Monday, November 13, 2023

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံ

 


ရန်ကုန် နိုဝင်ဘာ ၁၂

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ရောက်ရှိပြီး စေတီတော် တောင်ဘက်မုခ် ဗောဓိညောင်ပင်ရှိ ဗုဒ္ဓရုပ်ပွားတော်အား ပန်း၊ ရေချမ်းကပ်လှူပူဇော်ကာ အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင် ဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ နှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံး၌ တွေ့ဆုံပြီး ရွှေတိဂုံစေတီတော်ကြီးနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စေတီတော်ကြီး ရေရှည်တည်တံ့ရေး၊ လုံခြုံရေး၊ ရင်ပြင်တော်ရှိ သာသနိကအဆောက်အဦများ၊ မြန်မာမှုအနုလက်ရာများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ စေတီတော်ကြီး၏ ဝတ္တကမြေအတွင်း မြန်မာ့ ယဉ်ကျေးမှုနှင့်ဆန့်ကျင်သည့် အဂါရဝဖြစ်စေသော အပြုအမူများ မပြုလုပ်ကြစေရေးနှင့် ဘုရားဖူးလာပြည်သူများ အဆင်ပြေချောမွေ့စိတ်ချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုနိုင်စေရေး စီစဉ်ဆောင်ရွက်သွားကြရန်လိုကြောင်း။

ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ နေပူခံစကျင်ကျောက်ပြားများ အပူရှိန်မြင့်တက်မှုမရှိစေရေးနှင့် ဘုရားဖူးပြည်သူများ အပူချိန်သက်သာစေရေး ကျောက်ပြားအရောင်တင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန်၊ ရွှေတိဂုံစေတီတော်ကြီး ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းမှုများကို သာသနာတော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်သွားရန်၊ ရွှေတိဂုံစေတီတော်ကြီး၏ ပရိဝုဏ်အတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေထုတ်မြောင်းများကို စနစ်တကျပြုပြင်ထိန်းသိမ်း ဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားရန်၊ သက်ဆိုင်ရာအစိုးရစာရင်းစစ်များ၏စစ်ဆေးမှုများကို ခံယူသွားရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် အလှည့်ကျသဘာပတိ ဦးညွန့်သင်းနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရေး၊ နောင်တော်ကြီးစေတီ ရွှေသင်္ကန်းကပ်လှူပူဇော်ရေး၊ ရင်ပြင်တော်ရှိ နေပူခံကျောက်ပြားများ ပြုပြင်ထားရှိမှု၊ Pagoda Digital Directory ဆောင်ရွက်နေမှုနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment