Sunday, November 12, 2023

၂၀၂၃ ခုနှစ် အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကျင်းပမည်

 

နေပြည်တော် နိုဝင်ဘာ ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၉ ရက် (စနေနေ့)မှ ဒီဇင်ဘာ ၁၁ ရက် (တနင်္လာနေ့)အထိ ခွင့်ပြုထားသော စာဖြေဌာနတို့၌ တစ်ပြိုင်နက်တည်းကျင်းပမည်ဖြစ်သည်။

အဘိဓမ္မာ(ရိုးရိုး)စာမေးပွဲကို အစိုးရပထမငယ်တန်း(သို့မဟုတ်) ၎င်းနှင့်အလားတူစာမေးပွဲ အောင်မြင်ခြင်းမရှိသေးသော သီလရှင်များနှင့် လူပုဂ္ဂိုလ်များသာ ဖြေဆိုခွင့်ရှိသည်။ အဘိဓမ္မာ(ရိုးရိုး) အောင်မြင်ပြီးသူများသည် အဘိဓမ္မာ(ဂုဏ်ထူးဆောင်) စာမေးပွဲကိုဖြစ်စေ ဝိသုဒ္ဓိမဂ်စာမေးပွဲကိုဖြစ်စေ ဖြေဆိုနိုင်သည်။

ဝိသုဒ္ဓိမဂ်စာမေးပွဲကို အစိုးရပထမကြီးတန်း၊ ဓမ္မာစရိယတန်း (သို့မဟုတ်) ၎င်းနှင့် အလားတူစာမေးပွဲများ အောင်မြင်ခြင်းမရှိသေးသော သီလရှင်များနှင့် လူပုဂ္ဂိုလ်များသာ ဖြေဆိုခွင့်ရှိသည်။

အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲတွင် တစ်ဆင့်ဖြစ်စေ၊ နှစ်ဆင့်ဖြစ်စေ၊ သုံးဆင့်ဖြစ်စေ နှစ်ချင်းပေါက်ဖြေဆိုခွင့်ရှိသည်။ ယခင်က သုံးဆင့်လုံးအပြည့်အစုံ မအောင်မြင်သေးသူများအနေဖြင့် သုံးဆင့်လုံးကို နှစ်ချင်းပေါက်ထပ်မံဖြေဆိုခွင့်ရှိသည်။

စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာစာဖြေဌာနတည်ရှိရာ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်ရှိ မြို့နယ်သံဃနာယကအဖွဲ့ရုံးများသို့ အချိန်မီပေးပို့ထားမည်ဖြစ်၍ အဆိုပါရုံးများတွင် စာမေးပွဲဖြေဆိုရက်မတိုင်မီ ထုတ်ယူနိုင်ပါကြောင်းသာသနာရေးဦးစီးဌာနမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment