မြင့်မြတ်
ယူကရိန်းစစ်တန်းလန်းမှာ အစ္စရေးစစ်က ဖြစ်ရပြန်ပြီ။ ကမ္ဘာကြီးအနေနဲ့တော့ သင်ခန်းစာတွေရပြီးရင်း ရနေဆဲပါပဲ။ ဟားမတ်စ်တွေ အစ္စရေးကို စတိုက်ပြီး တစ်ရက်၊ နှစ်ရက်အတွင်း ကမ္ဘာ့စာမျက်နှာတွေကနေ အပယ်ခံဘဝရောက်နိုင်တဲ့ ဇာလန်စကီးနဲ့ အနောက်အုပ်စုဆီက အထောက်အပံ့ကို မှီခိုလို့မရနိုင်တော့တဲ့ ယူကရိန်းသင်ခန်းစာ၊ အကြမ်းဖက်စကားလုံးကို မလိုတစ်မျိုး၊ လိုတစ်မျိုးသုံးနေတဲ့ Double standard နဲ့ စံနှစ်မျိုးထားတဲ့ အမေရိကန်နဲ့အီးယူ၊ အချိန်ကိုက် တစ်ပြိုင်တည်း မထင်မှတ်ထားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ နည်းဗျူဟာနဲ့ ဟားမတ်စ်တို့ အစ္စရေးကို ဝင်တိုက်သွားပုံတွေဟာ အလားတူဖြစ်စဉ်မျိုး ခံစားခဲ့ရဖူးတဲ့ ကျွန်တော်တို့နိုင်ငံအတွက်တော့ ထပ်တူနီးပါး သတိရစရာ သင်ခန်းစာတစ်ခုအဖြစ် ထပ်တိုးရောက်ရှိလာခဲ့ပါတယ်။
နောင်မျိုးဆက်
အဆက်ဆက်တိုင်ကျန်နေမယ့် နာကြည်းမုန်းတီးအခြေခံတဲ့စစ်
ယနေ့စစ်ပွဲတွေကိုကြည့်ရင်
ဥပဒေဆိုတာ မရှိတော့သလောက်ပါပဲ။ ဥပဒေမလိုက်နာဘဲ စစ်ကိုဆင်နွှဲသူတွေဟာ အရိုင်းအစိုင်းနဲ့မခြားပါဘူး။
အစ္စရေး - ပါလက်စတိုင်းပဋိပက္ခ၊ အစ္စရေး -ဟားမတ်စ်၊ အစ္စရေး
- ဟဇ်ဘိုလာတိုက်ပွဲတွေဆိုတာ အရှေ့အလယ်ပိုင်းမှာ နှစ်ပေါင်းများစွာ တောက်လျှောက်ဖြစ်နေခဲ့တဲ့
ပြဿနာတွေဖြစ်ပြီး ယခုတစ်ကြိမ် ဂါဇာအစ္စရေးစစ်လောက် လူမဆန် ရက်စက်မှုမျိုးတွေ မရှိခဲ့ပါဖူး။
အပြစ်မဲ့အရပ်သား၊ လူအို၊ မွေးကင်းစနဲ့ အမျိုးသမီးမချန် လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ကြတယ်၊၊
စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ နောက်ဆုံးစစ်ရှောင်ဒုက္ခသည်ယာဉ်တန်းပါမချန် ဒီလိုရက်ရက်စက်စက်
သတ်ဖြတ်ပုံတွေဟာ သွေးရိုးသားရိုးကော ဟုတ်ရဲ့လား၊ ဘယ်သူ ဘယ်အဖွဲ့အစည်းရဲ့ ဘယ်လိုပယောဂတွေ
ပါနေသလဲစသဖြင့် အတိတ်က ရှိခဲ့ဖူးတဲ့ဖြစ်စဉ်တွေအရ စဉ်းစားစရာလည်း ဖြစ်ပါတယ်။
ကမ္ဘာက
ပိတ်ပင်ထားတဲ့ ၈၁၅ ဒီဂရီစင်တီဂရိတ်အထိ ပြင်းအားရှိတဲ့ white phosphorus ဓာတု ဗုံးဆန်တွေသုံးပြီးတောင်
တိုက်ခိုက်တယ်လို့ သိရပါတယ်။ ပါလက်စတိုင်းနဲ့ ဟားမတ်စ်တွေနေတဲ့ ဂါဇာကို ရေ ၊ မီး၊ ရိက္ခာစုံ
ဖြတ်တောက်ထားတယ်၊ အဆမတန် သာလွန်လက်နက်ကိုင်ထားပြီး ယဉ်ကျေး
ပါတယ်ဆိုတဲ့ လူ့အဖွဲ့အစည်းရဲ့ခေါင်းဆောင် လုပ်သူကိုယ်တိုင်က ဒီစစ်ကို နောင်သားစဉ် မြေးဆက်တွေ
ပြန်ပြောင်းသတိရနေအောင်ကို အပြတ်အသတ်တိုက်သွားမယ်လို့ တာဝန်မဲ့ကမ္ဘာသိ ကြေညာပုံက ရင်ထဲကနာကြည်းမှုနဲ့
အမုန်းမျိုးစေ့ကို နောင်မျိုးဆက်အထိ ကြဲချပျိုးပေးခဲ့မယ်ဆိုတဲ့ အသိတရားမရှိတော့တဲ့ပုံပါပဲ။
ဒီကမ္ဘာကြီးမှာ
မုန်းတီးစိတ်အခြေခံ အာဃာတတွေချုပ်ငြိမ်းအောင် မလုပ်နိုင်သရွေ့ အတောမသတ်တဲ့ အကြမ်းဖက်မှုတွေ
ဆက်တိုက်မြင်ရဦးမှာဖြစ်ပြီး ဒီတစ်ခါ အစ္စရေး-ဟားမတ်စ် စစ်နောက်ဆက်တွဲက နိုင်ငံတကာအဆင့်အကြမ်းဖက်မှုများအထိ
ကူးစက်ပျံ့နှံ့မယ့်အဆင့် ရောက်နေပါပြီ။ ရုရှားက ယူကရိန်းမှာ ဆင်နွှဲနေတဲ့စစ်က အထူးစစ်ဆင်ရေးအမည်ခံ
ကန့်သတ်စစ်ပါ၊၊ ယခု အစ္စရေးတွေလုပ်နေတဲ့စစ်က အကန့်အသတ်မဲ့စစ်အထိ ဖြစ်သွားနိုင်တယ်လို့
သုံးသပ်နေကြပါတယ်။
လေးကြိမ်အထိ
စစ်ကြေညာပြီးတိုက်ခဲ့ကြတဲ့ အာရပ်-အစ္စရေးစစ်ပွဲတွေဟာ ဂျူးနဲ့ပါလက်စတိုင်း လူမျိုးတွေအကြား
ရာစုနှစ်နဲ့ချီ ကြာမြင့်နေပြီဖြစ်တဲ့ နယ်မြေပဋိပက္ခပိုင်ဆိုင်ခွင့်နဲ့ပတ်သက်ပြီး တိုက်ခိုက်ခဲ့ကြတဲ့
ကန့်သတ်စစ်ပွဲတွေသာဖြစ်ပါတယ်။ ယခု ဟားမတ်စ် - အစ္စရေးစစ်ကတော့ ကမ်းမမြင်၊ လမ်းမမြင်
နိုင်ငံရေး၊ လူမျိုးရေး ၊ ဘာသာရေးအကျိုးစီးပွားများအထိ ကျယ်ပြန့်သွားနိုင်သလို ငြိမ်းချမ်းအောင်မလုပ်ဘဲ
စစ်မီးအပူကို ထပ်ကာထပ်ကာရှို့တဲ့ လောင်စာတွေကြောင့်လည်း ကမ္ဘာကြီးမှာ
အမှောင်ထုကြီး ကြီးစိုးလာနိုင်ပါတယ်။ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်ကို အသုံးချပြီး
အရပ်သားတွေ ဒုက္ခရောက်အောင်မလုပ်ဖို့ နှစ်ဖက်စလုံးကို သတိပေးသင့်တာကိုပေးနေတဲ့ ရုရှားနိုင်ငံနဲ့
တရုတ်ကလွဲပြီး သမာသမတ်ကျတဲ့ ငြိမ်းချမ်းရေးစကားသံမျိုး ဘယ်နိုင်ငံဆီကမှ ယခုအချိန်အထိ
အသေအချာ မကြားမိသေးပါဘူး။ နောက်ပိုင်းမှာတော့ အစ္စရေးအနေနဲ့ ဂါဇာကိုကျူးကျော်မိရင်
မဟာအမှားကြီး တစ်ခုကျူးလွန်တာပဲဆိုတဲ့ ရှေ့နောက်မညီတဲ့ သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ စကားဟာလည်း
သတိထားစရာ ဖြစ်ပါတယ်။
အသုံးချခံစစ်တစ်ခုပဲလား
ဒီနေ့စစ်ဟာ
ဂါဇာကနေ အာရပ်ကမ္ဘာအထိ၊ နောက်ထပ် တစ်ကမ္ဘာလုံးအတိုင်းအတာအထိ ကျယ်ပြန့်သွားမယ့် အလားအလာများစွာ
တွေ့နေရပါတယ်။ UN ဝန်ထမ်းတွေ၊ စစ်ရှောင်ဒုက္ခသည်တွေ သေကျေတဲ့အထိ တိုက်နေတဲ့မြင်ကွင်းကို
ရပ်တန့်အောင် လုပ်နိုင်တဲ့အခွင့်အရေး အမေရိကန်မှာ ရှိနေရက်သားနဲ့ မလုပ်တဲ့အပြင် စစ်ကိုကျယ်ပြန့်အောင်
လှမ်းနေတဲ့ အခင်းအကျင်းကိုက ကမ္ဘာသူကမ္ဘာသားတွေကို မထီမဲ့မြင်ပြုနေသလိုပါပဲ။
အမေရိကန်အနေနဲ့
ကမ္ဘာကြီးအတွက် တာဝန်ယူ၊ တာဝန်ခံမှု လုံးဝမရှိတဲ့အပြင် ယူကရိန်းမှာ အလုပ်မဖြစ်တဲ့မူဝါဒအမှားကို
ပြန်အဖတ်ဆယ်ဖို့နဲ့ ၂၀၂၄ မှာ အခြေမလှနိုင်တဲ့ အထွေထွေရွေးကောက်ပွဲမှာ အမေရိကန်ဂျူးတွေရဲ့
မဲတွေရဖို့ ကိုယ့်အတ္တနဲ့ကိုယ် မြေထဲပင်လယ်ထဲအထိ ခြေဆန့်လာတဲ့တွက်ကိန်းဟာ ဘိုင်ဒင့်အတွက်တော့
အလောင်းအစားတစ်ခုလိုဖြစ်တဲ့အပြင် အစ္စရေးနဲ့ ကမ္ဘာကြီးအတွက်လည်း မကောင်းတဲ့နိမိတ်တစ်ခုအလား
တချို့သုံးသပ်နေကြပုံတွေလည်း ရှိနေပါတယ်။ ကျဆင်းနေတဲ့ နိုင်ငံရေးကပ်၊ စီးပွားရေးကပ်တွေ
ဆိုက်ပြီး ပြည်တွင်းပြည်ပဩဇာကို ပြန်ရဖို့နဲ့ အင်အားကြီးပုံစံ ပြန်ထူထောင်ဖို့ အမေရိကန်ရဲ့
နောက်ဆုံးထွက်ပေါက်အနေနဲ့ ဂါဇာစစ်ကိုအသုံးချ၊ လိုအပ်ရင် ကမ္ဘာကြီးကို တတိယကမ္ဘာစစ်အထိ
ဆွဲခေါ်မယ်ဆို ခေါ်သွားမယ့်အကြံမျိုးအထိ ရှိနိုင်ပါတယ်။
အနည်းဆုံးတော့
တွေဝေနေမယ့် အာရပ်ကမ္ဘာကို မညီညွတ်အောင် ဖြိုခွဲလို့ရနိုင်တာပေါ့။ အတိတ်ကို ပြန်ကြည့်ရင်
တောင်-မြောက်ကိုရီးယား ကိုရီးယားအချင်းချင်း၊ ထိုင်ဝမ်-တရုတ် တရုတ်အချင်းချင်း၊ ရုရှား
-ယူကရိန်း ညီအစ်ကိုအချင်းချင်း၊ ဗမာ- တိုင်းရင်းသားမြန်မာအချင်းချင်း၊ အာဖရိကသားအချင်းချင်း
အချိန်ကုန် ပြုတ်ပြုတ်ပြုန်းသည်အထိ တိုက်ခိုင်းထားတာ။ ယခုလည်း အာရပ်အချင်းချင်း တိုက်ကြခိုက်ကြတဲ့အထိ
ခဲတစ်လုံးထဲနဲ့ ငှက်ငါးကောင်အထိ တစ်ပြိုင်တည်းပစ်နိုင်တဲ့ ခေတ်သစ်ကိုလိုနီများရဲ့ အကျင့်ဆိုးကို
မြင်နိုင်ရပါမယ်။
လူ့အခွင့်အရေးကို
ဘယ်ပေတံနဲ့တိုင်းနေသလဲ
လိုတစ်မျိုး
မလိုတစ်မျိုး Double standard စံနှစ်မျိုးကျင့်သုံးမှုကို ဆက်ပြီးကြည့်ရအောင်ပါ။ အမေရိကန်ကော၊
UN ကော အနောက်အုပ်စုပါ ကမ္ဘာကြီးအပေါ် စံနှစ်မျိုးမူဝါဒကျင့်သုံးနေတာ ကြာပါပြီ။ တစ်နေရာမှာ
သူရဲကောင်း၊ တစ်နေရာမှာ အကြမ်းဖက်ပေါ့။ ကိုယ်မလိုလားသူဆိုရင် died၊ ကိုယ့်ဘက်ကဆိုရင်
killed ပေါ့၊ ပစ်မှတ်တစ်ခု၊ နှစ်ခုလောက်ကို ဗုံးတစ်လုံးနှစ်လုံးလောက်ချမိရင် ကို ဆတ်ဆတ်ထိမခံ
တောင်အော် မြောက်အော် အော်သူတွေက ယခုစစ်ပွဲမှာ ဗုံးခြောက်ထောင် လောက်ကို ပစ်မှတ် ၃၅၀၀
ပေါ်ကို ပျော်ပျော်ကြီးကြဲချလို့ ကလေးငယ် ၇၀၀ လောက်အထိ သေခဲ့ရတဲ့အဖြစ်ဆိုးမှာ လုံးဝအသံမထွက်သလိုပါပဲ။
မြန်မာနိုင်ငံအနောက်ဘက်
ရဲစခန်း ၃၀ ကို အာဆာတွေဝင်တိုက်လို့ မြန်မာ့တပ်မတော်က ပြန်တိုက်ထုတ်တုန်းက အသံမထွက်ခဲ့တဲ့
အမေရိကန် ယခုဟားမတ်စ်တွေ အစ္စရေးနေရာ ၂၂ နေရာလောက် တိုက်တာကို အသံဆူညံအောင်ထွက်နေတာက
အံ့ဩစရာပါ။ ဒါ့အပြင် တပ်မတော်က ပြန်တိုက်လို့ ဘင်္ဂါလီတစ်သိန်းခန့် တစ်ဖက်နိုင်ငံထဲ
ပြေးဝင်ကြတဲ့အပေါ် မြန်မာကိုစွပ်စွဲခဲ့တဲ့ အမေရိကန်က ယခု ဂါဇာကနေ ပါလက်စတိုင်း ၁ ဒသမ
၁ သန်းကို နှင်ထုတ်တာကိုတော့ မသိချင်ယောင်ဆောင်နေပြန်တယ်။ UN လည်း လစာထုတ်ကောင်းရုံ
အသံမျှဉ်းမျှဉ်းပဲ ထွက်နိုင်တော့တယ်။
ဂျီနိုဆိုက်နဲ့
မတရားစွပ်စွဲပြီး ICJ ကို တရားစွဲတင်တတ်တဲ့ ဂမ်ဘီယာနဲ့အပေါင်းပါတွေ ယခုလို ဂါဇာလူမျိုးတုံးစစ်ပွဲမှာကော
စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို ICJ ဆီ ပို့နိုင်မလား၊ မထင်မိပါ။
တစ်ဖက် စောင်းနင်းကမ္ဘာကြီးမှာ ဒီလိုစံနှုန်းနှစ်မျိုး မူဝါဒသမားတွေကြောင့်ပဲ ကမ္ဘာကြီးမတည်မငြိမ်
ဖြစ်နေရတာပါ။ စစ်ပွဲမှာ အရပ်သားသေကျေထိခိုက်မှု နည်းနိုင်သမျှနည်းအောင်လုပ်ဖို့ တိုက်တွန်းနေတဲ့
အမေရိကန်ဟာ တစ်ဖက်မှာတော့ အစ္စရေးကို စစ်လက်နက်တွေ ထောက်ပံ့နေပြန်တယ်။ ရေ ၊ မီး၊ ရိက္ခာ
အစုံဖြတ်တောက်တာ လူ့အခွင့်အရေးနဲ့ ဆိုင်သလို ၂၄ နာရီအတွင်း ဘယ်လိုမှမဖြစ်နိုင်တဲ့ ဆေးရုံလူနာတွေကော၊
၁ ဒသမ ၁ သန်းခန့်ရှိတဲ့ အရပ်သားတွေကော ဂါဇာကနေ အတင်းအကျပ် နှင်ထုတ်ခံရတာကော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
အခွင့်အရေးနဲ့ဆိုင်ပါတယ်။ လူ့အခွင့်အရေးကို အကဲဆတ်အထိမခံတဲ့ လစ်ဘရယ်တွေအနေနဲ့ စံတစ်မျိုးတည်းနဲ့
ဖြေရှင်းလို့မရနိုင်ဘူးလား၊ ရကိုရနိုင်ရပါမယ်။
တစ်ပြေးညီမရှိတဲ့စံနှစ်မျိုးမူဝါဒအောက်မှာ
နောက်ပြီး
ယခင်ကတည်းကချမှတ်ထားတဲ့ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းမူဝါဒဟာ သဲသဲကွဲကွဲမရှိခဲ့ပါဘူး။
ပါလက်စတိုင်းတွေထက် သူ့မဟာမိတ် အစ္စရေးအပေါ် သာသာထိုးထိုး ဘက်လိုက်ခဲ့တာ တွေ့ရပါတယ်။
အမေရိကန်ရဲ့မူဝါဒတိုင်းမှာ
ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာမှ ငြိမ်းချမ်းရေးအတွက် မျှတတဲ့အဖြေဆိုတာ မရှိခဲ့မကြားခဲ့ဖူးပါ။
ယခုလည်း သူ့ရဲ့ တစ်ဖက်စောင်းနင်းမူဝါဒကြောင့် စစ်ဖြစ်ခဲ့ပြီး အပြစ်မဲ့အရပ်သားတွေများစွာ
သေကျေပျက်စီးခဲ့ရပါပြီ၊၊
ကမ္ဘာကြီးရဲ့
ခေါင်းဆောင်ပီသချင်ရင် မြှောက်ထိုး ပင့်ကော် လူမိုက်စကားထက် ငြိမ်းချမ်းရေးစကားပဲ ပြောသင့်ပါတယ်။
ငြိမ်းချမ်းရေးစကားများနဲ့ နှစ်ဖက်စလုံးကို ဖျောင်းဖျနိုင်စွမ်းရှိသင့်ပေမယ့် မြေထဲပင်လယ်ထဲ
အကောင်းဆုံးလေယာဉ်တင်သင်္ဘောများ ချက်ချင်းစေလွှတ်ပြီး စစ်အင်အားပြခြင်း၊ နိုင်ငံခြားရေးဝန်ကြီး
ဘလင်ကန် အစ္စရေးရောက်တော့လည်း သူဟာ ဂျူးတစ်ယောက်အနေနဲ့လာခဲ့တာပါဆိုပြီး ရန်ဘက်နှစ်ဖက်စလုံးအပေါ်
မျှတတဲ့စကားမဆို အပြစ်မဲ့အရပ်သား သေကျေမှုတွေကို သူတို့နဲ့မဆိုင်သယောင်၊ သူ့မဟာမိတ်ဘက်မှာသာ
အခိုင်အမာရှိနေကြောင်း ကမ္ဘာကို ပြသခဲ့ခြင်းများဟာ လုံးဝမလုပ်အပ်တဲ့ မီးလောင်ရာလေပင့်
ခြင်းများပဲ ဖြစ်ပါတယ်။
သူမလိုလားတဲ့နိုင်ငံ
တစ်နိုင်ငံဆိုရင် တစ်ကမ္ဘာလုံးနီးပါး ရှုတ်ချပိတ်ဆို့အရေးယူအောင် လုပ်ခဲ့ပြီး သူတို့လူဖြစ်ရင်တော့
အလိုတူ၊ အလိုပါ ဘာလုပ်လုပ် တရားနေပြန်ရော၊ ဒါကိုပဲ တစ်ပြေးညီမရှိတဲ့စံနှစ်မျိုး မူဝါဒလို့
ခေါ်တာပါ၊ ဒီလိုကျင့်သုံးမှုမျိုးရှိနေသရွေ့ ကမ္ဘာကြီးဟာ ကပ်ဘေးသင့်နေဦးမှာပဲ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် နာတာရှည်ရောဂါလို ပြဿနာမျိုးတွေမှာ စံတစ်မျိုးတည်းအောက်မှာပဲ နှစ်ဖက်လုံး
မျှမျှတတနဲ့ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ အပြန်အလှန်အသိအမှတ်ပြု အဖြေရှာကြမှသာ တရားမျှတတဲ့အဖြေကို
ရနိုင်မယ်ဆိုတာတော့ ယနေ့ ပါလက်စတိုင်းပြဿနာက ပြသနေပါတယ်။
မိမိအင်အားအစစ်အမှန်နဲ့အတူ
လုံခြုံရေးတပ်လှန့်သတိပေးချက်များ
အရေးကြုံတော့
မိတ်ဆွေအစစ်က ဘယ်သူလဲ၊ ယူကရိန်းခေါင်းဆောင် ဇာလန်စကီးကိုကြည့်ပြီး နမူနာယူသင့်ပါတယ်၊၊
မိမိကိုယ်သာ အားကိုးရာအမှန်ဆိုတာ အမေရိကန်ရဲ့ ဦးစားပေးဒုတိယအဆင့်နဲ့သာ ကျေနပ်လိုက်ရတဲ့
ယူကရိန်းရဲ့ ဖြစ်စဉ်ကနေ သင်ခန်းစာယူသင့်ပါတယ်။ အမေရိကန်သာ မထောက်ပံ့ရင် ယူကရိန်းစစ်ဟာ
ယခုလက်ရှိ ချက်ချင်းပြီးသွားနိုင်တဲ့ အခြေအနေပါ။ ယခု ဂါဇာစစ်ပေါ်လာတော့ သူ့ထာဝရမိတ်ဆွေကြီး
အစ္စရေးအတွက် အရေးကြီးဆုံးဖြစ်နေချိန်မှာ ထိုင်ဝမ်၊ တောင်ကိုးရီးယား၊ ဂျပန်တို့ဟာ အမေရိကန်ရဲ့
လတ်တလောဦးစားပေး အဆင့်သတ်မှတ်ချက်မှာ မရှိနိုင်တော့တဲ့ အခြေအနေကို မြင်နိုင်ရပါမယ်။
သူတစ်ပါးနှာခေါင်းပေါက်နဲ့
အသက်ရှင်နေရသူတွေဟာ အားကိုးရာမဲ့ဖြစ်ရင် ကိုယ်ပဲခံရမယ်ဆိုတာ သိနေမြင်နေဖို့လိုပါတယ်။
အရေးကြီးဆုံးက မိမိကိုယ်တိုင်တည်ဆောက်သော အားသည်သာ အမှန်အင်အားဖြစ်တယ်ဆိုတာ ယူကရိန်းနဲ့
ယခု ဂါဇာစစ်ပွဲတွေမှာ ပိုပြီးပေါ်လွင်လာခဲ့ပြီ ဖြစ်တယ်လို့ ယူဆပါတယ်။
နောက်ထပ်သင်ခန်းစာယူစရာတစ်ခုက
ယခုဖြစ်နေတဲ့ အစ္စရေး-ဟားမတ်စ်စစ်အစပိုင်းမှာ အစ္စရေးနယ်မြေထဲ ဟားမတ်စ်တို့ ရုတ်တရက်
ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့မှု အတိုင်းအတာပဲ ဖြစ်ပါ တယ်။ နာမည်ကျော် ထောက်လှမ်းရေးစီအိုင်အေနဲ့
မော့ဆက်တို့ အရိပ်အောက်ရှိနေတဲ့ကြားက ဟားမတ်စ်တို့ဟာ အစ္စရေးကို အချိန်ကိုက် တစ်ပြိုင်တည်း
အင်အားကြီးကြီးမားမားနဲ့ကို တိုက်ခိုက်သွားကြတာပါ။ ၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံ အနောက်ဘက်နယ်မြေတချို့က
ရဲတပ်ဖွဲ့စခန်း
၃၀ ကို အာဆာတွေ
တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ပြီး ရခိုင်နဲ့ဘင်္ဂါလီရွာတွေကို
မီးရှို့ ဒေသခံလူမျိုးစုတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတဲ့ဖြစ်စဉ်မျိုးနဲ့ နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။
တစ်ဖက်ကသုံးခဲ့တဲ့
နည်းဗျူဟာတွေမှာ တစ်ဖက်ကို သတင်းမှားတွေနဲ့လှည့်စားမှု၊ နားတွေမျက်စိတွေ အသက်မဲ့အောင်
အလုပ်ခံလိုက်ရသလား၊ ကြိုတင်သတိပေးဆက်သွယ်ရေးနဲ့ အပြန်အလှန် အကူအညီပေး ပေါင်းစပ်ညှိနှိုင်းမှုစနစ်တွေ
ပျက်ယွင်းသွားအောင် ဘယ်လိုလေ့ကျင့်ပြင်ဆင်ခဲ့ကြလဲ စတဲ့ နည်းဗျူဟာတွေဟာ မိမိတို့နိုင်ငံလုံခြုံရေးနဲ့
ကာကွယ်ရေးအပိုင်းမှာ သင်ခန်းစာယူနေရမယ့် တပ်လှန့်သတိပေးချက်တွေဖြစ်မယ်လို့ ယူဆမိ ပါတယ်။
အခြားသင်ခန်းစာယူသင့်သောအခြေခံအချက်များ
အဓိကပြောချင်တာက
အပြောင်းအလဲများလှတဲ့ ယနေ့ကမ္ဘာ့ဖြစ်စဉ်တွေကနေ ဘယ်သူကအမှန်၊ ဘယ်သူကအမှား ချပြနေတာဖြစ်လို့
စစ်ရေး၊ စီးပွားရေး ကိုယ့်အင်အားကိုယ် တည်ဆောက်ထားရုံကလွဲပြီး အခြားမရှိပါဘူး။ ဒီမိုကရေစီနဲ့
လူ့အခွင့်အရေးမျက်နှာဖုံးစွပ်ပြီး ဘာကျင့်ဝတ်ဘာစည်းကမ်းမှ မလိုက်နာသူတွေရှိနေသရွေ့
ဒီကမ္ဘာကြီး ငြိမ်းချမ်းမယ်မထင်ပါဘူး။ အတ္တတွေကြောင့် ကိုယ်ပိုင် တိုက်တာ အိမ်ခြေတွေပျက်စီး၊
အိုးမဲ့အိမ်မဲ့ဘဝ ရောက်ကြရတယ်၊ လူတွေသေရတယ်၊ နှစ်ဖက်ကြားမှာ မြေစာပင်ဖြစ်ရတဲ့ အစ္စရေးနဲ့
ပါလက်စတိုင်း ပြည်သူတွေရဲ့အဖြစ်ကို သင်ခန်းစာယူပြီး ငါတို့ဘဝတွေမပျက်ဖို့ စစ်ကိုမုန်းတီးနေဖို့လိုပါတယ်။
အထူးသဖြင့် လူငယ်တွေပါ...။
ကမ္ဘာ့နိုင်ငံရေး၊
ပထဝီနိုင်ငံရေးကို လေ့လာဆန်းစစ်တတ်ဖို့လိုပါတယ်။ သတင်းတု သတင်းမှားတွေကို အကဲဖြတ်နိုင်အောင်
လေ့လာဆန်းစစ်နေရပါမယ်။ ယခု အစ္စရေး-ဟားမတ်စ်စစ်မှာ အချို့သတင်းတွေဟာ သတင်းတုတွေဖြစ်နေကြောင်း
နောက်ပိုင်းမှာ သိလာရတဲ့ အဖြစ်အပျက်တွေနဲ့အတူ နာမည်ပျက်သွားတဲ့ နာမည်ကြီးသတင်းဌာနတွေ
ရှိနေတဲ့အတွက် အားလုံးကို အလွယ်မလိုက် အလျင်စလို မဆုံးဖြတ်မိဖို့လိုပါတယ်၊ မြန်မာနိုင်ငံမှာလို
ကမ္ဘာမှာလည်း ဖြစ်ပျက်နေပုံတွေကို သင်ခန်းစာယူနိုင်ဖို့ပါပဲ၊ ပြဿနာရဲ့ အခြေခံအကြောင်းတရားက
ဘာလဲ၊ လတ်တလောအကြောင်းတရားက ဘာလဲ၊ အကြောင်း
အကျိုးဆက်စပ်နေတဲ့ သဘောတရား၊ နောက်ကွယ်က ကြိုးကိုင်နေတဲ့ လက်မည်းတွေနဲ့အတူ စစ်ရဲ့အကျိုးဆက်
ဘယ်ကိုဦးတည်နေသလဲ၊ ကျယ်ပြန့်သွားနိုင်တဲ့ စစ်ရဲ့အနေအထား၊ အချိန်တန်ရင် ကိုယ့်အမျိုးသားအကျိုးစီးပွားကိုသာ
အဓိကထားကြပုံ၊ နိုင်ငံချစ်စိတ်၊ အမျိုးချစ်စိတ် နိုင်ငံနဲ့နယ်နိမိတ်ကို ကာကွယ်စောင့်ရှောက်လိုစိတ်တွေရှိကြပုံကို
အစ္စရေး- ဟားမတ်စ်စစ်မှာ သတိထားမိကြမယ် ထင်ပါတယ်။ ဒါ့အပြင် ခံစားချက်ကို ဦးစားမပေး၊
လက်တွေ့ကျကျ စဉ်းစားနိုင်ဖို့နဲ့ သမိုင်းကြောင်းနောက်ခံကို အနည်းငယ် သိထားဖို့လည်း
လိုအပ်ပါမယ်။
အချုပ်အားဖြင့်တော့
တို့တိုင်းပြည်က တို့ပြည်သူတွေဟာ မျက်မှောက် ကမ္ဘာ့အဖြစ်အပျက်တွေကနေ သင်ခန်းစာယူသင့်တာကို
ယူကြရပါမယ်။ စံနှစ်မျိုးနဲ့ အင်အားကြီးတွေကြားမှာ ဖိအားဒဏ်ခံနိုင်ဖို့ မိမိကိုယ်မိမိ
ကာကွယ်နိုင်ဖို့နဲ့ အနိုင်ကျင့်မခံရအောင်၊ ချိုးနှိမ်မခံရအောင် စည်းရုံးကြ၊ ညီညွတ်ကြဖို့သင့်ပြီဟူ၍
ဖြစ်ပါတယ်၊၊ နောက်ဆုံးတော့ အနောက်အုပ်စုက လိုရင်လိုသလိုသုံးတဲ့ လူသားချင်းစာနာ ထောက်ထားမှုတို့၊
တန်းတူညီမျှမှု တရားမျှတမှုတို့၊ လူ့အခွင့်အရေးတို့... ဘာညာ စတာတွေဟာ ကြားကောင်းရုံ
စားကောင်းရုံ ဝေါဟာရသက်သက်သာဖြစ်ပြီး မိမိတို့ကိုယ်တိုင်က ကစားစရာနယ်ရုပ်လေးတွေ အဖြစ်မခံရအောင်
သင်ခန်းစာယူတတ်ဖို့ပါပဲ။
No comments:
Post a Comment