Saturday, March 23, 2024

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ Knowledge Sharing Programme (KSP) သောကြာနေ့ စကားဝိုင်း (Friday Talk) အမှတ်စဉ် (၅၁) ဆွေးနွေးပွဲ ကျင်းပ


နေပြည်တော် မတ် ၂၂

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဝန်ထမ်းများ၏ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း(Friday Talk) ၏ “ငွေကြေးလုပ်ငန်းကဏ္ဍတွင် နည်းပညာအသုံးပြုဆောင်ရွက်မှုနှင့် ငွေရေးကြေးရေးကြီးကြပ် ကွပ်ကဲမှုဆိုင်ရာဆွေးနွေးပွဲ အမှတ်စဉ် (၅၁) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ယနေ့ဆွေးနွေးတင်ပြသည့် အကြောင်းအရာတွင် ပါဝင်သော ငွေရေးကြေးရေးဆိုသည်မှာ လတ်တလော တိုးတက်လာသော နည်းပညာများအရ ငွေကြေးလုပ်ငန်းကဏ္ဍတွင် နည်းပညာအသုံးပြုခြင်းဖြင့် ဆောင်ရွက်မှုများ ပိုမိုထိရောက် မြန်ဆန်လာကြောင်း၊ အီလက်ထရောနစ် ငွေပေးချေမှုစနစ်(E-Payment)များဖြင့် ငွေပေးချေမှုများ ပိုမိုအသုံးပြုလာကြကြောင်း၊ E-Payment များ အသုံးပြုခြင်းဖြင့် ပေးချေသူနှင့် လက်ခံသူအကြား တိကျသောငွေကြေးပမာဏကို ကြားခံရန်မလိုဘဲ အချိန်တိုအတွင်း လျင်မြန်စွာ ပေးချေနိုင်ကြောင်း၊ နည်းပညာတိုးတက်လာမှုနှင့်အတူ စက်ရုပ်တု (AI)နည်းပညာရပ် ပေါ်ပေါက်လာပြီး ဘဏ္ဍာရေးနည်းပညာဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ငွေပေးချေမှုစနစ်တွင် ဝန်ဆောင်မှုအများစု၌ အီလက်ထရောနစ်ငွေပေးချေမှုစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း အီလက်ထရောနစ် ငွေပေးချေမှုစနစ်ကို တွင်ကျယ်စွာအသုံးပြုလာပြီဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ နည်းပညာတိုးတက်မှုများကို ဝန်ထမ်းများအားလုံး သိရှိနားလည်ရန်လိုအပ်သဖြင့် တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာဖြင့် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူချိုက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းဘဏ္ဍာရေးနှင့် ငွေကြေးတက္ကသိုလ်တွင် တက်ရောက်သင်ကြားခဲ့သည့် “ငွေကြေးလုပ်ငန်းကဏ္ဍတွင် နည်းပညာအသုံး ပြုဆောင်ရွက်မှုနှင့် ငွေရေးကြေးရေးကြီးကြပ်ကွပ်ကဲမှုဆိုင်ရာဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ငွေရေးကြေးရေးအဖွဲ့ အစည်းများတွင် လက်ရှိအသုံးပြုနေကြသည့် အဓိကကျသော (ABCD) နည်းပညာများဟု ခေါ်ကြသည့် Artificial Intelligent- AI ၊ Block Chain ၊ Cloud Computing နှင့် Big Data နည်းပညာများ၊ ငွေရေး ကြေးရေးဆိုင်ရာ နည်းပညာများ (Financial Technology)၊ ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှု (Digital Services) တိုးတက်အသုံးပြုနိုင်ရေးနှင့် ကြီးကြပ်ကွပ်ကဲမှုလုပ်ငန်းစဉ်များ တိုးတက် လုပ်ဆောင်နိုင်စေရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက Financial Technology ကို အသုံးပြု၍ MSMEs လုပ်ငန်းများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မှု၊ Big Data အသုံးပြုခြင်း၏ အရေးပါမှုများနှင့် E- Payment စနစ်များ၏ အကျိုးသက်ရောက်မှုများကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဝိုင်းဝန်းမေးမြန်း ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း အမှုတမ်းများက အွန်လိုင်းဖြင့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment