Saturday, March 23, 2024

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ပုံမှန်အစည်းအဝေး (၁/၂၀၂၄) ကျင်းပ


နေပြည်တော် မတ် ၂၂

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ပုံမှန်အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၃) စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံက ယှဉ်ပြိုင်မှုဥပဒေသည် စီးပွားရေးနှင့်သက်ဆိုင်သည့် ကဏ္ဍတိုင်းနှင့်ပတ်သက်နေသည့်အတွက် သဘောသဘာဝအရ ကျယ်ပြန့်သကဲ့သို့ နိုင်ငံတကာတွင်လည်း ဒေသတွင်း၊ နှစ်နိုင်ငံချင်းပူးပေါင်းဆောင်ရွက် မှုများ ပြုလုပ်နေကြပြီဖြစ်သည့်အတွက် ပိုမိုကျယ်ပြန့်လာသည်ကို တွေ့ရှိရကြောင်း၊ ကိုဗစ်-၁၉ နောက်ပိုင်း ကမ္ဘာ့စီးပွားရေးပြန်လည်ထူထောင်မှုတွင် ယှဉ်ပြိုင်မှုဥပဒေ၏ အခန်းကဏ္ဍ၊ ဒစ်ဂျစ်တယ်စီးပွားရေးတွင် ယှဉ်ပြိုင်မှုဥပဒေ၏ အခန်းကဏ္ဍစသည်ဖြင့် အသစ်အသစ်သော အခြေအနေများတွင်လည်း ယှဉ်ပြိုင်မှုက ပိုမိုအရေးပါလာသည့်အတွက် နောက်ကျမကျန်ခဲ့စေရေး ပိုမိုအားစိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းတွင်တရားမျှတသည့်ယှဉ်ပြိုင်မှု ထွန်းကားရေးအတွက် ထိန်းကျောင်းဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ပြည်ပဆက်ဆံရေးတွင်လည်း လစ်ဟင်းမှုမရှိစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြစ်ကြောင်းပြောကြားသည်။

အစည်းအဝေးတွင် ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဒေသတွင်းနှင့်နှစ်နိုင်ငံချင်းပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ယှဉ်ပြိုင်မှုဥပဒေကိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ယှဉ်ပြိုင်မှုဆိုင်ရာတိုင်ကြားလာသည့် အမှုကိစ္စများ၊ တိုင်ကြားမှုများနှင့် စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်မှုများအပေါ် ညှိနှိုင်းဆွေးနွေးကြသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်၊ အတွင်းရေး မှူး ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမြင့်သူရ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment