ပုသိမ် အောက်တိုဘာ ၁၉
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က“အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်
ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ကို ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ(၂၁)ရက်နေ့တွင် ပြုလုပ်ခဲ့သည့်
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် (၆၄/၂၀၀)အရ နှစ်စဉ်အောက်တိုဘာလ (၁၃)ရက်နေ့တွင်
ပြုလုပ်ရန် အတည်ပြုသတ်မှတ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ၂၀၁၀ ခုနှစ်မှစတင်၍
နိုင်ငံတော်အဆင့် အခမ်းအနားများ စတင်ကျင်းပပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးတွင်
၂၀၁၃ ခုနှစ်က စတင်ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ်သည် နဝမအကြိမ် မြောက်အဖြစ် ဆောင်ရွက်ခြင်း
ဖြစ်ပါကြောင်း၊ ယခုနှစ် ၂၀၂၃ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနားအဖြစ်
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက “ Fighting Inequality for A Resilient Future” “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊
မညီမျှမှုတွေ တိုက်ဖျက်စို့” ဟူသော ဆောင်ပုဒ်ဖြစ်ပါကြာင်း၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှ
စက်တင်ဘာလအတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် မီးဘေး၊ လေဘေး၊ ရေဘေး၊ ကမ်းပြိုဘေး၊ မိုးကြိုးဘေး၊
ငလျင်ဘေး၊ ထူးခြားဘေး (တောဆင်ရိုင်းဘေးနဲ့ မိချောင်းဘေး) စုစုပေါင်းဘေးဖြစ်ပွားမှု
(၃၂၂) ကြိမ် ရှိခဲ့ပါကြောင်း၊ ၎င်းဖြစ်စဉ်များကို ကြည့်ခြင်းအားဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့်သော်
လည်းကောင်း၊ ဘက်ညီမျှမှုမရှိသော ဖွံ့ဖြိုးတိုးတက်မှုကြောင့် သော်လည်းကောင်း၊ လက်ရှိကြုံတွေ့နေရသော
အန္တရာယ်ကျရောက်နိုင်ခြေများသည် အဆများစွာ တိုးပွားလာနိုင်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊
ဧရာဝတီတိုင်းဒေသကြီးအတွင်းဖြစ်ပွားသည့် ဘေးအန္တရာယ်များအနက် (၅၀%) ကျော်သည် လေပြင်းဘေးဖြစ်ကြောင်း
စိစစ်တွေ့ရှိရသည့်အတွက် လေပြင်းဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရန် ရည်ရွယ်ပြီးရပ်ရွာအတွင်းရှိ
ကြံ့ခိုင်မှုအားနည်းသောအိုးအိမ်များကို အားဖြည့်မွမ်းမံ ပြုပြင်ပေးခြင်းများကိုလည်း
ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် မေလ (၁၃) ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သည့်
အလွန့်အလွန်အားကောင်းသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးအတွက် ကြိုတင်သတိပေးချက်များ
ရရှိချိန်မှစတင်၍ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးခေါ်ယူပြီး ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်းနှင့်
ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်အားဆွေးနွေး၍ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးများအထိ
လိုက်ပါဆောင်ရွက်နိုင်ရန်နှင့် ဆုံးရှုံးမှုများ နည်းနိုင်သမျှနည်းအောင် ကြိုတင်စီမံဆောင်ရွက်ခဲ့ပါကြောင်း၊
ဘေးအန္တရာယ်ကို တုံ့ပြန်ဆောင်ရွက်သည့်အခါ ပထမဦးစွာ ထိခိုက်ဆုံးရှုံးမှု နည်းအောင်ဆောင်ရွက်ရတာ
ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်သည့်အပိုင်းက ပိုအရေးကြီးပါကြာင်း၊ ကြိုတင်ပြင်ဆင်မှုအပိုင်းမှာလည်း
ကြိုတင်သတိပေးစနစ်နှင့် ကြိုတင်ပြင်ဆင်ခြင်း စနစ်ကလွန်စွာ ကောင်းမွန်ရမှာဖြစ်ပြီး အချိန်မီသိ၊
အချိန်မီဆောင်ရွက်တုံ့ပြန်နိုင်မှသာ ကျရောက်လာသည့် ဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်မှာဖြစ်ပါကြောင်းနှင့်
ယခုနှစ်အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်
ဆောင်ပုဒ်ဖြစ်သည့် “ Fighting Inequality for A Resilient Future” “ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊
မညီမျှမှုတွေတိုက်ဖျက်စို့” ဟူသော ဆောင်ပုဒ်အတိုင်း မိမိနိုင်ငံ၊ မိမိတိုင်းဒေသကြီးကို
ဘေးအန္တရာယ်များမှ လျော့နည်းသက်သာစေရန် အားလုံးပူးပေါင်းဆောင်ရွက်ကြစို့ဟု” တိုက်တွန်း
အမှာစကားများ ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
ဧည့်သည်တော်များသည် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့
အထိမ်းအမှတ်သို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သော သဝဏ်လွှာသတင်းစကားရုပ်သံနှင့်
မိုခါမုန်တိုင်း တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ မှတ်တမ်းဗီဒီယိုပြသမှုအား ကြည့်ရှုအားပေးပြီးနောက်
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့
အထိမ်းအမှတ်အဖြစ် ပြသထားသောပြခန်းများအား လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)


No comments:
Post a Comment