နေပြည်တော် မတ် ၂၂
(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်ရှိ လူမှုဖူလုံရေး-ဘေးမခ အထွေထွေရောဂါကုဆေးခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါအဆောက်အအုံမျက်နှာစာ၌ ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးဦးဝင်းရှိန်၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အကျုံးဝင်အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ ဘေးမခဆေးခန်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ကဆေးခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဆေးခန်းကိုကြည့်ရှုစစ်ဆေးသည်။
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့အနေဖြင့် Social Insurance စနစ်အရ လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသား လုံးအကျုံးဝင်လာစေရေးမဟာ ဗျူဟာရည်မှန်းချက် တစ်ရပ် ချမှတ်ပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီအလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်က စုပေါင်း ထည့်ဝင်ကြေးများနှင့် နိုင်ငံတော်၏ အဓိကကုန်ထုတ် စွမ်းအားစုဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ငွေလက်ငင်းအကျိုးခံစားခွင့်များအား ခံစားရရှိနိုင်စေရန် လက်ရှိတွင်အာမခံစနစ်ခြောက်မျိုးအနက် နှစ်မျိုးကို အကောင်အထည်ဖော်လျက် အကျိုးခံစား ခွင့် ၁၅ မျိုးကို ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူ ပြုလျက်ရှိသည်။
ဝန်ဆောင်မှုပေးလျက်ရှိ
အကျုံးဝင် အာမခံအလုပ် သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို အလွယ်တကူ လက်လှမ်းမီရယူနိုင်စေရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် Capitation Payment စာချုပ်ဆေးခန်း ၂၁ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း ၄၁ ခန်း၊ Specialist OG OPD ပြသ နိုင်သောဆေးခန်း ၂၉ ခန်း၊ မီးဖွားခြင်းနှင့်ဆိုင်သောဝန်ဆောင်မှု ဆောင်ရွက်သည့် စာချုပ်ဆေးရုံ/သားဖွားခန်း ၁၅ ခန်းတို့ဖြင့်ဝန်ဆောင်မှု ပေးလျက်ရှိရာနေပြည်တော် ကောင်စီနယ်မြေ အတွင်းတွင် အကျုံးဝင်အာမခံ အလုပ်သမားပေါင်း ၁၉၆၅၆ ဦးအတွက် လူမှုဖူလုံရေးဆေးခန်း သုံးခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း သုံး ခန်း၊ Specialist OG OPD ပြသ နိုင်သော ဆေးခန်းနှစ်ခန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ လူနာဦးရေ ၄၃၀၉ ဦးကို ဆေးဖိုးငွေကျပ် ၇၇၉ ဒသမ ၆၆ သန်း ပေးအမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို အလုပ်သမားဝန်ကြီးဌာန စုဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်၊ ဒုတိယဝန်ကြီးဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။
မှန်ကုန်သည့်သတင်းဖြန့်ဝေ
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ရာ ယင်းဥပဒေသည် မြန်မာနိုင်ငံတွင်သာ ပြဋ္ဌာန်းခြင်းမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများစွာ၌ ကျင့်သုံးလျက်ရှိပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းများကို ခေါ်ယူရာတွင် အမျိုးသမီးများကို လတ်တလောခေါ်ယူရန် အစီအစဉ်မရှိသေးဘဲ အမျိုးသားဦးရေ ခြောက်သန်းကျော်မှ တစ်ရာခိုင်နှုန်းသာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင်လည်း သတ်မှတ်ချက်များနှင့်အညီ စနစ်တကျခေါ်ယူ သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ လူမှုကွန်ရက်တွင်ဖော်ပြနေသည့် သတင်းများကို အမှန်ဟုမယူဆဘဲလက်တွေ့ကျကျ လေ့လာသုံးသပ်ပြီး မှန်ကန်သည့်သတင်းအချက်အလက်များကို ဖြန့်ဝေပေးခြင်းဖြင့်ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်နှင့် နိုင်ငံ့အရေးတွင် မိမိတို့ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment