ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)
မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ်ကြီးအပြီး စစ်ပြီးခေတ်က စာမတတ်သူ ၆၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ဒီကိန်းဂဏန်းဟာ ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ သိသူအလွန်နည်းပါးခဲ့ပါတယ်။ ၁၉၆၃-၆၄ ခုနှစ် ဝန်းကျင်လောက်က ဆရာအတတ်သင်ပညာရေးအထူးအရာရှိ ဆရာကြီးဦးသံဗျင်ရဲ့ နိုးကြားတိုက်တွန်းချက်ကြောင့် မြန်မာနိုင်ငံအနေနဲ့ ၁၉၆၄ ခုနှစ် ကျောင်းပိတ်ရက်ကာလ စာမတတ်သူ ပပျောက်ရေးလုပ်ငန်းကို မူလတန်းဆရာဖြစ်သင်တန်းမှ စေတနာ့ဝန်ထမ်း လုပ်အားပေး (၁) မောင်စန်းမောင်၊ (၂) မောင်အောင်သန်း၊ (၃) မောင်သိန်းနဲ့ (၄) အလယ်တန်း ဆရာဖြစ်သင်တန်းမှ မောင်သန်းရှိန်တို့ဟာ မိတ္ထီလာခရိုင် သဖန်းစံပြကျေးရွာက စာမတတ်တဲ့ သက်ကြီးရွယ်အိုတွေကို စာသင်ပေးတဲ့လုပ်ငန်းကို စတင်ခဲ့တယ်။ ဒီ ‘အ’ သုံးလုံးကျေသင်တန်းကို တစ်လတာ နာရီ ၈၀ အတွင်း ဆောင်ရွက်နိုင်တာမို့ သမိုင်းတွင်ခဲ့ပါတယ်။
ဒီအကြောင်းခြင်းရာတွေကို ကြားဖူးနားဝရှိခဲ့ပေမယ့် ယခုနှစ်ဩဂုတ်လကုန်လောက်မှာ မြန်မာ့အလင်းသတင်းစာနဲ့ ကြေးမုံသတင်းစာမှာ ဒေါက်တာမောင်သင်းရေးသားတဲ့ “မြန်မာ့စာတတ် မြောက်ရေးသမိုင်းအစ မိတ္ထီလာခရိုင်က” စာတတ်မြောက်ရေး အထိမ်းအမှတ်ဆောင်းပါးကို ဖတ်လိုက်ရတဲ့အခါ - “ဟာ ဒို့နယ်ကစခဲ့တာပါလား။ စာမတတ်သူတွေ ရှိနေပါလား” လို့ အံ့အားသင့်ခဲ့ရပါတယ်။ မိတ္ထီလာခရိုင်က စာတတ်မြောက်ဖို့ သက်ကြီး၊ သက်လတ်၊ ပျိုအိုမရွေး စိတ်အားထက်သန်ပြီး ဆောင်ရွက်ခဲ့ပါလားလို့ ဂုဏ်ယူရပါတယ်။ တစ်ဦးနဲ့တစ်ဦး နှုတ်အားနဲ့ပြောဆိုတတ်ခြင်းဟာ တစ်နေ့တာကိစ္စတွေလောက်၊ ဈေးဝယ်ရုံလောက်၊ ကျောင်းကန်ဘုရား သွားရင်လည်း မေးထူးခေါ်ပြောအဆင့်ပဲဖြစ်ပါတယ်။
ဝ၊ ထ၊ က၊ လ၊ သ
အရေး၊ အဖတ်၊ အတွက်ကိုပင် လက်လှမ်းမမီသူတွေ ရှိနေပါလား၊ ဒီပြဿနာကို လွယ်လွယ်နဲ့ မြန်မြန်ဘယ်လိုဘယ်ပုံ ဖြေရှင်းခဲ့သလဲ ဆိုတော့ ဝ၊ ထ၊ က၊ လ၊ သ သင်နည်းစနစ်ကို ဆရာကြီး ဦးသံဗျင်ဦးစီးပြီး တီထွင်အသုံးပြုခဲ့တာကြောင့် ထိရောက်ခဲ့ပြီး သက်ကြီး၊ သက်လတ်ရွယ်အိုတို့ဟာ အလင်းရသွားခဲ့ကြပါတယ်။ စာတတ်မြောက်ရေးလှုပ်ရှားမှုဟာ လူထုရဲ့အရေးတကြီးကိစ္စ၊ စာမတတ်သူ၊ ‘အ’ သုံးလုံးမကျေသူ တစ်ဦးတစ်ယောက်မှ မကျန်ရလောက်အောင် ကောက်သင်းကောက်ပြီး ဆောင်ရွက်တာမို့ အလွန်ပင်မွန်မြတ်လှတဲ့ ပရဟိတလုပ်ငန်းစဉ်လို့တောင် အမည်နာမတပ်လို့ရပါတယ်။ တောင်ပေါ်မြေပြန့် နယ်စွန်နယ်ဖျားထိဖြန့်ကြက်ကာ၊ တောနေလှေအောင်း မြင်းဇောင်းမကျန် မြေလှန်ပြီး ‘အ’ သုံးလုံးကျေလုပ်ငန်းတွေကို တစ်သက်တာကြာ သင်ကြားသင်ယူခြင်း(Lifelong learning) စနစ်ဖြင့် ဆောင်ရွက်နေရဦးမှာ ဖြစ်ပါတယ်။
လသာသာ ကမလား
“လသာသာ ကမလား” ကို အသံလည်းထွက်၊ ရေးတတ်လာတော့ သက်ကြီးရွယ်အိုများ ဖြစ်လင့်ကစား ငယ်မူငယ်သွေးပြန်ကာအပြုံး မျက်နှာကိုယ်စီရှိနေကြမှာကိုတွေးပြီး မြင်ယောင်မိပါတယ်။ ညအခါ “လသာသာ၊ ကမလား” ပျော်ပျော်မြူးမြူး ကကြစို့လား၊ တောင်ယာလယ်လုပ်နဲ့ တစ်နေ့တာပင်ပန်းနွမ်းနယ်မှုကို ညချမ်းအချိန်မှာ အပန်းဖြေနိုင်ဖို့အထိ ‘အ’ သုံးလုံးသင်တန်းက လမ်းပြလိုက်တာဖြစ်ပါတယ်။
လူ့ဘဝမှာ အလုပ်ကိုပဲသဲကြီးမဲကြီးနဲ့ ငွေနောက်လိုက်နေဖို့မဟုတ်၊ သဘာဝတရားရဲ့ အလှအပ၊ ပကတိအတိုင်း သာယာနာပျော်ဖွယ်၊ ကြည်နူးဖွယ်တွေ ရှိနေကြောင်း၊ တရားနဲ့သတိကပ်နေဖို့ စာတတ်မှ၊ ရေးတတ်၊ မှတ်တတ်၊ ဆည်းပူးတတ်မှ ကိုယ့်ဘဝမိသားစုဘဝဟာ သာယာဝပြောပါလိမ့်မယ်။ ဖတ်တတ် ရေးတတ် တွက်ချက်တတ်ပြီဆိုရင် ဗဟုသုတစုံ၊ အမြင်ကျယ်ကာ မိမိဘဝ မိသားစုဘဝ လုံခြုံမှုဟာ တစ်သက်တာထိ တာသွားတာမို့ ဒီ ‘အ’ သုံးလုံးလှုပ်ရှားမှုကြီးဟာ သမိုင်းတွင်ခဲ့တာဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ နီးပါး ကြာခဲ့ပြီးဖြစ်တဲ့တိုင် အောက်မေ့ဖွယ်ရာ ပညာရေးလှုပ်ရှားမှုကြီးအဖြစ်သာမက ယနေ့တက္ကသိုလ်ကောလိပ်နဲ့ အခြေခံကျောင်းများ ကျောင်းပိတ်ရက်ကာလမှာ စာတတ်မြောက်ရေးလုပ်အားပေးလုပ်ငန်းဟာ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်လို့ တိုင်းပြည်နဲ့လူမျိုးအတွက် ပညာဒါနအလှူမင်္ဂလာပွဲကြီးပဲ ဖြစ်ပါတယ်။
ကနဦးတာထွက်ခဲ့သော စေတနာ့ဝန်ထမ်း ဆရာငယ်လေးဦးမှသည် နှစ်အနည်းငယ်အတွင်း ဆရာဆရာမပေါင်း ကိုးသိန်းနီးပါးတို့က တစ်တိုင်းတစ်ပြည်လုံး နေရာအနှံ့အပြား သင်ကြားပေးခဲ့တာကြောင့် ၁၉၈၈ ခုနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ စာတတ်မြောက်မှု ၉၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ယခု (၂၁) ရာစု အစောပိုင်းမှာပင် စာတတ်မြောက်မှုဟာ ၉၈ ရာခိုင်နှုန်းအထိရှိလာပြီး ရာနှုန်းပြည့်ဖြစ်ဖို့ အစိုးရ-ပုဂ္ဂလိကတို့က သွက်သွက်လက်လက် ထက်ထက်မြက်မြက်၊ အမြော်အမြင်ရှိရှိနဲ့ ဆောင်ရွက်ကြပါစို့ ၊ ဆင်နွှဲကြပါစို့ဟု တိုက်တွန်းလိုပါတယ်။
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်
၂၀၁၉ ခုနှစ် ကုလသမဂ္ဂရဲ့စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ၂၀၃၀ အစီအစဉ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် ၁၇ ချက် (17 Sustainable Development Goals Report 2019) နဲ့ စပ်လျဉ်းတဲ့အစီရင်ခံစာအရ “ကလေးအရွယ်မှ လူလတ်ပိုင်းရောက်နေသော ၆၁၇ သန်းသော လူတို့သည် စာကောင်းကောင်းမဖတ်တတ်၊ ဂဏန်းသင်္ချာမတွက်တတ်ဘဲဖြစ်နေကြပါတယ်။ ကမ္ဘာ့ကလေးငယ်တစ်ဝက်ကျော်ဟာ အဖတ်(Reading)နဲ့ အတွက်(Mathematics)ကို မမီနိုင်ဘဲဖြစ်နေကြောင်း” သိရပါတယ်။
- ကမ္ဘာ့လူဦးရေ သန်း ၇၅၀ ရှိ လူကြီးတို့ဟာ စာမတတ်၊ သန်း ၅၀၀ သော အမျိုးသမီးကြီးများလည်း စာမတတ်ဖြစ်နေကြ၊ အသက် ၆-၁၇ နှစ် လူငယ် ၅ ဦးရှိရင် တစ်ဦးဟာ ကျောင်းမတက်နိုင်ဘဲ ဖြစ်နေကြောင်း၊ ပညာရေး၊ အလုပ်ခွင်မှာ သို့မဟုတ် လေ့ကျင့်မှုမှာမရှိဘဲ အဟောသိကံ ဆုံးရှုံးမှုဖြစ်နေကြောင်း၊
- အသိပညာ၊ အတတ်ပညာ အခြေပြုတဲ့၊ ကျွမ်းကျင်မှုကို အခြေပြုတဲ့၊ အရည်အချင်း မြင့်မားမှုကို အခြေပြုတဲ့ လူ့စွမ်းအားအရင်းအမြစ်နည်းပါးတဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားမှာ တစ်ရာခိုင်နှုန်းလောက်သော လူနည်းစုသာ ဝင်ငွေများများစားစား ရရှိကြကြောင်း၊
- ရာသီဥတု ဖောက်ပြန်မှုကြောင့် ဆက်စပ်ယှက်နွှယ်ဖြစ်ပေါ်လာတဲ့ ဘေးဒုက္ခတို့ဟာ ဆင်းရဲနွမ်းပါးသူ၊ ပြောရမယ်ဆိုရင် ‘အ’ သုံးလုံးမကျေသူတို့အပေါ် ပိုပြီးသက်ရောက်ခဲ့ကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ တွေ့ရပါတယ်။
စာတတ်မှ ဖတ်တတ်မယ်၊ ရေးတတ်မယ်၊ အမြင်ကျယ်ကျယ်နဲ့ ဆွေးနွေးညှိနှိုင်းစွမ်းပိုရှိလာပါမယ်။
မြန်မာနိုင်ငံအတွက် စာမတတ်သူ၊ အရည်အသွေးမီ အရည်အသွေးရှိ ပညာရေးပန်းတိုင် (Quality Education) ကို
ဆက်လက်ဆောင်ရွက်နေရဦးမှာ ဖြစ်ပါတယ်။
ပညာရေးညီလာခံ(၂၀၂၃)
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်ပါအတိုင်း အထောက်အထားများနဲ့ အမှာစကား မြွက်ကြားခဲ့ပါတယ်။
- “ယနေ့အချိန်အခါမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်နိုင်ရန် ဘက်စုံပညာရေး ကဏ္ဍမြှင့်တင်ရေးကိစ္စကို အလေးထားဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အုတ်မြစ်ဖြစ်ပါကြောင်း၊ ပညာတတ်များအသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များနှင့်သာ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ပညာမတတ်သည့် နိုင်ငံသားများပြီး ပညာရေးနိမ့်ကျသည့်နိုင်ငံသည် အမှန်တကယ်မတိုးတက်နိုင်ဟု လက်ခံထားကြပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာကို အဓိကတည်ဆောက်ကြရပါကြောင်း။
- “ပညာရေးဝန်ကြီးဌာန၏ ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း မှတ်တမ်းများနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်အထက်လူဦးရေ တစ်နည်းအားဖြင့် အလုပ်လုပ်နိုင်သူ ၂၂ ဒသမ ၉ သန်းအနက် တစ်ဝက်ခန့်သာ အလယ်တန်းအဆင့်ပညာ တတ်မြောက်မှုသာရှိကြောင်း၊ နိုင်ငံလူဦးရေ ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ပြီး ၎င်းတို့အနက် အသက် ၁၅ နှစ် အထက် ၄၅ ရာခိုင်နှုန်းသည် စိုက်ပျိုးမွေးမြူရေး အသက်မွေးဝမ်းကျောင်း၊ ၉ ဒသမ ၅ ရာခိုင်နှုန်း သည် ကုန်ထုတ်လုပ်ငန်းတွင် ပါဝင်ကြောင်း၊ ၎င်းတို့သည် စက်မှုစိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံကောင်းများရှိရန် မဖြစ်မနေလိုပါကြောင်း၊ စက်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် သက်မွေးပညာသင်တန်းများ ပိုမိုတက်ရောက်နိုင်ရန် လမ်းဖွင့်ပေးကြရမည်ဖြစ်ပါကြောင်း၊”
- “အသက် ၃ နှစ်မှ ၅၀ နှစ်အတွင်း လူဦးရေ၏ ကျောင်းဆက် မတက်ရခြင်း အဓိကအကြောင်းရင်းမှာ မကျန်းမာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ မသန်စွမ်းခြင်းကြောင့် ၁ ဒသမ ၉ ရာခိုင် နှုန်း၊ ကျောင်းထားရန် ငွေမတတ်နိုင်သည်မှာ ၂၁ ဒသမ ၅ ရာခိုင်နှုန်း၊ အိမ်အလုပ်ကူရသည်မှာ ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းကူရသည်မှာ ၇ ဒသမ ၂ ရာခိုင် နှုန်း၊ စာမေးပွဲကျခြင်း၊ စာမလိုက်နိုင်ခြင်းနှင့် စိတ်ဝင်စားစရာ မကောင်းသည်မှာ ၁၂ ဒသမ ၂ ရာခိုင်နှုန်း၊ ကျောင်းက ဝေးလွန်းသည်က ၄ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်နေသည်ကိုတွေ့ရပါကြောင်း၊ အဆိုပါအချက်များအရဆင်းရဲမွဲတေမှုကြောင့် ဖြစ်သည်မှာ အများစုဖြစ်နေပါကြောင်း၊ ကျောင်းတက်သူ ဦးရေတိုးတက်ရေး၊ အတန်းကူးပြောင်းမှုနှုန်း မြင့်မားရေးကို အဟန့်အတားဖြစ်စေသည့် အကြောင်းရင်းများကို ယခုကျင်းပသည့် ပညာရေးညီလာခံကြီးတွင် အဖြေရှာပြီး ဖြေရှင်းပေးကြရမည်ဖြစ်ပါကြောင်း”
အားလုံးအတွက်ပညာရေး… အနာဂတ်ပညာရေး
အားလုံးအတွက်ပညာရေး(Education for All)ကို ပညာရေးဝန်ကြီးဌာနက ငွေကြေးပမာဏ မြောက်မြားစွာနဲ့ အားထုတ်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။ ယှဉ်ပြိုင်မှုကြီးမားတဲ့(၂၁) ရာစုခေတ်မှာ ကျွမ်းကျင်လူ့စွမ်းအားအရင်းအမြစ် ရှားပါးခြင်း၊ စီမံခန့်ခွဲကြီးကြပ်မှုစွမ်းရည်မှာ အကန့်အသတ်ရှိနေခြင်း၊ မြန်မာနိုင်ငံ ရုံးအဖွဲ့အစည်းများမှာပင် စီမံခန့်ခွဲနိုင်စွမ်း အားနည်းနေခြင်းတွေကို တွေ့ရပါတယ်။
လူ့သမိုင်းစဉ်တစ်လျှောက်လုံးမှာ ပညာရေးဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရင်းအမြစ်ဖြစ်ခဲ့ပါတယ်။ နိုင်ငံနဲ့လူမျိုးရဲ့ အသက်ဝိညာဉ်ဟာ ပညာရေးပဲ။ ပညာရေးဟာ အခြေခံပဲဖြစ်ဖြစ်၊ အဆင့်မြင့်ကဏ္ဍ မှာပဲဖြစ်ဖြစ် နိုင်ငံနဲ့လူမျိူးတစ်မျိုးသားလုံး ရှင်သန်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူ့ဘောင်ရဲ့ ညီညွတ်မှုတည်ငြိမ်အေးချမ်းမှုရဲ့ အရင်းခံလဲဖြစ်ပါတယ်။
ပညာရေးဟာ တစ်ကမ္ဘာလုံး၊ ဝေဖန်သုံးသပ်နိုင်ခြင်း၊ တီထွင်ကြံဆဖန်တီးပေးနိုင်ခြင်း လေ့လာစရာနယ်ပယ်သစ်တွေဘက်ကို ရွေ့လျားနေတဲ့ ပညာရေးစနစ်ကြီး ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေရဲ့ ဗဟိုချက်မဟာ ဆရာပါပဲ။ ဆရာဟာ အလွန်အားထုတ်ပေးရမယ့်နေရာမှာ ရောက်ရှိနေပါတယ်။ ဆရာဆိုတာအသိဉာဏ်ကို မြှင့်တင်ပေးတယ်။ ကျွမ်းကျင်မှုအတတ်အညာ အရည်အသွေးတွေ မြှင့်တင်ပေးတယ်။ ဗြဟ္မစိုရ်တရား ထွန်းကားအောင် လုပ်ပေးတယ်။ စိတ်ဓာတ်ရေးရာ ပြုပြင်ပေးတယ်။ လူ့ဘဝမှာ လူသားအချင်းချင်း ချစ်မြတ်နိုးအောင် လုပ်ပေးနိုင်တယ်။
မျိုးဆက်သစ်ကျောင်းသူ၊ ကျောင်းသားနဲ့ Life Long Learning Society မှာ ပါဝင်သူ မှန်သမျှဟာ ပညာရေးရဲ့ ဗဟိုချက်မပါပဲ။ လူ့စွမ်းအားအရင်းအမြစ်ကို ဖန်တီးပေးနေရတဲ့ ဆရာဟာ ခေတ်နောက်ကျနေခဲ့ရင် မြန်မာ့ပညာရေးမြှင့်တင်မှုဟာ မျှော်လင့်ချက်မရှိနိုင်ပါဘူး။ သူမွေးထုတ်ပေးလိုက်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဟာလဲ ဘယ်နည်းနဲ့မှ အနာဂတ်ကို ရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ‘အ’ သုံးလုံးကိစ္စ၊ ကြက်ခြေနီကိစ္စ၊ ဒေသအတွက် လူငယ်တွေရဲ့ ပါဝင်မှု အခန်းကဏ္ဍကိုလဲ ဆရာ ဆရာမများနဲ့အတူတကွ ဆောင်ရွက်ပေးကြရဦးမယ်၊ ဘာကြောင့်ပါလဲ။
ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ပဲ။ စာတတ်မှ၊ ပညာတတ်မှ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ်၊ အမှားအယွင်း နည်းမယ်။ လူငယ်တွေရဲ့ ဘဝခရီးတစ်လျှောက်မှာ ဖြောင့်တန်းအောင် လျှောက်လှမ်းနိုင်ဖို့၊ အမှားနဲ့အမှန်ခွဲခြားနိုင်ဖို့၊ အကောင်းနဲ့အဆိုး၊ အကြောင်းနဲ့အကျိုးကို မျိုးဆက်သစ်များရဲ့ ပညာရည်မြင့်မားဖို့လဲ မျက်ခြည်မပြတ်အား ထုတ်ကြရမယ်။ တစ်ဦးနဲ့တစ်ဦး တန်ဖိုးထားလေးစားမှု၊ ရိုးသား ဖြူစင်မှု၊ အမျိုးချစ်စိတ်နိုင်ငံချစ်စိတ်ရှိတဲ့ စည်းကမ်းရှိတဲ့ နိုင်ငံသားများ အနည်းဆုံးဖြစ်သွားစေရပါမယ်။ လက်ကြောမတင်းတဲ့ လူလတ်လူကြီးတွေ ဖြစ်လာမှာကို ကြိုတွက်တတ်ရပါမယ်။ မိမိနေအိမ် ရပ်ရွာဒေသကို ကောင်းသထက်ကောင်းအောင် တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်း လူထုလိုအပ်ချက်၊ စက်ရုံတွေလိုအပ်ချက်၊ တစ်ဦးကိုတစ်ဦး ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဖြည့်ဆည်းသွားကြရမှာဖြစ်ပါတယ်။ ထူးချွန်ပြောင်မြောက်တဲ့ တီထွင်ကြံဆနိုင်တဲ့လူ မဖြစ်လင့်ကစား၊ စိတ်ထားမြင့်မြတ်တဲ့ မေတ္တာတရားရှိတဲ့လူတော့ အနည်းဆုံးဖြစ်သွားစေရပါမယ်။
တစ်မိသားစုမှသည် တစ်နိုင်ငံလုံးအထိ သာယာဝပြောဖို့ဆိုရင် အားလုံးအတွက် ပညာရေး (Education for All) ၊ အားလုံးအတွက် သိပ္ပံပညာရေး (Science for All) ထိ မမှိတ်မသုန် ချီတက်ရပေလိမ့်မယ်။ ယနေ့နေထိုင်ရာ ကမ္ဘာကြီးလည်း ငြိမ်းချမ်းသာယာလာပေ လိမ့်မယ်။ ဤကမ္ဘာကြီးလည်း အဓွန့်ရှည်စွာ၊ ကျန်းမာသန်စွမ်း နေပါလိမ့်မယ်။
တစ်နေ့တစ်လံ ပုဂံမရွေ့
မြန်မာစကားမှာ လူများဟာကြံရင်းနဲ့သေ၊ ငှက်များဟာ ပျံရင်းနဲ့သေတယ်လို့ ပြောတတ်ကြပါတယ်။ ဒီစကားဟာ တက်ကြွမှုမရှိ၊ ကြံစည်စိတ်ကူးရုံသက်သက်ပဲ၊ အလားအလာနည်းပြီး စိတ်ကုန် လူပန်းရမယ့် ကိစ္စပဲလို့ ထင်မြင်စရာ စကားဖြစ်နေပါတယ်။ ငှက်များလိုပဲ ပျံသန်းရင်း၊ မိမိနေအိမ်ရပ်ရွာဒေသကို တို့တစ်တွေဟာ ကောင်းသထက်ကောင်းအောင် တည်ဆောက်ကြရမှာ ဖြစ်တယ်။ ဟော်လန်စကားပုံကတော့ ဘုရားသခင်က ‘‘ငှက်များစားဖို့ တီကောင်ကို ဖန်ဆင်းပေးသော်လည်း ပါးစပ်ထဲကိုတော့ ထည့်မပေးပါဘူး’’ တဲ့။ ပညာရှာရာမှာ ခွံ့ပေးတဲ့ ‘‘Spoon Feeding’’ မဟုတ်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် အားကိုးပါ။ အတ္တာဟိ အတ္တနောနာထောပဲ။ ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့ ကိုယ်တိုင်လေ့လာမှု (Self-study) ကို အားပေးရမယ်၊ ကိုယ်တိုင်လေ့လာမှုကို အားပြုကြရမှာဖြစ် ပါတယ်။
အားလုံးအတွက် သိပ္ပံပညာရေး (Science for all)
ကျွန်တော်တို့ လူထုအတွင်း နိစ္စဓူဝကိစ္စ ကိစ္စကြီးငယ်လုပ်ကြရာမှာ သိပ္ပံပညာဆိုတာဘာလဲဆိုတာကို ကောင်းကောင်းနားမလည် ခြင်းပဲဖြစ်တယ်လို့ ပြောကြပါတယ်။ သိပ္ပံဆိုတာ သိပ္ပံပညာရှင်တို့ လုပ်တဲ့ အလုပ်လို့ ပြောလေ့ရှိပါတယ်။ ကျွန်တော်တို့တစ်တွေ သိပ္ပံဓာတ်ခွဲခန်းတစ်ခုကို စိတ်ကူးနဲ့စဉ်းစားကြည့်တဲ့အခါ ထိန်လင်းနေတဲ့ အခန်းကြီးထဲမှာ အဖြူရောင်ဓာတ်ခွဲခန်း ဝတ်ရုံကိုဝတ်၊ စမ်းသပ် ဖန်ပြွန်ထဲက ရောင်စုံဖြစ်ပေါ်နေတာတွေကိုကြည့်၊ မိုက်ခရိုစကုပ် ရှေ့မှာထိုင်ပြီး ကြည့်လိုက်၊ တန်ဖိုးကြီးမားလှတဲ့ စက်ကိရိယာကြီးတွေ ရှေ့မှာထိုင် သဲကြီးမဲကြီး တိုင်းတာတွက်ချက် အလုပ်လုပ်နေတဲ့ လူသားတစ်ယောက်လို့ မြင်လေ့ရှိပါတယ်။ သုတေသနတွေ့ရှိချက်တွေ၊ ထပ်ဆင့် တီထွင်ဆန်းသစ်မှုတွေဟာ လူ့ယဉ်ကျေးမှုကြီးဖြစ်ပေါ်ပုံမှာ စိတ်ဓာတ်ခွန်အားတွေ ဖြစ်ခဲ့ပါတယ်။ သိပ္ပံနဲ့နည်းပညာ နယ်ပယ်ထဲက သုတေသနတွေကြောင့် လေ့လာမှုရလဒ်တွေကြောင့် ထွန်းကားလာ မှုဟာ သဘာဝတရားရဲ့နိယာမတွေကို ပိုနားလည်လာပြီး လူသား ကောင်းကျိုးအတွက် အသုံးချနိုင်မှုတွေ ရရှိတာဖြစ်ပါတယ်။
သယံဇာတနှင့် သိပ္ပံပညာ
သယံဇာတမရှိတဲ့ စင်ကာပူနိုင်ငံဟာလွန်ခဲ့တဲ့ နှစ် ၇ဝ-၈ဝ က ဆင်းရဲခဲ့ပါတယ်။ ဥရောပ၊ အမေရိကန်၊ ဂျပန်လူမျိုးတွေဟာ ကျောင်းတက် ပညာသင်တာ၊ စဉ်းစားဆင်ခြင်နိုင်ဖို့၊ အမြော်အမြင် ရှိဖို့၊ ကျွမ်းကျင်မှု အဖုံဖုံရှိဖို့ဖြစ်ခဲ့တယ်။ ဥရောပတစ်ခွင်မှာ လက်တွေ့ပါတဲ့အခြေခံသိပ္ပံ (Basic Science) ကို အခြေချနိုင်ခဲ့တယ်။ ၁၈၄ဝ ပြည့်နှစ်ရောက်တော့ စက်မှုထွန်းကားဖို့ကိစ္စမှာ အခြေခံသိပ္ပံပညာတွေဟာ အကြောင်းတရားပဲ ဖြစ်ခဲ့ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ အဆင့်မြင့်နည်းပညာကျွမ်းကျင်သူ သန်း ၂၀ ကျော် မွေးထုတ်ခဲ့ပါတယ်။ ဒီအင်အားစုနဲ့ လူမှုရေး၊ ပညာရေး၊ စီးပွားဖွံ့ဖြိုးရေးတိုးတက်ရာတိုးတက်ကြောင်း မောင်းနှင်နိုင်တာကို တွေ့ရပါတယ်။ ဒီအင်အားစုဟာ အရှေ့တောင်အာရှကို လွှမ်းလာတာ တွေ့ရပါတယ်။ ဂျပန်နိုင်ငံကတော့ ပြောဖွယ်ရာမလိုတော့ပြီ။ မြန်မာနိုင်ငံ လူဦးရေထက်များတဲ့ ၆၇ သန်းသော အဆင့်မြင့်နည်းပညာ ကျွမ်းကျင်သူအပေါင်းနဲ့ ကမ္ဘာရဲ့နယ်ပယ်အသီးသီးမှာ ထဲထဲဝင်ဝင် ပါဝင်နိုင်တာကို တွေ့ရပါတယ်။ ဒီကိစ္စတွေဟာလဲ ‘‘တစ်နေ့တစ်လံ ပုဂံမရွေ့’’ ဆိုသလို နေ့စဉ် လစဉ် နှစ်စဉ် အားထုတ်မှဖြစ်ပါတယ်။ မြန်မာတွေ အဆင့်မြင့်နည်းပညာ တတ်ကျွမ်းသူလူ့စွမ်းအားအရင်း အမြစ်တိုးတက်ဖို့ အားထုတ်ကြရပါလိမ့်မယ်။
သာမန်လူတို့နှင့် သိပ္ပံသဘောနားလည်သူတို့
သိပ္ပံပညာဟာ အရာခပ်သိမ်းဆုံစည်းရာ အဆက်အစပ်အကျိုးအကြောင်းရှိတဲ့ ကိစ္စတွေကို လေ့လာခြင်းဖြစ်တယ်။ သိပ္ပံပညာရှင်တို့ဟာ သမားရိုးကျအပေါ်ယံရှပ်ပြီး ရှင်းလင်းလေ့မရှိပါဘူး။ အဖြေကိုသံသယရှိကြတယ်။ လွယ်လွယ်ကူကူ ယုံကြည်လေ့မရှိဘူး။ ဒီမှာတင် သာမန်လူနဲ့ သိပ္ပံသဘောနားလည်သူတို့ ကွာခြားသွားပါပြီ။ သူတို့ဟာ စူးစမ်းဆောင်ရွက်လိုစိတ်ပြင်းပြကြတယ်။ အထောက်အထား အချက်အလက်တွေစုဆောင်းပြီး ဘက်ပေါင်းစုံရှုထောင့်စုံကနေ ဂရုတစိုက်စိစစ်လေ့ရှိတယ်။
သူတို့ရဲ့စိတ်ကူးအတွေးအခေါ်ကို တရားသေဆုပ်ကိုင်လေ့မရှိဘူး။ စိတ်ကူးသစ်နဲ့ မှန်ကန်တဲ့အချက်အလက် အထောက်အထားတွေ တွေ့ရှိပါက သူတို့ရဲ့ မူလအတွေးအခေါ်၊ အယူအဆကို ပြောင်းလဲဖို့ ဝန်မလေးဘူး။ ပိုပိုပြီးတိကျမှန်ကန် ခိုင်လုံတဲ့အထောက်အထား အချက်အလက်တွေနဲ့ မိမိဝန်းကျင်လူမှုရေး၊ စီးပွားရေးအဖြစ်သနစ်တွေကို ပုံဖော်ပြီးရှင်းလင်းပြတတ်ကြတယ်။
မြန်မာနိုင်ငံကတော့ “အားလုံးအတွက် သိပ္ပံပညာရေး” မလုပ်နိုင်လောက်သေးဘူးလို့ ပြောရပါလိမ့်မယ်။ ပညာတတ်ရင် သိပ္ပံနဲ့နည်းပညာတတ်ကျွမ်းရင် မိသားစုကို ထိန်းနိုင်လောက်မယ်။ သိပ္ပံနဲ့နည်းပညာတိုးတက်မှု ကိုယ်နှိုက်ကိုက လူနေမှုအဆင့်အတန်း မြင့်မားစေဖို့ ညီညွှတ်မျှတစေဖို့ အခွင့်အလမ်းတွေ ပါဝင်ပါတယ်။ အမေရိကန်တို့ဟာ “Education for all, Science for all” အတွက် ၁၉၆၅ ခုနှစ်မှာ တစ်နိုင်ငံလုံးကို အင်တိုက်အားတိုက် မောင်းနှင်ခဲ့ပါတယ်။ အဏုမြူဗုံးနှစ်လုံးနဲ့ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့တဲ့ဂျပန်တို့ဟာ နည်းပညာရဖို့ ပညာရပ်မြင့်မားမှ ဖြစ်တော့မယ်ဆိုတာ ပိုပြီးသိတဲ့အတွက် လက်မှိုင်မချဘဲ၊ တက္ကသိုလ်၊ ကောလိပ်တွေထဲက ဓနဥစ္စာတွေရှာဖွေပြီး အလုပ်လုပ်တော့တာပဲ။ ဂျပန်က စစ်လျော်ကြေးပေးရဖို့ကိစ္စဟာ တစ်မျိုးသားလုံးရဲ့ အရေးဖြစ်လို့၊ တန်ဖိုးမြင့်ကုန်ချောတွေ ထုတ်ရောင်းချတဲ့နည်းပဲ ရှိတော့တယ်လို့ ဘုရင်မင်းမြတ်က အစ၊ ဂျပန်အစိုးရက ဆင်ခြင်သုံးသပ်ဆောင်ရွက်ခဲ့တယ်။ သိပ္ပံနှင့်နည်းပညာတွေကို ကျောင်းတွေ တက္ကသိုလ်တွေရဲ့ သင်ခန်းစာတွေထဲက စီးပွားဖြစ်အောင် မီးကုန်ယမ်းကုန်ရှာဖွေခဲ့ပြီး ပြာပုံထဲကထခဲ့တယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ “Education for all” နဲ့ လုံလောက်နိုင်ခြင်းမရှိတော့လို့ “Excellence for all” ပြောင်းလဲရတဲ့အထိ ပညာရေးကို ချဉ်းကပ်တာတွေ့ရပါတယ်။ ဒီအထိဘာကြောင့်လုပ်ရသလဲ ဆိုလို့ရှိရင် ဒီခေတ်ရဲ့ ယှဉ်ပြိုင်မှုတစ်ခုလုံးကိုပါဝင်ခွင့်၊ ကြီးစိုးနိုင်ခွင့်ရှိဖို့ မျှော်လင့်ချက်ဟာ ပညာရေးမှာပဲရှိတယ်ဆိုတာ သူတို့သိလို့ပါပဲ။
ဒါကြောင့် မြန်မာပညာရေးဟာ သင်ကြားမှုသက်သက်မဟုတ်၊ ကမ္ဘာအရပ်ရပ်က တွေ့ရှိချက်တွေကို သင်ရုံသက်သက်မဟုတ်၊ တက္ကသိုလ်တွေဟာ မိမိနယ်ပယ်တစ်ခုအတွင်းမှာ ထူးချွန်တဲ့သူ အဆင့်မြင့်ဒီဂရီ၊ ဘွဲ့ရသူတွေ မွေးထုတ်ပေးရုံသက်သက် မဟုတ် တော့ဘဲ တက္ကသိုလ်ပရဝဏ်အပြင်ဘက် စီးပွားရေး ဖွံ့ဖြိုးဖို့၊ လူမှုဘဝ သာယာဝပြောဖို့၊ နည်းပညာမြင့်မားရေးနဲ့ ဝန်ဆောင်မှုကိုမြှင့်တင်ပေးဖို့ ပညာရေးဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍဖြစ်လာပါတယ်။ လူ့အဖွဲ့အစည်းအတွက် အမှန်တကယ်လိုအပ်တဲ့ ကျွမ်းကျင်မှုအရည်အသွေးတွေကို မွေးထုတ်ပေးကြရမှာဖြစ်ပါတယ်။ လူ့စွမ်းအားအရင်းအမြစ်ကို ထုတ်လုပ်ရာမှာ ပုံစံသစ်နဲ့သွားရမှာဖြစ်တယ်။ ပညာရေးဟာ သင်ကြားမှုသက်သက်မဟုတ်။ “Teaching and Learning” သင်ယူလေ့လာမှုနှစ်ခု သဟဇာတဖြစ်အောင် လုပ်ကြရမယ်။
“Independent Learning” လွတ်လွတ်လပ်လပ် သင်ယူမှု၊ အပြောကျယ်တဲ့ လေ့လာမှု၊ ICT နည်းပညာကိုသုံးတဲ့ သင်ကြားသင်ယူမှု၊ လေ့လာမှု၊ တီထွင်ဆန်းသစ်တဲ့ (Innovation) နယ်ပယ် ထဲကိုရောက်အောင် တွန်းတင်ပေးရမှာဖြစ်ပါတယ်။ မိမိကိုယ်တိုင်သင်ယူမှုကို ဇောင်းပေးရမယ်။ တကယ့်ကို မြင့်မြင့်မားမားပညာတတ်မှ၊ တကယ့်ကိုကျွမ်းကျင်မှုဖန်တီးမှုရှိတဲ့ လူ့စွမ်းအားအရင်း အမြစ်များကသာ ဆက်လက်ရှင်သန်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားဖြစ်ထွန်းမှု၊ လူ့ဘောင်ရဲ့ညီညွတ်မှုနဲ့ တည်ငြိမ်အေးချမ်းမှုကို ရှေးရှုနိုင်မှာ ဖြစ်ပါတယ်။
ကောင်းပါပြီ…
အပြင်မှာ ဘာတွေဖြစ်နေသလဲလို့ မြန်မာ့တံခါးကိုဖွင့်ကြည့်တဲ့အခါ ပညာရေး၊ သိပ္ပံနဲ့နည်းပညာဟာ ပိုပြီးအခရာကျတာ တွေ့ရပါတယ်၊၊ ပညာခေတ်မှာ ပညာတတ်၊ အရည်အချင်းပြည့်ဝသူ ဗလငါးတန်ပြည့်ဝသူတို့ကသာ တိုင်းပြည်အပြောင်းအလဲကို ပြုလုပ်နိုင်လိမ့်မယ်။ အရှေ့အနောက်ကိုထိုင်ပြီး မမျှော်လေနဲ့။ ကိုယ့်တိုင်းရင်းသားအပေါင်းက တညီတညွတ်တည်း ကိုယ့်အားကိုယ် အားကိုးကြရမယ်။ ရေရှည်အကျိုးကိုမျှော်ကိုးပြီး မျိုးဆက်သစ်လူငယ် တွေဟာ ပြုံးပန်းတွေနဲ့အတူမြန်မာတို့ရဲ့ အနာဂတ်ပညာရေးခရီးကို ဆက်လျှောက်ကြရမှာဖြစ်ပါကြောင်း မေတ္တာဖြင့် ရေးသားအပ်ပါတယ်။
No comments:
Post a Comment