Saturday, March 23, 2024

ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ (World TB Day) အထိမ်းအမှတ်အခမ်းအနားကျင်းပ


နေပြည်တော် မတ် ၂၂

၂၀၂၄ ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ (World TB Day) အထိမ်းအမှတ်အခမ်းအနား ကို ယနေ့ နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည်။

တီဘီရောဂါတိုက်ဖျက်ရေး

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီ၊ တီဘီ/အိပ်ချ်အိုင်ဗွီနှင့် ဆေးယဉ်ပါး တီဘီရောဂါအဖြစ် အများဆုံးနိုင်ငံ ၃၀ တွင် အပါအဝင်ဖြစ်ပြီး WHO၏ Global TB report (2023)အရ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူဦးရေတစ်သိန်းတွင် တီဘီလူနာသစ် ဖြစ်ပွားနှုန်း ၄၇၅ ဦးရှိပြီး သေဆုံနှုန်းမှာ ၈၀ ရှိနိုင်ကြောင်း ခန့်မှန်းထားပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းမှ ဦးဆောင်ကာ ပြည်တွင်း/ပြည်ပမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တီဘီရောဂါတိုက်ဖျက် ရေးလုပ်ငန်းများကို အမျိုးသားမဟာဗျူဟာစီမံကိန်း(National Strategic Plan) ၂၀၂၁-၂၀၂၅ နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း။

ကုသပျောက်ကင်းနိုင်

 ၂၀၂၃ ခုနှစ်တွင် စုစုပေါင်းတီဘီလူနာ တစ်သိန်းနှစ်သောင်းကျော် ရှာဖွေကုသပေးနိုင်ခဲ့ပြီး ဆေးကုသမှုအောင်မြင်နှုန်းမှာ ၈၈ ရာနှုန်းရရှိခဲ့ကြောင်း၊ တီဘီရောဂါရှာဖွေတွေ့ရှိမှုနည်းသည့်ဒေသများတွင် တီဘီရောဂါရှိပြီး ဆေးကုသမှုမရရှိနိုင်သေးသည့် လူနာများရှိနိုင်သဖြင့် ပိုမိုကြိုးစားရှာဖွေပေးရန်လိုအပ်ပါကြောင်း၊ တီဘီရောဂါသည် ကုသပျောက်ကင်းနိုင်သည့် ရောဂါတစ်ခုဖြစ်သည့်အတွက် စောစီးစွာရှာဖွေဖော်ထုတ်ကုသနိုင်ပါက ပြည်သူလူထုအတွင်း တီဘီရောဂါကူးစက်ပြန့်ပွားမှုကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ တီဘီလူနာအရှိန်အဟုန်မြှင့် ရှာဖွေခြင်းလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက် ရန်လိုအပ်ပါကြောင်း၊ တီဘီလူနာများအား မဖြစ်မနေမပျက်မကွက် သတင်းပို့နိုင်ရေးအတွက် ပုဂ္ဂလိက ဆေးရုံ/ ဆေးခန်းများ အနေဖြင့် ယခုထက် ပိုမိုပါဝင် ဆောင်ရွက်ရန်တိုက်တွန်းလိုပါကြောင်း။

၂၀၂၃ ခုနှစ်အတွင်း တီဘီလူနာရှာဖွေတွေ့ရှိမှု၏ ၁၈ ရာနှုန်းမှာ ကလေးများတွင်ဖြစ်ပြီး အသက်(၈) နှစ်အောက်ကလေးများ၏ သလိပ်နှင့် Stool Specimen ကို GeneXpert စက်ဖြင့် တီဘီပိုးရှာဖွေစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးယဉ်ပါးတီဘီရောဂါ ရှာဖွေခြင်းကို လူနာများလက်လှမ်းမီစေရန် Rapid Diagnostic Test ဖြစ်သော GeneXpert စက် အလုံး ၁၁၀ ကို တီဘီရောဂါတိုက်ဖျက်ရေးဌာန ၈၆ ခုတွင် တပ်ဆင်လွှမ်းခြုံ ဆောင်ရွက်လျက်ရှိပြီး အမျိုးသားမှီငြမ်းပြုတီဘီဓာတ်ခွဲဌာန (ရန်ကုန်) တွင် အဓိကဆောင်ရွက်လျက်ရှိကာ မန္တလေးနှင့်တောင်ကြီးတို့တွင် အားဖြည့်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဆေးယဉ်ပါး တီဘီရောဂါကုသမှုတွင် ခြောက်လ သို့မဟုတ် ကိုးလထိသာ ဆေးကုသမှုခံယူရမည့် ကုထုံးသစ် (BPaLM / BPaL) ကို ဆေးယဉ်ပါးတီဘီလူနာကုသမှုပေးနေသည့် ဌာနများတွင်အသုံးပြု ဆောင်ရွက်လျက်ရှိပါကြောင်း။

ထိရောက်အောင်ဆောင်ရွက်ရန်

တီဘီရောဂါကို ရှာဖွေကုသ ပေးရုံမျှသာမက တီဘီလူနာနှင့် အတူနေ မိသားစုထဲမှ အသက် (၅) နှစ်အောက်ကလေးများနှင့် တီဘီ/အိပ်ချ်အိုင်ဗွီရောဂါဝေဒနာရှင်များကို တီဘီရောဂါမဖြစ် အောင်ကာကွယ်ကုသခြင်း (TB Preventive Therapy, TPT) ကို လက်ရှိအခြေအနေထက် ပိုမိုထိရောက်အောင် ဆောင်ရွက်သွားကြရန် အရေးကြီးပါကြောင်း၊ တီဘီလူနာနှင့်အတူနေသူ အသက်(၅)နှစ်အထက်ရှိသူများကိုလည်း တိုးချဲ့ကုသမှုပေးနိုင် ရေး စီစဉ်လျက်ရှိပါကြောင်း၊၂၀၂၃ ခုနှစ်အတွင်း တီဘီလူနာအားလုံး၏ ၉၃ ရာနှုန်းကို HIV ပိုးရှိမရှိ စစ်ဆေးနိုင်ခဲ့ပြီး HIV ပိုးတွေ့ တီဘီလူနာ ၇၉၃၆ ဦးအနက် ၇၆ ရာနှုန်းကို ART ဆေးရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

၂၀၂၄ ခုနှစ် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် ''Yes! We can End TB!'' “တီဘီရောဂါ ပပျောက်ဖို့၊ အားလုံး ဝိုင်းဝန်းပူးပေါင်းလို့၊ ပံ့ပိုးကူညီဆောင်ရွက်စို့။ နှင့်အညီ တီဘီရောဂါပပျောက်နိုင်ရေးအတွက် ကာကွယ်ကုသရေးလုပ်ငန်းများကို လူတိုင်းလက်လှမ်းမီရရှိနိုင်ရန် အားလုံးပူးပေါင်း၍ ပံ့ပိုးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများသည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ၂၀၂၄ ခုနှစ် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက် ရေးနေ့ပြခန်းသို့ လှည့်လည်ကြည့်ရှုရာ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း၏ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

အခမ်းအနားကို ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ နှီးနွှယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးများ၊ အခြေခံကျန်းမာရေး ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment