Thursday, September 7, 2023

ကျွန်မတို့ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်တွေအတွက် ဗဟုသုတများစွာရရှိစေမယ့် ဗုဒ္ဓဝင်ဇာတ်တော်တွေကို ရေးဆွဲထားတဲ့ ပန်းချီကားချပ်တွေ၊ ကျောက်စာရုံစေတီတွေမှာရှိတဲ့ ကျောက်စာချပ်တွေ လေ့လာမှတ်သားစရာတွေ အများကြီးပါ။ ဘုရားကြီးကို ဖူးတွေ့လိုက်ရချိန်မှာ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရတယ်

 


မရည်မွန်အောင် (ဇမ္ဗူသီရိမြို့နယ်)

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသော ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစ၍ အခမဲ့ဖူးမြော်ခွင့်ပြုခဲ့ရာ ယနေ့ (စက်တင်ဘာ ၆ ရက်)အထိ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ထိုသို့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံ တစ်နံတစ်လျား အရပ်လေးမျက်နှာမှ တဖွဲဖွဲ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်းရှင်လူ ဘုရားဖူးပြည်သူများနှင့် တွေ့ဆုံပြီး ၎င်းတို့၏ လာရာအရပ်မတူညီကြသော်လည်း ငြိမ်းချမ်းခြင်း၊ သဒ္ဓါပီတိဖြစ်ခြင်း၊ ကျေနပ်ခြင်းအပြင် ဝမ်းမြောက် ဝမ်းသာစကားသံများကို ပြန်လည်ရေးသားမျှဝေ လိုက်ရပါသည်။

ဆရာတော် ဦးဒေါန (ရေတာရှည်မြို့)

ဦးဇင်းကတော့ ရေတာရှည်မြို့ ရွှေဂူပုဂံတောင် မိုးကုတ်ဓမ္မရိပ်သားကျောင်းတိုက်ကပါ။ ဒါယကာ၊ ဒါယိကာမတွေနဲ့အတူ လာရောက်ဖူးမြော်တာပါ။ ဘုရားကြီးကို လာရောက်ဖူးမြော်သူတွေလည်း အမြောက်အမြားတွေ့ရတယ်။ အခုတော့ နေနည်းနည်းပူတဲ့အတွက် ဘုရားဖူးပရိသတ်တွေနည်းတယ်လို့ထင်ရတယ်။ ဒါပေမယ့် ဂန္ဓကုဋိတိုက်တွေ၊ သုဓမ္မာဇရပ်တွေနဲ့ ကျောက်စာရုံစေတီတွေထဲမှာ နေပူတာကိုခိုလှုံနေတဲ့ ဧည့်ပရိသတ်တွေဒုနဲ့ဒေးပါ။ မနက်ပိုင်းနဲ့ ညနေပိုင်းဆိုရင်တော့ ဘုရားဖူးပရိသတ်တွေ ကြက်ပျံမကျစည်ကားနေတာ တွေ့ရတယ်။ ပြီးတော့ ဘုရားကြီးက ရိုးရိုးကျောက်သားတွေနဲ့ ထုဆစ်ထားတာမဟုတ်ဘူး။ စကျင်ကျောက်နဲ့ ထုဆစ်ပူဇော်ထားတဲ့အတွက် ထူးခြားမှုကတော့ အခြားနေရာတွေနဲ့မတူဘူး။ ဘုရားကြီးက မြန်မာ နိုင်ငံတွင်သာမက ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွေထဲမှာ အကြီးဆုံးဘုရား ကြီးဆိုတော့ ဦးဇင်းနဲ့အတူ ဒါယကာ၊ ဒါယိကာမ အပေါင်းတို့အနေနဲ့လည်း ကြည်ညိုဖွယ်၊ ဗဟုသုတရဖွယ်၊ ဝမ်းမြောက်ဖွယ်၊ ဂုဏ်ယူဖွယ်ကောင်းတယ်။ ဒီအတွက် ဦးဆောင်ဦးရွက်ပြုကြသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ သာဓုလည်းအကြိမ် ကြိမ်ခေါ်ဆိုပါတယ်။ ဦးဇင်းအနေနဲ့လည်း ကမ္ဘာသူကမ္ဘာသား၊ နိုင်ငံသူ နိုင်ငံသားအားလုံး ကပ်ကြီးသုံးပါး ကျော်လွှားပြီး အေးချမ်းပါစေ၊ ငြိမ်းချမ်းပါစေ၊ ကျန်းမာပါစေလို့ ဆုတောင်းထောမနာတွေပို့သပြီးပါပြီ။ ကျောက်စာရုံစေတီ အဆူ ၇၂၀ မှာရှိတဲ့ ကျောက်စာချပ် ၁၄၄၀ ကိုလည်း အကုန်မဟုတ်တောင် အနည်းအကျဉ်းလေ့လာဖတ်ရှုပြီးပါပြီ။ အဲဒီမှာဆိုရင် ပါဠိ၊ ရိုမန် နှစ်ဘာသာနဲ့ ရေးထွင်းထားတာတွေ့ရတယ်။ သပ်သပ်ရပ်ရပ်နဲ့ အင်မတန်မှ ကောင်းမွန်ပါတယ်။ ဒီလိုသာသနာ့အမွေကို မပပျောက်အောင် ထိန်းသိမ်းဆောင်ရွက်ပေးထား တာလည်း ဂုဏ်ယူလေးစားဖွယ်ကောင်းပါတယ်။

ဒေါ်တင်တင်ဝေ (ဒေါပုံမြို့နယ်)

ကျွန်မကတော့ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ကပါ။ ဘုရားကြီးပရိဝုဏ်အတွင်း မုခ်ဦးကနေစဝင် လာကတည်းက ဝမ်းသာပီတိဖြစ်ရတယ်။ ဘုရားကြီးကို ဖူးချင်နေတာတော့ကြာနေပြီ။ အဲဒါကြောင့် မိသားစုနဲ့အတူ လာရောက်ဖူးမြော်တာပါ။ ကျွန်မကတော့ ပထမတစ်ခေါက် လာရောက်ဖူးမြော်ပြီးပါပြီ။ ဒါက ဒုတိယတစ်ခေါက် လာရောက်ဖူးမြော်ခြင်းဖြစ်ပါတယ်။ အရင်တစ်ခေါက်က ရုံးကလိုက်ပို့တာရယ်၊ မိုးကလည်းရွာနေတာရယ်ကြောင့် နေရာအနှံ့ မလေ့လာရသေးဘူး။ ဒီတစ်ခေါက်က မိသားစုနဲ့ဆိုတော့ အချိန်ပေးပြီးလေ့လာမယ်။ ပြီးတော့ လျှောက်ပတ်ဖူးမယ်။ ပထမတစ်ခေါက်တုန်းက ဝင်ကြေးတွေပေး စရာမလိုဘူး။ ဒီတစ်ခေါက်တော့ ဖုန်းတို့၊ ကင်မရာတို့၊ ကားတို့ပါလာပြီး ဘုရားကြီးပရိဝုဏ်အတွင်း ဝင်မယ်ဆိုရင် ဝင်ကြေးပေးရတယ်။ ဒီစက်တင်ဘာ ၄ ရက် မတိုင်ခင်ကတော့ လူဝင်ကြေးပါ ငွေကျပ် ၁၀၀၀ ပေးဆောင်ရမယ်လို့ ထုတ်ပြန်ထားတာ တွေ့ရတယ်။ အခုတော့ လူဝင်ကြေးက အခမဲ့ပါ။ ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်အားလုံးက ဘုရား၊ ကျောင်းသွားရင် ကိုယ်တတ်နိုင်တဲ့ အလှူဒါနတော့ ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ဝင်ကြေးကောက်ခံတဲ့နေရာမှာ ကားတွေကို ဘုရားကြီးပရိဝုဏ်အပြင်ဘက်မှာ ရပ်ထားခဲ့မယ်ဆိုရင် ဝင်ကြေးပေးဆောင်စရာ မလိုပါဘူး။ အပြင်မှာလည်း ကားပါကင်တွေက အကျယ်ကြီးပါ။ ပြီးတော့ လုံခြုံမှုလည်းရှိပါတယ်။ ဖုန်းတွေဆိုရင်လည်း မှတ်တမ်းတွေယူလို့ရတဲ့အတွက် ငွေကျပ် ၁၀၀၀ ဆိုတာ ဈေးတွက်နဲ့တွက်မယ်ဆိုရင် အများကြီးတန်ပါတယ်။ ဒါလည်း အလှူတစ်ခု နေ့စဉ်ပြုနေကြတဲ့ ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေအတွက် အလှူတစ်ခုလိုပဲ သဘောထားမယ်ဆိုရင် ကုသိုလ်ကောင်းမှုတွေ တိုးပွားလာကြမှာပါ။

ဦးစိုးအောင် (လယ်ဝေးမြို့နယ်)

ကျွန်တော်က လယ်ဝေးမြို့နယ်ကပါ။ မာရဝိဇယဘုရားကြီးဟာ ကျွန်တော်တို့ လယ်ဝေးနဲ့ မနီးမဝေးမှာရှိတယ်။ အဲဒီတော့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကပါ စိတ်ဝင်စားရတဲ့ ဒီဘုရားကြီး က ကိုယ့်နိုင်ငံထဲမှာ ရှိနေတာကို ဂုဏ်ယူမိတယ်။ ရပ်ဝေးရပ်နီးက ဧည့်ပရိသတ်တွေကိုလည်း လာရောက်ဖူးမြော်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျွန်တော့်ဆီကိုလာတဲ့ ဧည့်သည်တွေကိုတော့ ရောက်အောင်လိုက်ပို့ပေးတယ်။ အခုဆိုရင် သုံးကြိမ်မြောက် လိုက်ပို့ပေးတာပါ။ ဘုရားပရိဝုဏ်အတွင်းဝင်တဲ့ အခကြေးငွေကောက်ခံ တာနဲ့ပတ်သက်လို့ ပြောရရင် အရင်ကတော့ လူတွေကို ဝင်ကြေးအနေနဲ့ ငွေကျပ် ၁၀၀၀ သတ်မှတ်ထား တယ်လို့သိရတယ်။ အခုတော့ ဝင်ကြေးအခမဲ့နဲ့ ဝင်ရောက်ဖူးမြော်နိုင်ပါတယ်။ ကင်မရာတို့၊ ဖုန်းတို့ ကိုတော့ အခကြေးငွေပေးဆောင်ရတယ်။ ဒါဟာလည်း များတယ်လို့ မယူဆပါဘူး။ ဥပမာပြောရရင် ကမ္ဘောဒီးယားနိုင်ငံက အန်ကောဝပ်ဘုရားကျောင်း တို့ဆိုရင်လည်း ဒီလိုပဲ အခကြေးငွေ ပေးဆောင်ပြီးမှ ဝင်ရတာပါ။ အခြားနိုင်ငံတွေမှာရှိတဲ့ အထင်ကရ နေရာတွေကိုဝင်မယ်ဆိုရင်လည်း ဒီအတိုင်းကောက်ခံတာပဲ။ အဲဒီနိုင်ငံတွေမှာဆိုရင် ဝင်ကြေးက အဆ မတန်မြင့်မားတာတွေ့ရတယ်။ ဒီမှာက များတယ်လို့ မထင်ပါဘူး။ အခြားတစ်ဖက်မှာလည်း ပြုပြင် ထိန်းသိမ်းရမယ့် စရိတ်၊ နောက်တော့ အမှိုက်လိုက် သိမ်းနေရတဲ့ ဝန်ထမ်းတွေ၊ မိုးရွာတော့လည်း ရေမတင်အောင် လုပ်ဆောင်ပေးနေရတဲ့ ဝန်ထမ်းတွေ စတဲ့စတဲ့ အသေးအမွှားကိစ္စလေးတွေကအစ ကုန်ကျစရိတ်ဆိုတာရှိတယ်။ ပြီးတော့ ရေသန့်ဘူးတွေကို အခမဲ့သောက်လို့ရတဲ့နေရာတွေ ပြင်ဆင်ပေးထားတယ်။ အဲဒီတော့ ပေးဆောင်ရတာ အလှူဒါန မြောက်သလို ကုသိုလ်လည်းရတယ်။ အခုတော့ နေက နည်းနည်းရှိန်တယ်။ ဒါပေမယ့် အောက်ကစကျင်ကျောက်ပြားခင်းထားတဲ့အတွက် ခြေထောက် တော့ မပူဘူးပေါ့။ အပေါ်ကို ထီးဆောင်းထားရင် အေးပါတယ်။ ထီးမပါရင်လည်း ဂိတ်ပေါက်မှာ ငှားလို့ရတယ်လို့ ပြောပါတယ်။ အဲဒီတော့ အစစအရာရာ အဆင်ပြေပါတယ်။

ဒေါ်ခင်ချို (ကသာမြို့)

ကျွန်မက စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ကပါ။ သူငယ်ချင်းတွေစုပြီး လာရောက်ဖူးမြော်တာပါ။ ဘုရားကြီးကို ရုပ်မြင်သံကြားမှာပဲ ဖူးမြော်ဖူးတယ်။ ဖူးချင်စိတ်လည်း ဖြစ်နေတာ။ အဲဒီတော့ အားမလိုအားမရ ဖြစ်ရတယ်။ ဒါကြောင့် ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးမြော်တာ။ ကိုယ်တိုင်လက်တွေ့ ဖူးမြော်ရတော့ စိတ်ထဲမှာ ကြည်နူးမှုလည်းဖြစ်တယ်။ ဝမ်းလည်းသာရတယ်။ ကျေနပ်ပီတိလည်း ဖြစ်ရတယ်။ ပြီးတော့ ဒီဘုရားကြီးဖြစ်မြောက်အောင်တည်ဖို့နဲ့ သာသနိကအဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် ဗိသုကာပညာရှင်တွေ၊ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေအားလုံးဟာ မြန်မာနိုင်ငံသားတွေချည်းပဲလို့ သိရတယ်။ အဲဒီအတွက်လည်း ကိုယ့်နိုင်ငံမှာ ဒီလိုပညာရှင်တွေ အမြောက်အမြားရှိပါလားဆိုပြီး အားရကျေနပ်မိပါတယ်။ ဂုဏ်လည်းဂုဏ်ယူမိပါတယ်။ နောက်တော့ ဘုရားကြီးမတည်ခင် စကျင်ကျောက်တုံးကြီးတွေ အဆင့်ဆင့် သယ်ယူတာနဲ့ပတ်သက်လို့လည်း ရုပ်မြင်သံကြားမှာ တစိုက်မတ်မတ် ကြည့်ရှု၊ အားပေး၊ ဖူးမြော်ခဲ့ရတယ်။ အဲဒီကတည်းက ဘုရားကြီးတည်ပြီးသွားရင် သွားဖူးဖြစ်အောင်ဖူးမယ်လို့ သန္နိဋ္ဌာန်ချပြီးသားပါ။ ဘုရားကြီးကို ဖူးမြော်ခွင့်ရတဲ့အတွက် သက်ဆိုင်သူအားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးတင်အောင်ထွန်း (ဒေါပုံမြို့နယ်)

ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ကပါ။ ဘုရားကြီးကို သွားဖူးမယ်၊ ဖူးမယ်နဲ့ ပြင်ဆင်နေတာတော့ကြာနေပြီ။ အကြောင်းအမျိုး မျိုးကြောင့် လာရောက်မဖူးမြော်ဖြစ်ဘူး။ အခုတော့ ဆန္ဒတွေပြည့်ပြီ။ ဘုရားကြီးက သပ္ပာယ်ပြီး ကြည်ညို စရာကောင်းတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် အားလုံး ဘုရားဖူးရတဲ့ ဝမ်းသာပီတိကတော့ ပြောမပြတတ်အောင် ဖြစ်ရပါတယ်။ အခုလို စကျင်ကျောက်နဲ့ ထုဆစ်ထားတဲ့ ကမ္ဘာပေါ်မှာအကြီးဆုံး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုတော့ အခုမှပဲဖူးဖူးတယ်။ ဘုရားကြီးပရိဝုဏ်အတွင်းမှာရှိတဲ့ သာသနိကအဆောက်အအုံတွေ၊ ကြမ်းခင်းတွေကို စကျင်ကျောက်တွေနဲ့ တည်ဆောက်ထားတာကို တော့ အတော်လေး အံ့ဩမှင်သက်ဖြစ်ရတယ်။ ဒီမှာက ထူးထူးခြားခြားတွေ အများကြီးလေ့လာ တွေ့ရှိရတယ်။ ဘုရားကြီးကို တည်ထားကိုးကွယ် ပေးတဲ့ ဦးဆောင်ဘုရားဒါယကာနဲ့ အလှူငွေထည့်ဝင် ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ မဖူးမြော် ရသေးတဲ့ ဓမ္မမိတ်ဆွေအားလုံးကိုလည်း လာရောက်ဖူးမြော်ကြဖို့ တိုက်တွန်းပါရစေ။

မရည်မွန်အောင် (ဇမ္ဗူသီရိမြို့နယ်)

ကျွန်မကတော့ ဇမ္ဗူသီရိမြို့နယ် အထက-၁၁ Grade-10 က ကျောင်းသူပါ။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ခွင့်ရအောင် ကျောင်းကစီစဉ်ပေးပါတယ်။ ဆရာ ဆရာမတွေ၊ သူငယ်ချင်း အားလုံးနဲ့အတူ School Bus စီးပြီး ပျော်ပျော်ရွှင်ရွှင် သိုက်သိုက်ဝန်းဝန်းနဲ့ လာရောက်ဖူးမြော်တာပါ။ ပျော်လည်းပျော်ရွှင်ရသလို ပို့ပေးတဲ့တာဝန်ရှိသူအားလုံးကို ကျေးဇူးလည်းတင်ပါတယ်။ ဒီမှာ ကျွန်မတို့ ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်တွေအတွက် ဗဟုသုတများစွာရရှိစေမယ့် ဗုဒ္ဓဝင်ဇာတ်တော်တွေကို ရေးဆွဲထားတဲ့ ပန်းချီကားချပ်တွေ၊ ကျောက်စာရုံစေတီတွေမှာရှိတဲ့ ကျောက်စာချပ်တွေ လေ့လာမှတ်သားစရာတွေ အများကြီးပါ။ ဘုရားကြီးကို ဖူးတွေ့လိုက်ရချိန်မှာ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားကြီးကသပ္ပာယ်ပြီး ကြည်ညိုစရာကောင်းတယ်။ တစ်ယောက်တည်း လာတာထက်စာရင် သူငယ်ချင်းတွေနဲ့ လာရောက်ဖူးမြော်ရတာကလည်း ပိုလို့ပျော်စရာကောင်းတယ်။ မှတ်သားလေ့လာစရာတွေနဲ့ အမှတ်တရတွေ အများကြီးရခဲ့ပါတယ်။ ဗဟုသုတတွေလည်း ရခဲ့ပါတယ်။ ဗိသုကာလက်ရာတွေလည်း တကယ့်ကိုအံ့မခန်းပါပဲ။ အဲဒီအတွက် အတွေးသစ်၊ အမြင်သစ်တွေလည်း အများကြီးရခဲ့ပါတယ်။

No comments:

Post a Comment