Sunday, November 12, 2023

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

 


နေပြည်တော် နိုဝင်ဘာ ၁၁

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း ကုန်စည်ဒိုင်သို့ ရောက်ရှိပြီး ကုန်စည်ဒိုင်အတွင်း ခင်းကျင်းပြသထားသည့် ပြည်ပပို့ကုန်၊ ပဲမျိုးစုံများအား ကြည့်ရှုလေ့လာသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပဲ၊ ပြောင်း၊ နှမ်း ကုန်သည်များအား ကုန်စည်ဒိုင် အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ပြည်တွင်းစားသုံးမှု ဖူလုံရေး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးတို့ကို အလေးထားဆောင်ရွက်ရန်၊ ပဲ၊ ပြောင်း၊ နှမ်း ပြည်ပသို့ တင်ပို့ရာတွင် စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီစေရေး စနစ်တကျဆောင်ရွက်ရန်နှင့် လယ်ယာထွက်ကုန်ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်တင်ပို့ရောင်းချရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမရပူရမြို့နယ်ရှိ “မဟာစံပြနွယ်” ဆန်စက်သို့ ရောက်ရှိပြီး ဆန်ကြိတ်ခွဲထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးပြီး ဆန်စက်ကောင်းမှ ဆန်အရည်အသွေး ကောင်းမည်ဖြစ်သဖြင့် ခေတ်မီနည်းပညာအသုံးပြု၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဆန်အရည်အသွေးကောင်းမှ စျေးကွက်စျေးကောင်း ရရှိမည်ဖြစ်ကြောင်း၊ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့်ဆန်စက်များ တည်ဆောက်၍ ထုတ်လုပ်မှုအပိုင်းကို ပိုမိုကောင်းမွန်အောင် အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ “စိန်လမင်း”ပဲခွဲစက်ရုံသို့ရောက်ရှိပြီး ပြည်ပတင်ပို့ရန် ပဲများကြိတ်ခွဲ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည် အသွေးမှန်၊ အရောင်းအဝယ်မှန်ဟူသည့် ပြဋ္ဌာန်းချက်များအတိုင်း ညီညွတ်စွာ ဆောင်ရွက်ရန်နှင့် ပဲကုန်ချော ပြည်ပတင်ပို့မှု လွယ်ကူချောမွေ့စေရေးအတွက် ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် မန္တလေးမြို့ မြစ်ငယ်ကုန်းတွင်း ဆိပ်ကမ်းရှိ KM Terminal and Logistics Limited နှင့် Resources Group Logistics Company Limited (RGL)တို့အား သွားရောက်ကြည့်ရှု စစ်ဆေးပြီး Dry Port အတွင်းရှိ Bonded Ware House ၌ ကုန်ပစ္စည်းများ ဝင်ရောက်မှု၊ သိုလှောင်မှု၊ အဝေးသို့သယ်ဆောင်မှုနှင့် ပြည်ပသို့တင်ပို့မှု လုပ်ငန်းစဉ်များတွင် အကောက်ခွန်ဦးစီးဌာနမှ သတ်မှတ်ထားသည့် Bonded Ware House လုပ်ထုံးလုပ်နည်း၊ ပို့ကုန်သွင်းကုန် လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျဆောင်ရွက်ရန် မှာကြားသည်။

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီရုံးခန်း၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ ညနေပိုင်းကလည်း ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်းဒေသကြီး တိုင်းစစ်ဌာနချုပ် ရန်ကြီးအောင်ဧည့်ရိပ်သာ၌ တွေ့ဆုံပြီး ကုန်သွယ်မှုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment