နေပြည်တော် စက်တင်ဘာ ၆
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများရွေးချယ်ရေး၊ လေ့ကျင့်ရေး၊ သင်ကြားရေးဆိုင်ရာ လုပ်ငန်းများအပေါ်အဓိကထား၍ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ အဖွဲ့၏ကွပ်ကဲမှုအောက်ရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်သည် မြန်မာနိုင်ငံတွင်တစ်ခုတည်းသော ဝန်ထမ်းတက္ကသိုလ်ဖြစ်ပြီး မြန်မာနိုင်ငံ၌ရှိသည့် ဝန်ထမ်းအဖွဲ့အစည်းအားလုံးရှိ နိုင်ငံ့ဝန်ထမ်းအားလုံးကဏ္ဍအလိုက်၊ အဆင့်အလိုက်လုပ်ငန်းများကို မှန်မှန်ကန်ကန်လုပ်ဆောင်ပြီး နိုင်ငံ့အကျိုးကိုရှေးရှု၍ ပြည်သူလူထုကို အလုပ်အကျွေးပြုကြရန် လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်ပါကြောင်း၊ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က ပြောကြားသည်။
ဆက်လက်၍ ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက လေ့ကျင့်သင်ကြားပေးရာတွင် ဝန်ထမ်းအားလုံးအဆင့်အလိုက်၊ ကဏ္ဍအလိုက် ဝန်ထမ်းလုပ်ငန်းများကို ပြည်သူအကျိုးပြု ဆောင်ရွက်ရန်ဖြစ်သည်ကို တာဝန်ရှိသူများက စွဲစွဲမြဲမြဲမှတ်သားကြစေလိုကြောင်း၊ ရာထူးဝန်အဖွဲ့၏ရွေးချယ်ရေး လုပ်ငန်းစဉ်သည်လည်း နိုင်ငံတော်အစိုးရယန္တရားလည်ပတ်မှု ပိုမိုကောင်းမွန်စေရေး၊ ရုံးလုပ်ငန်းများတွင် ခါးဆက်မပြတ်ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်ချက်များ ထားရှိဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါ ပြည်ထောင်စုရာထူးဝန် အဖွဲ့၏ အဓိကလုပ်ငန်းတာဝန်ဖြစ်သော ရွေးချယ်ခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်း လုပ်ငန်းများ အောင်မြင်စေရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ကျင်းပခြင်းဖြစ်ရာ အစည်းအဝေးတွင် ချမှတ်ထားရှိ သောလုပ်ငန်း Guideline အပေါ်ဦးတည်၍ဆွေးနွေးရန် လိုအပ်ပါကြောင်း၊ အဖွဲ့၏ရည်မှန်းချက်လုပ်ငန်းများအပေါ် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အုပ်ချုပ်မှုပိုင်းဆိုင်ရာ/ သင်ကြားမှုပိုင်းဆိုင်ရာ လိုအပ်သည့်ပံ့ပိုးမှုများကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အစည်းအဝေးတင်ပြချက်များ၊ ဆွေးနွေးဆုံးဖြတ်ချက်များကိုလည်း တစိုက်မတ်မတ်ဖြင့် မယိမ်းမယိုင် လိုက်ပါဆောင်ရွက်ရန်၊ စွဲမြဲစွာဆောင်ရွက်ရန်လိုကြောင်းမှာကြားပြီး ရှေ့ဆက်လက်ဆောင်ရွက်မည့် လျာထားလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည့်ဝစွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ အတွက် လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးမှာကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီနှင့် ဦးသန်းဝင်း၊ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များမှ ပါမောက္ခချုပ်များက ၂၀၂၃ - ၂၀၂၄ ခု ဘဏ္ဍာနှစ် ပထမလေးလပတ်ကာလအတွင်း လုပ်ငန်းများကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment