Thursday, September 7, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးတက်ရောက်

 


နေပြည်တော် စက်တင်ဘာ ၇

နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၁/၂၀၂၃) အစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ကော်မတီအဖွဲ့ဝင်များ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း အဖွဲ့အစည်းကိုယ်စားလှယ်များတက်ရောက်ကြသည်။

 



ရှေးဦးစွာ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကို Clean City၊ Green City၊ Smart City ဖြစ်စေရန်အတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ခရီးသွားကဏ္ဍအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းသည် နိုင်ငံသားများအားလုံးအတွက် ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းကဏ္ဍတစ်ခုလည်း ဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်း ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခင်ရှိပြီးသည့်ခရီးစဉ်နေရာဒေသများအပြင် အပန်းဖြေအနားယူနိုင်သော ခရီးစဉ်နေရာအသစ်များကိုဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး သဘာဝကိုအခြေခံသည့် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသော ခရီးသွားလုပ်ငန်းများ၊ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေးကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် တိုက်ရိုက်ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများအပေါ် သက်ရောက်နေလျက်ရှိရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSMEs) ထုတ်ကုန်များကို တိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ စွန်းဦးတီထွင်မှုလုပ်ငန်းများ ထုတ်လုပ်နိုင်ရေးကို အလေးထားပြီးဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်အတွင်း ခရီးစဉ်ဒေသများတွင် ပြည်တွင်း၊ ပြည်ပခရီးသွားများတိုးတက်လာစေရေးအတွက် သန့်ရှင်းသာယာလှပစေရေး၊ ခရီးသွားဆွဲဆောင်မှုရှိစေရေးနှင့် ကောင်းမွန်သောဝန်ဆောင်မှုများရရှိစေရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကော်မတီအဖွဲ့ဝင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး နေပြည်​တော်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းဇော်တို့က နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ကော်မတီအဖွဲ့ဝင်များနှင့် ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွား လုပ်ငန်းအဖွဲ့အစည်းကိုယ်စားလှယ်များက နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍများအလိုက် လက်ရှိဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို အသီးသီးဆွေးနွေးတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံမှုဆိုင်ရာ အသိအမှတ်ပြုတံဆိပ်များရရှိကြသည့် Grand Aster Villa Hotel ၊ ပြည့်ဖြိုးဝေမိုတယ်နှင့် မြင့်မိုရ်စံမိုတယ်တို့အား ပေးအပ်ချီးမြှင့်ရာ သက်ဆိုင်ရာဟိုတယ်၊ မိုတယ်များမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းများကို ဒေသတွင်း ခရီးစဉ်ဒေသတစ်ခုအဖြစ် ပေါ်ထွက်လာစေရေးအတွက် အထောက်အကူဖြစ်စေရန်၊ ခရီးသွားလုပ်ငန်းဆောင်ရွက်သူနှင့် ခရီးသည်တို့၏ အခွင့်အရေးကိုကာကွယ်ပေးရန်နှင့် ယင်းတို့၏ တာဝန်ဝတ္တရားများကို သိရှိလိုက်နာစေရန်၊ ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုများ၏ အရည်အသွေးနှင့်လုံခြုံစိတ်ချရမှုကိုအာမခံနိုင်ရန်၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်သွားရန်၊ ခရီးသွားလုပ်ငန်းဆိုင်ရာပညာရပ်များ တိုးတက်ထွန်းကားစေ၍ အလုပ်အကိုင်အခွင့်အလမ်းများနှင့် လူသားအရင်းအမြစ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ တာဝန်ယူမှုရှိသောခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေပြီး ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုအထောက်အကူဖြစ်စေရန်၊ ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များအား လေ့လာပြုစုသည့်ခရီးသွားလုပ်ငန်းတွင် လက်တွေ့ပါဝင်ဆောင်ရွက်သူများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းပြီး နေပြည်တော်တွင် ယခင်ခရီးသွား များလည်ပတ်ရာ ခရီးစဉ်ဒေသ ၃၄ ခုရှိရာမှ ခရီးစဉ်ဒေသအသစ် လေးခုဖော်ထုတ်နိုင်ခဲ့သည့်အတွက် ယခု ခရီးစဉ်ဒေသစုစုပေါင်း ၃၈ နေရာဖော်ထုတ်ထားရှိပြီး အဆိုပါ ခရီးစဉ်နေရာများသို့ ပြည်တွင်း/ပြည်ပခရီးသွားများ လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)

No comments:

Post a Comment