မေ
ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ စကျင်ဗုဒ္ဓရုပ်ပွားတော် မာရဝိဇယဘုရားကြီးဆီ တစ်ခေါက်တစ်ခါ ဖူးမြော်ဖို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပရိသတ်တွေ နေ့စဉ်နဲ့အမျှ စည်စည်ကားကား လာရောက်လျက်ရှိသလို ဗုဒ္ဓဥယျာဉ်တော်ကြီး စိမ်းလန်းစိုပြည်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း အရှိန်အဟုန်နဲ့ ဆက်လက်လုပ်ဆောင်လျက်ရှိတာကို တွေ့ခဲ့ရပါတယ်။
ဖူးမြော်ခွင့်ပြုတဲ့နေ့မှ ယနေ့အထိ စည်ကားများပြားလျက်ရှိနေဆဲကို မြင်တွေ့ရတဲ့အခါ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ ဂုဏ်ယူဝမ်းမြောက်ပီတိဖြစ်ရသလို ဗုဒ္ဓဝတ္ထုကံအတွင်းက ကြီးကျယ်ခမ်းနားမှု အစုစုအတွက်လည်း အကုန်အကျခံပြီး လှူဒါန်းပေးကြတဲ့ အလှူရှင်တွေအတွက် သာဓုအကြိမ်ကြိမ် ခေါ်ဆိုမိပါတယ်။ ယခုလို တန်ဖိုးကြီးမား ခမ်းနားသာယာတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီး မပျောက်မပျက် ရေရှည်တည်တံ့ခိုင်မြဲဖို့ဆိုတာ အလှူရှင်တွေရော၊ ပြည်သူတွေရော၊ အစိုးရရော အားလုံးမှာ တာဝန်ရှိတာပါ။
ဗုဒ္ဓါဘိသေက အနေကဇာတင် ဗုဒ္ဓါ ဘိသိက်သွန်းလောင်းပူဇော်
ဘုရားကြီးတည်ထားကိုးကွယ်တဲ့နေရာကတော့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာပါ။ ဧကပေါင်း ၂၅၅ ဧကရှိတဲ့ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်မှာ ရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင် ဗုဒ္ဓါ ဘိသိက် သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်တွေ ရွှေထီးတော်တင်လှူပူဇော်ခြင်းနဲ့ ရေစက်ချအောင်ပွဲ မင်္ဂလာကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားတွေကို ဩဂုတ် ၁ ရက်၊ ဒုတိယဝါဆိုလပြည့်နေ့မှာ အောင်အောင်မြင်မြင်နဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ရုပ်ပွားတော်မြတ်ကြီးကို ဆင်းတုတော် ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော် အမြင့် ၁၈ ပေနဲ့ စုစုပေါင်း ဉာဏ်တော်အမြင့် ၈၁ ပေ တည်ထားတယ်လို့ မှတ်သားရပြီး ဆင်းတုတော်အလေးချိန် ၁၇၈၂ တန်နဲ့ ပလ္လင်တော် အလေးချိန် တန် ၃၅၁၀ ရှိပါတယ်။ ရေရှည်တည်တံ့စေဖို့အတွက် တန်ချိန် ၂၀၀၀၀ လောက်အထိခံနိုင်တဲ့ အောက်ခံအမာ၊ တစ်နာရီ လေတိုက်နှုန်း မိုင် ၁၂၀ အထိ တိုက်ခတ်မှုဒဏ်ခံမှုနဲ့ မိမိတို့နိုင်ငံမှာ အမြင့်ဆုံးလှုပ်ခတ်နိုင်တဲ့ Earthquake Magnitude ၈ ဒသမ ၈ အထိ မြေငလျင်ဒဏ်ခံနိုင်ဖို့အပြင် လျှပ်စီးမိုးကြိုး ဒဏ်ခံနိုင်ဖို့အတွက်ပါ အင်ဂျင်နီယာ ရှုထောင့်အမျိုးမျိုးနဲ့ တွက်ချက်ထားပြီး ရတနာပုံခေတ်ဟန်ကို ခေတ်မီနည်းစနစ်နဲ့ပေါင်းစပ်လို့ စစ်ဘက်၊ အရပ်ဘက် ပညာရှင်တွေ စုပေါင်းတည်ထားကြတာလို့ မှတ်သားရပါတယ်။
ဗုဒ္ဓဥယျာဉ်တော်အတွင်းမှာရှိတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနဲ့ ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်တွေ၊ ဂန္ဓကုဋိတိုက်တွေ၊ သုဓမ္မာဇရပ်တွေ၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိ သသာနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီ အဆူ ၇၂၀ စတဲ့ အခြံအရံကုသိုလ်တော်တွေကို ရဟန်းရှင်လူ အများပြည်သူတွေက ဩဂုတ်လ ၈ ရက်နေ့ကနေစတင်ပြီး အခမဲ့ဝင်ရောက်ဖူးမြော်ခွင့် ရရှိခဲ့ပါတယ်။
ဖူးမြော်ခွင့်ပြုခဲ့တဲ့ ရက်ပိုင်းမှာတင် အနယ်နယ်အရပ်ရပ်က ဘုရားဖူးကားတွေ တိုးမပေါက်အောင် စည်ကားများပြားခဲ့ပြီး ပိတ်ရက်တွေမှာဆိုရင် တစ်ရက်ကို လူဦးရေ ငါးသောင်းကနေ ရှစ်သောင်းကျော်အထိ လာရောက်ခဲ့ကြပါတယ်။ အများစုသော ဘုရားဖူးပရိသတ်တွေဟာ စကျင်ကျောက်သား ထိုင်တော်မူရုပ်ပွားတော်ကြီးကို ဖူးမြော်ရတဲ့အခါ၊ များပြားလှတဲ့ သာသနိက အဆောက်အအုံတွေ၊ စိမ်းလန်းစိုပြည်တဲ့ မြက်ခင်း၊ တသွင်သွင်ကျဆင်းနေတဲ့ ရေပန်းအလှ စတာတွေကို မြင်တွေ့ကြတဲ့အခါ အံ့ဩကြည်နူးမှုမြင်ကွင်းတွေကလည်း ဗုဒ္ဓဥယျာဉ်တော်ကြီး တစ်ခုလုံးမှာ မတွေ့ချင်မှအဆုံး သက်ဝင်လှပတဲ့ ပန်းချီကားတစ်ချပ်အလား ထင်မြင်ရပါတယ်။
အခမဲ့ဖူးမြော်ခွင့်ကို တတိယအကြိမ် ထပ်မံတိုးမြှင့်သတ်မှတ်
မူလက အခမဲ့လာရောက်ဖူးမြော်ခွင့်ပြုပေးခဲ့တာကို ဩဂုတ် ၈ ရက်မှ ၁၆ ရက်အထိလို့ သတ်မှတ်ထားခဲ့ပေမယ့် များပြားလှတဲ့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ စိတ်အေးချမ်းသာစွာနဲ့ ဆက်လက်ဖူးမြော်နိုင်ကြဖို့အတွက် ဩဂုတ် ၁၇ ရက်မှ ၁၉ ရက်အထိ ဒုတိယအကြိမ် အခမဲ့ဖူးမြော်ခွင့်ပြုခဲ့ပါတယ်။ အခမဲ့ဘုရားဖူးခွင့် ရက်တိုးသတ်မှတ် ပြီးတဲ့နောက်မှာလည်း ဘုရားဖူးများ လျော့နည်းကျဆင်းသွားတာမရှိဘဲ တိုး၍သာလာခဲ့တဲ့အတွက် စက်တင်ဘာ ၃ ရက်အထိ အခမဲ့ဖူးမြော်ခွင့်ကို တတိယအကြိမ် ထပ်မံတိုးမြှင့်သတ်မှတ်ပေးခဲ့ပါတယ်။
စက်တင်ဘာ ၄ ရက်နေ့ကနေစတင်ပြီး လာရောက်ဖူးမြော်ကြသူတွေအနေနဲ့ ဝင်ကြေးအခမဲ့ လာရောက်ဖူးမြော်နိုင်ကြမှာဖြစ်သလို မာရဝိဇယရုပ်ပွားတော်မြတ်ကြီးနဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီး ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် လိုအပ်တဲ့ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ ကုသိုလ်တော် အလှူငွေ အမျိုးအစားအချို့ကို သတ်မှတ်ကောက်ခံခဲ့ပါတယ်။ ဥပမာအနေနဲ့ ကင်မရာပါတဲ့ ဖုန်းတစ်လုံးကို တစ်ထောင်ကျပ်၊ အပျော်ရိုက်ကင်မရာအတွက် ငွေကျပ် ၅၀၀၀၊ အလှဓာတ်ပုံနဲ့ လုပ်ငန်းသုံးရိုက်ကူးတာတွေကို ငွေကျပ် ငါးသောင်းနှုန်းအပြင် နာရီဝက် ပိုမိုရိုက်ကူးတိုင်း ၅၀၀၀ ကျပ်၊ ဥယျာဉ်တော်ယာဉ်ရပ်နားကွင်းအတွင်း ယာဉ်ငယ်တစ်စီး ၂၀၀၀၀ ကျပ် စသည်ဖြင့် သတ်မှတ်ထားတာကို မြင်တွေ့ရပါတယ်။ ဘုရားဖူးလာ ဆရာတော်၊ သံဃာတော်တွေ၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းသူတွေကတော့ ဥယျာဉ်တော်အတွင်း အခမဲ့ဘက်ဂီစီးနင်း ခွင့်ရမှာဖြစ်ပါတယ်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘုရားဖူးမြော်ခွင့်နဲ့ပတ်သက်ပြီး အမျိုးမျိုးသောအသံတွေကို လူမှုကွန်ရက်တွေမှာ မြင်တွေ့ရတဲ့အခါ ကိုယ်တိုင်မရောက်ဖူးသူတွေ၊ ရောက်ခွင့်မကြုံ သေးသူတွေသာ ထင်ကြေးအမျိုးမျိုးနဲ့ ဝေဖန်နေပြီး ရောက်ဖူး၊ တွေ့ဖူး၊ ဖူးမြော်ဖူးသူတိုင်းကတော့ အလှူငွေ သတ်မှတ်ချက်အတွက် စနောင့်စနင်းဖြစ်ပုံမရဘဲ ကြည်ညိုခွင့်ရဘိလေခြင်း၊ လေ့လာခွင့်ရှိဘိလေခြင်း၊ အလှူပါဝင်ခွင့် ကြုံဘိလေခြင်းလို့သာ နှလုံးသွင်းပြီး ကြည်ကြည်ဖြူဖြူ ပေးအပ်ကြတာကို ဝမ်းမြောက်ဖွယ် မြင်တွေ့ရပါတယ်။
ဧကပေါင်း ၂၅၅ ဧကဆိုတာ တော်ရုံကျယ်ဝန်းမှုမဟုတ်
ဧကပေါင်း ၂၅၅ ဧကဆိုတာ တော်ရုံကျယ်ဝန်းမှုမဟုတ်သလို အတွင်းမှာရှိတဲ့ ဘုရား၊ ကျောင်း၊ ကန်၊ ဗိမာန်၊ ဇရပ် အဆောင်ဆောင်နဲ့ ကျောက်စာချပ်တွေ၊ ပန်းမန်ဥယျာဉ်၊ ရေပန်း၊ လမ်း၊ တံတား စတာတွေဟာ အလှူရှင်တွေရဲ့ သဒ္ဓါတရားကြောင့် နေ့ချင်းညချင်း ရုပ်လုံးပေါ်လာရသလို တစ်သက်မှာတစ်ခါ အခမ်းအနားဆုံးသော မဟာကောင်းမှုတော်ကို ပြုနိုင်သူတွေပြုခဲ့ကြခြင်း ကြောင့်သာ မိမိတို့ပြည်သူတွေကလည်း ယခုလိုဖူးမြော်ကြည်ညိုခွင့်၊ ဂုဏ်ယူ ဝင့်ကြွားခွင့်ရခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာတို့အတွက် ဂုဏ်ယူဝမ်းမြောက် ပီတိဖြစ်ဖွယ် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး စကျင်ထိုင်တော်မူ ရုပ်ပွားတော်မြတ်ကြီးနဲ့ အခြံအရံကုသိုလ်တွေ ကမ္ဘာတည်သရွေ့ တည်တံ့နေစေဖို့ ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းတွေဟာ အလွန်အရေးကြီးပြီး စနစ်တကျနဲ့ ရေရှည်ထိန်းသိမ်းနိုင်ဖို့ စီမံအုပ်ချုပ်မှုအဖွဲ့တွေ ဖွဲ့စည်းတာ၊ ထိန်းသိမ်းစောင့်ရှောက်သူတွေ ငှားရမ်းတာ၊ နေ့စဉ်ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်တာတွေအတွက် ရေရှည်အစီအမံတွေထားရှိပြီး ပြုလုပ်နိုင်ဖို့ အထူးလိုအပ်ပါတယ်။
တစ်ဖက်မှာလည်း ပြည်သူတွေ စိတ်အေးချမ်းသာစွာနဲ့ ဖူးမြော်နိုင်စေဖို့ အခမဲ့ဝင်ရောက်ဖူးမြော်ခွင့်ပြုပေးတာ၊ သံဃာတော်တွေ၊ သက်ကြီးရွယ်အိုတွေအတွက် အခမဲ့ဘက်ဂီနဲ့ ပို့ဆောင်ပေးတာ၊ ဥယျာဉ်တော်အတွင်း အခမဲ့အပန်းဖြေခွင့်ပေးတာ၊ မြန်မာမှုလက်ရာ ဗိသုကာတွေကို အခမဲ့ခံစားကြည့်ရှုနိုင်တာ၊ ပိဋကတ်သုံးပုံ ဆဋ္ဌသင်္ဂါယနာ တင်မူကို ဂုဏ်ယူဝမ်းမြောက်ဖွယ် အခမဲ့လေ့လာနိုင်တာတွေနဲ့ယှဉ်ရင် ဘုရားဖူး ပြည်သူအများကလည်း ဓာတ်ပုံလေးတွေ အမှတ်တရ ရိုက်ကူးဖို့အတွက် ငွေကျပ် ၁၀၀၀ ထည့်ဝင်ရတာမျိုးက အပန်းကြီးတာမဟုတ်ပါဘူး။
ယနေ့ သမိုင်းဝင်အထင်ကရ စေတီပုထိုးတွေ၊ အဆောက်အအုံတွေ အားလုံးဟာ သမိုင်းအဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြလို့သာ ယနေ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့ရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတင်မကပါဘူး၊ နိုင်ငံတကာကထင်ရှားတဲ့ ကမ္ဘာကျော်သမိုင်းဝင်အဆောက်အအုံတွေ၊ အထိမ်းအမှတ်နေရာတွေနဲ့ စေတီပုထိုးတွေအများစုမှာ အခုလိုထိန်းသိမ်းစောင့်ရှောက်ခတွေ ကောက်ခံပြီး စနစ်တကျနဲ့ရေရှည်တည်တံ့အောင် ဆောင်ရွက်နေကြတာကို မြင်တွေ့နိုင်ပါတယ်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံရှိ မြဘုရား၊ ဂျပန်နိုင်ငံရှိ ကမာကူရဘုရား၊ အင်ဒိုနီးရှားနိုင်ငံရှိ ဗောရောဗုဓုဘုရား စတဲ့နေရာတွေမှာ ဝင်ကြေးနဲ့အခြားအခကြေးငွေ သတ်မှတ်ကောက်ခံတာမျိုးရှိပြီး ရေရှည်ပြန်လည်ပြုပြင် ထိန်းသိမ်းဖို့အတွက် လုပ်ဆောင်နေကြတာမျိုးတွေ ရှိနှင့်ပြီးသားပါ။ ဒါကြောင့် မိမိတို့ကလည်း မြန်မာ့ဂုဏ်ဆောင် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ရင်းရွှင်လန်းဝမ်းမြောက် သဒ္ဓါပေါက်စွာနဲ့ ကုသိုလ်ပြုကြဖို့ ပန်ကြားလိုပါတယ်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဆိုတာ နိုင်ငံရဲ့မြို့တော်ကြီးဖြစ်တဲ့အပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်းက ပျဉ်းမနား၊ လယ်ဝေးအစရှိတဲ့ မြို့ကြီးတွေဟာ မူလကတည်းက သာသနာထွန်းကားရာဒေသဖြစ်ပြီး ထင်ရှားတဲ့စေတီပုထိုးတွေ၊ ဘုရားကျောင်းကန်တွေက များပြားလွန်းလှတာမို့ ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး စကျင်ထိုင်တော်မူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနဲ့ သာသနိကအဆောက်အအုံတွေကို လေ့လာရင်း တစ်လက်စတည်း နေပြည်တော်တစ်ခွင်ထင်ရှားတဲ့ လှေခွင်းတောင်၊ ဆင်ဖြူတောင်၊ လက်လုပ်တောင်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ နေပြည်တော်ဗုဒ္ဓဂယာ၊ မဟာသကျရံသီ ရုပ်ရှင်တော်မြတ်၊ ညောင်ပင်ကြီးစု ပုဂံဘုရားများ စတဲ့အထင်ကရ စေတီပုထိုးများကိုလည်း ကုသိုလ်ယူဖူးမြော်နိုင်ဖို့ တစ်ခါတစ်ခေါက် အရောက်လာခဲ့ကြဖို့ သတင်းကောင်းပါးလိုက် ရပါတယ်။ ။
No comments:
Post a Comment