နေပြည်တော် မတ် ၂၂
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး (စက်/လျှပ်) များ လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်းအမှတ်စဉ် (၁/ ၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီးဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့်လုပ်ငန်းများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် ဌာန အကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်း သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းမှသင်ကြားပို့ချခဲ့သည်များကိုအခြေခံ၍ နည်းပညာဆိုင်ရာစာအုပ်များကိုလေ့လာပြီး အတွေ့အကြုံရှိ အင်ဂျင်နီယာများနှင့်ပူးတွဲဆောင်ရွက်ကြခြင်းဖြင့် မိမိတို့၏ လုပ်ကိုင်နိုင်စွမ်းနှင့်ကျွမ်းကျင်မှုကိုဖန်တီးတည် ဆောက်သွားရန်လိုအပ်ကြောင်း၊ မိမိတို့တတ်စွမ်းသမျှ အင်အားစွမ်းရည် အပြည့်အဝသုံး၍ လုပ်ငန်းအောင်မြင် ပြီးမြောက်ရေး ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို မျက်ခြည်မပြတ်လေ့လာ၍ စည်းစနစ်ကျနစွာ ပြုမူနေထိုင်ကြရန်လိုကြောင်း၊ သင်တန်းသားများ အနေဖြင့် ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးတို့ကို စိတ်ကောင်းစေတနာအပြည့်ဖြင့် စွမ်းစွမ်းတမံကြိုးစားအားထုတ်ရန် လိုအပ်ကြောင်းမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင်ပထမ၊ ဒုတိယ၊ တတိယထူးချွန်ဆု ရရှိသူများကို ဆုများပေးအပ်ချီးမြှင့်သည်။ ယင်းနောက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများထံပေးအပ်ပြီး သင်တန်းဆင်းပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဌာန အကြီးအကဲများသည် သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်
No comments:
Post a Comment