော်မှ ရေဂါလန် ၂၀၀၀ ဆံ့ယာဉ်နဲ့ နေ့စဉ်လှူဒါန်းပေးခဲ့ပါတယ်။ မိုခါမုန်တိုင်းကြောင့် ရေရှားပါးမှုနဲ့ ကြုံတွေ့ခဲ့တဲ့ ရပ်ကွက်/ ကျေးရွာတွေကို သန့်ရှင်းတဲ့သောက်သုံးရေတွေကို စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့အနေနဲ့ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့်မြို့ရွာတွေ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးအတွက် ရွေ့လျားရေသန့်ကားတွေ၊ Life Straw (ရေနောက်မှရေကြည်သို့ သန့်စင်ပေးသည့်) ရေသန့်စက်တွေ၊ ဆိုလာစနစ်သုံး ရွေ့လျားရေသန့် စက်တွေနဲ့ ဖြန့်ဝေပေးလျက်ရှိပါတယ်။ လျှပ်စစ်ဓာတ်အား မလိုအပ်တဲ့ တစ်နာရီလျှင် သုံးဂါလန်ခန့် သန့်စင်ပေးနိုင်သော Life Straw ရေသန့်စက်တွေကို ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာတွေကို ဖြန့်ခွဲပေးပို့ထားပြီး ယင်းရေသန့်စက်တစ်လုံးဟာ လူဦးရေ ၁၀၀ အတွက် တစ်နေ့တာ သောက်သုံးရေကို လုံလောက်စွာ သန့်စင်ပေးနိုင်ကြောင်း သိရပါတယ်။

ထောက်ပံ့ပေးအပ်

မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ရာမှာ မေလ ၂၆ ရက်နေ့အထိ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပြည်သူ့ဆေးရုံမှ ပြင်ပလူနာ၊ အတွင်းလူနာတွေနဲ့ ပြင်ပလူနာဌာနမှာ ပြသတဲ့လူနာတွေကို ကုသစောင့်ရှောက်မှုပေးခဲ့တဲ့အပြင် ရေသန့်ဆေးခတ်ခြင်းနဲ့ ကျန်းမာရေးပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့နဲ့ အထူးကုဆေးအဖွဲ့တွေနဲ့ ကွင်းဆင်းပြီး ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှာ အထွေထွေရောဂါ၊ အရိုး၊ ခွဲစိတ်နဲ့ ကလေးအထူးကုဆရာဝန်ကြီးတွေ ပါဝင်တဲ့ အထူးကုဆေးအဖွဲ့က ကွင်းဆင်းပြီး ဒေသခံပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးပြီး လူနာတွေကို အားပေးစကားပြောကြားကာ သီးစုံဒံပေါက်ထုပ်တွေ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

ကွင်းဆင်းဆောင်ရွက်

မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ် စံပြရပ်ကွက်နဲ့ နတ်ဆိတ်ကျေးရွာကို ဆက်သွယ်ထားတဲ့ ဦးရာဇ်မင်္ဂလာကြိုးတံတားကို အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ပေးခဲ့ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင် ကျေးရွာစုပေါင်းထွန်ယက်ပွဲနဲ့ မိုးစပါးမျိုးစေ့ပေးအပ်ပွဲမှာ ကွန်းတောင်ကျေးရွာ တောင်သူလယ်သမားတွေအတွက် စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲက ထုတ်လုပ်တဲ့ ဆင်းသွယ်လတ်နဲ့ ပေါ်ဆန်းရင် စပါးမျိုးစေ့အိတ်တွေကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

အာဆီယံ၏ One ASEAN ၊ One Response နဲ့အညီ အာဆီယံအရေးပေါ် တုံ့ပြန်ရေးနဲ့ ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN-ERAT)က ဆိုင်ကလုန်းမုန်တိုင်း မိုခါဘေးသင့်ဒေသ ပုဏ္ဏားကျွန်းမြို့နယ်ကိုလည်း ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့ပါတယ်။ အဆိုပါ အာဆီယံအရေးပေါ် တုံ့ပြန်ရေးနဲ့ ဆန်းစစ်လေ့လာရေးအဖွဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကွင်းဆင်းစစ်တမ်းကောက်ယူရာမှာတွေ့ရှိချက်နဲ့ လုပ်ငန်းစဉ်တွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြခဲ့ပြီး ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေထဲမှာ ပုဏ္ဏားကျွန်းမြို့နယ်ဟာလည်း ပျက်စီးဆုံးရှုံးမှုများပြားခဲ့ပါတယ်။ ရခိုင်ပြည်နယ် မုန်တိုင်းသင့်ဒေသတွေ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ပြန်လည်ထူထောင်နိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲရဲ့ စဉ်ဆက်မပြတ် ထိတွေ့လမ်းညွှန်မှု၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့အဖွဲ့ အစည်းတွေရဲ့ အင်တိုက်အားတိုက် နေ့မနားညမအား တက်တက်ကြွကြွ ဆောင်ရွက်မှု၊ ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် မုန်တိုင်းတိုက်ခတ်ပြီးတဲ့ အချိန်မှစလို့ အချိန်တိုကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းတွေ သိသာစွာတိုးတက်လာပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း တင်ပြလိုက်ပါတယ်။ ။

No comments:

Post a Comment