Saturday, March 23, 2024

ဥပဒေရေးရာဝန်ကြီးဌာန မဟာသင်္ကြန်ကာလအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ


နေပြည်တော် မတ် ၂၂

ဥပဒေရေးရာဝန်ကြီးဌာန နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော အရာထမ်း၊ အမှုထမ်းများကို ၂၀၂၄ ခုနှစ် မဟာသင်္ကြန်ကာလအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လုပ်ငန်းတာဝန်များကို ကျေပွန်စွာဆောင်ရွက်နိုင်

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးက မဟာသင်္ကြန် ကာလအတွင်း အရာထမ်း၊ အမှုထမ်းများအနေဖြင့် နှစ်ဟောင်းကာလကို ပြန်လည်သုံးသပ်၍ မိမိအတွက်၊ မိမိပတ်ဝန်းကျင်အတွက်နှင့် တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးရှိစေမည့်အကြံအစည်၊ အပြောအဆို၊ အလုပ်အကိုင်များ ဆောင်ရွက်ကြရန်လိုကြောင်း၊ နှစ်ဟောင်းက အညစ်အကြေးမှန်သမျှကို ကိုယ်ရောစိတ်ပါ စင်ကြယ်သန့်ရှင်းပြီး နှစ်သစ်တွင် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာဆောင်ရွက်နိုင်ကြပါစေကြောင်း၊ ဆုမွန်ကောင်း တောင်းပါကြောင်း၊ အရာထမ်း၊ အမှုထမ်းများအနေဖြင့် တရားဘာဝနာအားထုတ်နိုင်ရန်၊ ကုသိုလ်ကောင်းမှုများ ပြုလုပ်လှူဒါန်းနိုင်ရန်၊ အခြားလူမှုရေးကိစ္စများ ဆောင်ရွက်နိုင်ရန် အထောက်အပံ့ဖြစ်စေရန်အလို့ငှာဝန်ကြီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထောက်ပံ့ငွေများပေးအပ်

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဒေါက်တာ ထိန်လင်းဦးတို့က ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များအား မိမိတို့ဦးစီးဌာနများရှိ အရာထမ်း၊ အမှုထမ်းများကို ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်သည့် ညွှန်ကြားရေးမှူး တစ်ဦးက ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ဝန်ထမ်းများကိုယ်စား ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

တက်ရောက်

အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment