Sunday, November 12, 2023

(၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ကျင်းပမည်

 

နေပြည်တော် နိုဝင်ဘာ ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပမည့် (၇၆)ကြိမ်မြောက် တိပိဋကဓရတိပိဋက ကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်အထိ ၃၃ ရက်တိုင်တိုင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါစာမေးပွဲဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၂၆ ရက်(အင်္ဂါနေ့) နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ လည်းကောင်း၊ စာပြန်ပွဲကို မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ လည်းကောင်း၊ ဆွမ်းဆက်ကပ်ခြင်းကို သုံးထပ်ဆွမ်းစားဆောင်တွင်လည်းကောင်း ၃၃ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်၍ လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် ဆွမ်းပဒေသာပင်၊ စာအောင်ဆုပဒေသာပင်၊ တိပိဋကအထွေထွေရန်ပုံငွေများကို သာသနာရေးဦးစီးဌာန စာမေးပွဲဌာနခွဲ ကမ္ဘာအေးကုန်းမြေ ရန်ကုန်မြို့ ၀၉-၄၃၀၆၇၁၆၈၊ ၀၉-၄၄၃၁၉၀၁၉၃ တို့သို့ဆက်သွယ်၍ ထာဝရကုသိုလ်ရှင်များအဖြစ် စိုက်ထူလှူဒါန်းနိုင်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားနှင့်စာပြန်ပွဲသို့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဆရာတော်ကြီးနှစ်ပါး၊ တိပိဋကဓရ တိပိဋက ကောဝိဒသြဝါဒါစရိယဆရာတော်ကြီး ၁၁ ပါး၊ ပုစ္ဆကဆရာတော်လေးပါး၊ ကြီးကြပ်ရေးဆရာတော်လေးပါး၊ စာထောက်စာမဆရာတော် အပါး ၁၆၀၊ အာဂုံပြန်စာရင်းသွင်းသံဃာ ၂၈၃ ပါး၊ သဘောရေးဖြေစာရင်းသွင်းသံဃာ ၂၁၈ ပါး စုစုပေါင်း ၆၈၂ပါး ကြွရောက်တော်မူကြမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment